ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့ဟာ တူရကီအော်တိုမန်အင်ပါယာလက်ထက် အာမေးနီးယန်းလူမျိုးတွေကို လူမျိုးတုံးသတ်ဖြတ်မှု နှစ် (၁၀၀) ပြည့်တဲ့ နှစ်ပတ်လည်နေ့ပဲ ဖြစ်ပါတယ်။
ထိုစဉ်က အော်တိုမန်အင်ပါယာအတွင်းမှ အာမေးနီးယန်းလူမျိုးတွေကို မောင်းထုတ်ခြင်းနဲ့ စနစ်တကျ လူမျိုးတုံးသတ်ဖြတ်ခြင်းကို ၁၉၁၅-၁၉၂၃ ကာလအတွင်းမှာ လုပ်ခဲ့တာဖြစ်ပြီး ယင်းကိုတူရကီအစိုးရက စီစဉ်ခဲ့တယ်လို့ အာမေးနီးယန်းသမိုင်းမှတ်တမ်းတွေက ဆိုထားပြီး ဥရောပပါလီမန်နဲ့ နိုင်ငံတော်တော်များများကလည်း ဒီအချက်ကို ထောက်ခံအတည်ပြုထားပါတယ်။ ပထမကမ္ဘာစစ်ကာလဟာ တူရကီတို့အတွက် အင်ပါယာအတွင်းရှိနေတဲ့ အာမေးနီးယန်းလူမျိုးတွေအပါအဝင် ဂရိ၊ အဆီးရီးယန်းနဲ့ အာရပ်လူမျိုးတွေကို စနစ်တကျဖယ်ရှားခြင်း၊ အစုအပြုံလိုက်သုတ်သင်ခြင်းတွေကို လုပ်ဖို့အခွင့်ကောင်းပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ ဒါကို အာမေးနီးယန်းတို့ဘက်က စွပ်စွဲချက်လို့သာ ယနေ့ခေတ်တူရကီက မြင်ပါတယ်။ တူရကီကတော့ ထိုကာလမှာ အော်တိုမန်မွတ်စလင်တွေ လေးငါးသန်းလောက်ဟာလည်း နောက်ပိုင်းမှာ ရုရှားက အပိုင်သိမ်းလိုက်တဲ့ သူတို့ ဇာတိမြေတွေကနေ ပျောက်ကွယ်ခဲ့ရပြီး လူငါးသန်းလောက်ဟာ ဘော်လ်ကန်နဲ့ ကော့ကေးဆပ်ဒေသကနေ ထွက်ခွာခဲ့ရကာ အနာတိုလီယာနဲ့ အစ္စတန်ဘူလ်တို့မှာ ပြောင်းရွှေ့ခိုလှုံခဲ့ရတယ်ဆိုပါတယ်။ တူရကီဘက်ကတော့ အာမေးနီးယန်းဘက်က စွပ်စွဲချက်ဖြစ်တဲ့ ၎င်းတို့အာမေးနီးယန်း လူဦးရေတစ်သန်းခွဲလောက် အဆိုပါ ၁၉၁၅-၁၉၂၃ ကာလအတွင်း သုတ်သင်ခံခဲ့ရတယ်ဆိုထားတာကို ငြင်းပယ်ထားသလို လူမျိုးတုံးသတ်ဖြတ်မှု genocide ဆိုတဲ့ စကားလုံးကိုလည်း ငြင်းပယ်ထားပါတယ်။ ဒါ့ကြောင့် ၎င်းတို့ဘက်က ထိုဖြစ်စဉ်များကို ညွှန်းဆိုသုံးစွဲမှုတွေမှာ အစုအပြုံလိုက်သတ်ဖြတ်ခြင်း massacre၊ masskilling လို့သာ ညွှန်းဆိုသုံးစွဲကြပါတယ်။ ဒါ့ကြောင့် ယူရိုသတင်းဌာနဟာ အာမေးနီးယန်းလူမျိုးတုံး သုတ်သင်မှုဖြစ်ရပ်ဆိုးကြီး အာမေးနီးယန်းတွေကို ဘယ်လိုသဘောထားသလဲဆိုတာနဲ့ ၎င်းတို့အမြင်ကို သိရအောင် လက်ရှိအာမေးနီးယားသမ္မတ ဆာ့ဇ်ဆတ်ဂါဆယန်နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ အဲဒါကို ဒီမှာ ပြန်လည်ကောက်နုတ် ဖော်ပြလိုက်ရပါတယ်။
မေး- သမ္မတကြီးခင်ဗျာ. . . ဒီနေ့ကာလတွေမှာ သမ္မတကြီးတို့ တိုင်းပြည်မှာ လူမျိုးတုံးသတ်ဖြတ်ခံရမှု ရာပြည့်နှစ်ပတ်လည်အခမ်းအနားတွေကို ပြုလုပ်နေခဲ့ကြပါတယ်။ ဒီဖြစ်စဉ်တွေဟာ ပြောမပြနိုင်လောက်အောင် အာမေးနီးယန်းပြည်သူတွေ ခံစားခဲ့ရတဲ့ဒုက္ခဖြစ်ပါတယ်။ နှစ်တစ်ရာလောက်ကြာလာတာတောင်မှ ဒဏ်ရာတွေဟာ နက်ရှိုင်းနေဆဲဖြစ်ပါတယ်။ ကမ္ဘာကြီးကို သမ္မတကြီးပေးချင်တဲ့ သတင်းစကားက ဘာများဖြစ်မလဲခင်ဗျ။
ဖြေ- လူမျိုးတုံးသတ်ဖြတ်ခံရမှုရဲ့ သားကောင်တွေကို နှစ်ပတ်လည်အမှတ်တရလုပ်တဲ့ပွဲတွေမှာ ပေးချင်တဲ့သတင်းစကားနည်းနည်း ပဲရှိပါတယ်။ ပထမတစ်ခုက အမှတ်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်ခဲ့တဲ့ အဲဒီလိုရာဇဝတ်မှုမျိုးကို အချိန်ကြာလာလို့ မမေ့ပစ်နိုင်ပါဘူး။ ဒုတိယသတင်းစကားကတော့ ဒီပွဲတွေလုပ်တာဟာ ကျေးဇူးတင်ရှိမှုကို ဖော်ပြတာဖြစ်ပါတယ်။ အမှတ်ရခြင်းနဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ သတင်းစကားပဲဖြစ်ပါတယ်။ ကျွန်တော်တို့အတွက် အခက်ခဲဆုံးအချိန်မှာ အသံထွက်ထောက်ခံပြောဆိုခဲ့တဲ့၊ ထောက်ခံခဲ့တဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတွေကို ကျေးဇူးတင်တာပါ။ သူတို့က ကျွန်တော်တို့ ပြည်သူတချို့ ရှင်သန်နိုင်အောင် ကူညီခဲ့ကြပါတယ်။
တတိယသတင်းစကားကတော့ ကျေးဇူးတင်မှုရော အမှတ်ရမှုပါ ရောထားတာဖြစ်ပါတယ်။ ဒီလိုမျိုးရာဇဝတ်မှုမျိုးတွေ နောက်ထပ်မဖြစ်အောင်နဲ့ ကျွန်တော်တို့ရဲ့တာဝန်က ဒီလိုရာဇဝတ်မှုမျိုးတွေ နောက်ပိုင်းမှာလည်း ဖြစ်လာနိုင်စေမယ့် ဆက်ဆံရေး၊ ပုံစံတွေကို ထောက်ပြဖို့၊ ရှာဖွေတင်ပြသွားဖို့ ဖြစ်ပါတယ်။ ဒါနဲ့အတူ ကျွန်တော်တို့ဟာ နောင်အနာဂတ်မှာဖြစ်လာနိုင်မယ့် လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို ဆက်လက်ဖြစ်ပျက်နေခြင်းကနေ ကာကွယ်တားဆီးနိုင်စွမ်းရှိမှာ ဖြစ်ပါတယ်။ နောက်ဆုံး စတုတ္ထမြောက် ယေဘုယျသတင်းစကားကတော့ ပြာပုံထဲကနိုးထလာတဲ့ နိုင်ငံတစ်ခုရဲ့ သတင်းစကားပါ။ ကျွန်တော်တို့ကို ဒီကမ္ဘာမြေပေါ်က ဖျောက်ဖျက်ပစ်ဖို့ လုပ်ဆောင်ခဲ့သူတွေဟာ အောင်မြင်မှုမရခဲ့ကြပါဘူးဆိုတာပါပဲ ။
မေး- အတိတ်ကနေ သင်ခန်းစာတွေ ထုတ်ယူရမယ်ဆိုတာကို လူတိုင်းသဘောတူကြမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ နှစ် ၁၀၀ ကြာလာတဲ့တိုင်အောင် တူရကီနဲ့ အာမေးနီးယားတို့ဟာ ဒီကိစ္စအငြင်းအခုံကို စွဲမြဲနေတုန်းပဲဖြစ်နေတယ်။ သမ္မတကြီးတို့ နှစ်နိုင်ငံအတွက် တခြားကိစ္စတွေမှာကော ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နည်းလမ်းတစ်ခုများ မရှိတော့ဘူးလား။ ဒီနှစ်နိုင်ငံကို ခွဲခြားထားတဲ့ အတားအဆီးက ဒီအတိတ်ဖြစ်ရပ် ဖြစ်နေတုန်းလား။
ဖြေ- ကျွန်တော်လည်း သမ္မတတစ်ယောက်အနေနဲ့ ဒီလမ်းကြောင်းကိုဖောက်ဖို့ နှစ်ကြိမ်တိုင်ကြိုးစားခဲ့ဖူးပါတယ်။ ကျွန်တော့်အရင် သမ္မတနှစ်ဆက်ကလည်း ဒီလိုပဲကြိုးစားခဲ့ဖူးပါတယ်။ ကျွန်တော်တို့ တူရကီနဲ့ ကြိုတင်ပြဋ္ဌာန်းထားချက်တွေမရှိဘဲ သံတမန်ရေးဆက်သွယ်မှုလုပ်ဖို့ ရည်ရွယ်ချက်ရှိကြောင်း ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ဒီနောက်မှာမှ နှစ်ဖက်စလုံး နှစ်နိုင်ငံကြားရှိနေတဲ့ကိစ္စတွေအားလုံးကို ဆွေးနွေးဖြေရှင်းနိုင်မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လများစွာကလည်း တူရကီသမ္မတဆီကို ကျွန်တော်တို့နိုင်ငံခြားရေးဝန်ကြီးနဲ့ ပေးစာတစ်စောင်ပေးပို့ခဲ့ပြီး ဧပြီ ၂၄ ရက် အမှတ်တရပွဲတွေကို ပါဝင်ဖို့ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမဲ့ တူရကီအာဏာပိုင်တွေဘက်က တခြားနည်းနဲ့ ဆုံးဖြတ်ခဲ့တယ်။ သူတို့က ဧပြီ ၂၄ ရက် ကျွန်တော်တို့ရဲ့ အမှတ်တရနေ့ကို ဂါလီပိုလီတိုက်ပွဲအတွက် အောင်ပွဲခံအခမ်းအနားတွေ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
မေး- ပြီးခဲ့တဲ့ရက်တွေအတွင်း တူရကီနိုင်ငံဘက်က သူတို့ရဲ့ဒေါသကိုထုတ်ပြခဲ့ပါတယ်။ ပြင်းထန်တဲ့ ကြေညာချက်တွေလည်း ထွက်လာပြီး ပုပ်ရဟန်းမင်းကြီး၊ ဥရောပပါလီမန်တို့ရဲ့ မဲခွဲကြေညာခဲ့တဲ့ အာမေးနီးယန်းလူမျိုးတုံး သတ်ဖြတ်မှုကို အသိအမှတ်ပြုတဲ့ ကြေညာချက်တွေကို တုံ့ပြန်ခဲ့ပါတယ်။ ဒီလိုမျိုးဒေါသနဲ့ ထုတ်ဖော်ချက်တွေကိုကြားရတော့ သမ္မတကြီးရဲ့ခံစားမှုကကော ဘယ်လိုနေပါသလဲ။
ဖြေ- ကျွန်တော်တို့အတွက် ဒီထုတ်ပြန်ချက်တွေနဲ့ တုံ့ ပြန်မှုတွေဟာ မမျှော်လင့်ထားတဲ့အရာတွေမဟုတ်ခဲ့ပါဘူး။ သူတို့ ငြင်းဆန်နေမှုကို ကျွန်တော်တို့ အမြဲကြားသိမြင်နေခဲ့ရတာပါပဲ။ ပုပ်ရဟန်းမင်းကြီး ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပြောရရင် ဒါဟာသင့်တော်တဲ့ ကြေညာချက်လို့ ကျွန်တော်ထင်ပါတယ်။ စိတ်ဓာတ်ခိုင်မာတဲ့သူတွေရဲ့ ခေါင်းဆောင်မှုနဲ့သာလျှင် လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကင်းပတဲ့ ကမ္ဘာတစ်ခုဖန်တီးနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ တရားမျှတပြီး အမှန်တရားကိုလည်းပြောဆိုရပါမယ်။
မေး- သမ္မတကြီးအနေနဲ့ တူရကီဘက်ကို ဘာများပြောချင်ပါသလဲ။ သူတို့အနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ စကားလုံးကို အသိအမှတ်ပြုပေးမယ်ဆိုရင် နှစ်နိုင်ငံဆက်ဆံရေးတွေမှာ အားလုံးကောင်းသွားမယ်လို့ ထင်ပါသလားခင်ဗျ။
ဖြေ- တူရကီဘက်က လူမျိုးတုံးသတ်ဖြတ်မှုကို အသိအမှတ်ပြုလက်ခံပေးခဲ့ရင် ကျွန်တော်တို့နိုင်ငံတွေ ပြန်လည်ရင်ကြားစေ့ရေးအတွက် အတိုဆုံးလမ်းကြောင်း ဖြစ်မယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ အဲဒီလို ရိုးသားစွာလုပ်နိုင်ခဲ့ရင် အာမေးနီးယန်းနဲ့ တူရကီတို့ရဲ့ဆက်ဆံရေးဟာ မြင့်မားတဲ့အဆင့်သစ်တစ်ခုဆီကို ရောက်သွားနိုင်မှာဖြစ်ပါတယ်။
မေး- တူရကီက ဒီဖြစ်ရပ်တွေကို တစ်ချက်တည်းနဲ့ ရှင်းလင်းသွားနိုင်အောင် စုံစမ်းစစ်ဆေးနိုင်ဖို့ နိုင်ငံတကာသမိုင်းပညာရှင်တွေပါဝင်တဲ့ ကော်မတီတစ်ခုကို ဖွဲ့စည်းဖို့ တောင်းဆိုဖူးတယ်နော်။ အဲဒါဆိုရင် အဲဒီကထွက်လာတဲ့ ရလဒ်ကို လက်ခံမယ်လို့လည်း ပြောခဲ့ပါတယ်။ သမ္မတကြီးအမြင်မှာကော အဲဒီအဆိုပြုချက်က ဘာများမှားနေပါသလဲ။
ဖြေ- ပထမတစ်ချက်က သမိုင်းဆရာတွေ စုဝေးပြီးဆုံးဖြတ်ချက်ချမယ်။ ပြီးတော့ကိစ္စကလည်း တစ်ချက်တည်းနဲ့ ပြေလည်သွားမယ်လို့ ပြောတယ်။ ဒါက ပထမအချက်ပါ။ ဒုတိယတစ်ချက်က ဒီလိုမျိုးကော်မရှင်တစ်ရပ်မှာ တူရကီသမိုင်းဆရာတွေက တူရကီလူ့အဖွဲ့အစည်းနဲ့ အာဏာပိုင်တွေရဲ့ ဖိအားအောက်ရှိနေပြီး အာမေးနီးယန်းသမိုင်းဆရာတွေကလည်း အာမေးနီးယန်းလူ့အဖွဲ့အစည်းနဲ့ အာဏာပိုင်တွေအောက် ရှိနေနိုင်တာမို့ ကော်မရှင်ဘယ်လိုလည်ပတ်နိုင်မလဲဆိုတာကို ကျွန်တော်စိတ်ကူးလို့ မရနိုင်တာပါ။
ဒါပေမဲ့ ဒီအချက်တွေကတော့ အရေးကြီးလွန်းတဲ့အဆိုတွေတော့ မဟုတ်ဘူးပေါ့။ အရေးအကြီးဆုံးက ဒါတွေဖြစ်ပါတယ်။ အထူးပြုလေ့လာမယ့် အဖွဲ့အစည်းတွေ၊ ဒီကိစ္စနဲ့ပတ်သက်လို့ မှတ်တမ်းမော်ကွန်းတွေ အများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံတွေကတော့ လုပ်နိုင်မှာ သံသယရှိစရာမလိုပါဘူး။ ဗာတီကန်မှာ ထုတ်ဖော်ခဲ့တာကိုပဲ ကျွန်တော်နောက်တစ်ခါပြန်ရောက်သွားပါတယ်။ ခင်ဗျားဘယ်လိုထင်ပါသလဲ။ ဗာတီကန်ဟာ ပထမကမ္ဘာစစ်အတွင်း ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ကောင်းကောင်း အသိဆုံးအဖွဲ့အစည်းတွေထဲက တစ်ခုမဟုတ်ဘူးတဲ့လား။ ခင်ဗျားဘယ်လိုထင်မလဲ။ ဗာတီကန်ဟာ ပညာတတ်သမိုင်းဆရာတွေ ချို့တဲ့တဲ့နေရာလို့များ ထင်နေပါသလား။ ကျွန်တော်တို့အတွက် ဒီလိုအဆိုပြုချက်မျိုးက စော်ကားမှုတစ်ခုလိုဖြစ်နေတယ်။ ဒီအဆိုကိုယ်တိုင်ကပဲ အာမေးနီးယန်းလူမျိုးတုံးသတ်ဖြတ်မှုရဲ့ တကယ့်ဖြစ်ရပ်နဲ့ ခိုင်မာမှုကို မေးခွန်းထုတ်သလိုဖြစ်နေတယ်။ အဆုံးစွန်အားဖြင့်ဗျာ၊ သမိုင်းဆရာတွေ ဘာတွေ့နိုင်မလဲ။ လူတစ်သန်းခွဲသေခဲ့ရတာနဲ့ လူတစ်သန်းနဲ့ လေးသိန်းကိုးသောင်း သေခဲ့ရတာကြားမှာ ထူးထူးခြားခြား ကွာဟချက်များ ရှိလို့လားဗျာ။
—Ref: ‘They did not succeed in erasing us from the earth’: Armenian president interview, Euro News.22nd April.
http://7daydaily.com/story/36337#.VUUtaJOIXao
No comments:
Post a Comment