Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 7, 2015

တယ်လီနော တာဝါတိုင်များမှ စက်သုံးဆီခိုးယူခံရ


နေပြည်တော် မေ ၇

နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့ရှိ တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီပိုင် တာဝါတိုင်များမှ စက်သုံးဆီများ မကြာခဏ ပျောက်ဆုံးနေသဖြင့်၊ နေပြည်တော် ဇေယျာသီရိမြို့နယ် ရွှေတွင်းကုန်းရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီမှ တာဝန်ရှိဝန်ထမ်းများ ပူးပေါင်း၍ စက်သုံးဆီခိုးယူသူများ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ခိုးယူထားသော စက်သုံးဆီများနှင့် ခိုးယူမှုကျူးလွန်ရာတွင် အသုံးပြုသော မော်တော်ယာဉ် တစ်စီးတို့ကို သိမ်းဆည်းရမိသည်။

ဖြစ်စဉ်မှာ မေ ၇ ရက် နံနက် ၁ နာရီခွဲခန့်တွင် ချောင်းဖျားကျေးရွာအနီး တော်ဝင်လမ်း အနောက် ဘက်ရှိ NP-0093 တာဝါတိုင်၌ ဆီများခိုးယူနေကြောင်း သတင်းရရှိသဖြင့် ရွှေတွင်းကုန်းမြို့မရဲစခန်းမှ ဒုရဲအုပ် သက်ဆွေ ဦးစီးသော ရဲတပ်ဖွဲ့ဝင်များ၊ တယ်လီနော ကုမ္ပဏီမှ ဝန်ထမ်းများပူးပေါင်း၍ ဆီခိုးသူများအား ဝိုင်းဝန်း ဖမ်းဆီးခဲ့ရာ ခိုးမှုကျူးလွန်သူများက ဆီပုံးများ တင်ဆောင်ထားသော အဖြူရောင်နစ်ဆန်း AD Van- ယာဉ် အမှတ်(EE------)နှင့် မောင်းနှင်ထွက်ပြေးသဖြင့် ပူးပေါင်းအဖွဲ့က ကားသုံးစီးဖြင့် ထပ်ကြပ်လိုက်ပါပြီး နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ ထုံးဖိုမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပိတ်ဆို့ဖမ်းဆီးစဉ် ယင်းဆီခိုးကားသည် ပုဗ္ဗသီရိ မြို့နယ် နဝဒေးရပ်ကွက်၊ (၈)လမ်းအတွင်းသို့ မောင်းနှင် ပြေးရာမှ ခုနစ်ပေခန့်နက်သော ရိုးချောင်းအတွင်း ထိုးကျပြီး ကားပေါ်ပါသူများ ကားကို စွန့်ခွာထွက်ပြေး သွားခဲ့သည်။

အဆိုပါကားနှင့်အတူ ဒီဇယ်ဆီအပြည့်ပါ ၁ဝ ဂါလန်ဝင် ပလတ်စတစ်ပုံး ကိုးလုံး၊ ဆီတိုင်ကီဖွင့် ကိရိယာတစ်ခု၊ ဆီထုတ်ယူသော ပလတ်စတစ်ပိုက် တစ်ချောင်း၊ သံတူရွင်းတစ်ချောင်းတို့ သိမ်းဆည်းရမိ ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ် ရွှေတွင်းကုန်းရဲစခန်းက ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 နန္ဒ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment