Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 11, 2015

ဗိုလ်လုပွဲတွင် ထိုင်းအမျိုးသမီးကိုရှုံးနိမ့်ပြီး မြန်မာအမျိုးသမီးအသင်း အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ ဒုတိယဖြင့်ကျေနပ်ခဲ့ရ


ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂၀၁၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် မြန်မာအမျိုးသမီးအသင်းနှင့် ထိုင်းအမျိုးသမီး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ထိုင်းအမျိုးသမီးအသင်းက ၃-၂ဂိုးဖြင့် အနိုင်ရရှိကာ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ဖလားကို နှစ်ကြိမ်မြောက် ဆွတ်ခူးခဲ့သည်။ ထို့နောက်တတိယနေရာလုပွဲစဉ်တွင် သြစတြေးလျယူ-၂၀ အမျိုးသမီးအသင်းက အိမ်ရှင်ဗီယက်နမ်အသင်းကို ၄-၃ဂိုးဖြင့်အနိုင်ရရှိခဲ့ကြောင်း သိရသည်။

၂၀၁၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် မြန်မာအမျိုးသမီးအသင်းနှင့် ထိုင်းအမျိုးသမီးအသင်းတို့သည် မေလ ၁၀ရက်နေ့ ကယှဉ်ပြိုင်ကစားခဲ့သည်။ အာဆီယံအတွင်း မဟာပြိုင်ဘက်နှစ်သင်းဖြစ်သည့် အတွက် နှစ်သင်းစလုံးက အဓိက ကစားသမားများကို ပွဲထုတ်ကစားခဲ့သည်။ ပွဲအစတွင် နှစ်သင်းစလုံးက ထိန်းကစားလာခဲ့ပြီး မြန်မာအသင်းက တောင်ပံနှစ်ဘက်က ထိုးဖောက်ပြီး ထိုင်းအသင်းကတော့ ကွင်းလည် အသာစီးရယူကစားခဲ့သည်။ ပွဲချိန် ၃၇မိနစ်တွင် ထိုင်းအသင်း ထိုးဖောက်မှုက နီဆာ တစ်ဦးတည်း လွတ်ထွက်သွားပြီး အပိုင်ကန်ချက် ဂိုးဝင်သွား သည့်အတွက် အဖွင့်ဂိုးရရှိခဲ့သည်။ ယင်းနောက် မြန်မာအသင်းက တိုက်စစ်မြှင့် ကစားခဲ့ပြီး ခင်မာလာထွန်းနှင့် ရီရီဦးတို့က ဂိုးသွင်းခွင့်ရခဲ့ပေမယ့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့လို့ ပထမပိုင်းမှာ ထိုင်းအသင်းက ၁-၀ဂိုးဖြင့် ဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်းတွင် မြန်မာ အသင်းက ချေပဂိုးရရှိရန် ထိုင်းအသင်းဘက်ကို ဖိကစားလာပြီး ပွဲချိန် ၅၆မိနစ်တွင် နော်အားလိုဝါးဖော၏ကန်ချက် ထိုင်းဂိုးသမား ပုတ်ထုတ်မှုကို ခင်မိုးဝေက ပိတ်ယူနိုင်ခဲ့၍ မြန်မာအသင်း ချေပဂိုးရရှိခဲ့သည်။ ယင်းနောက် ထိုင်းအသင်းက တရစပ်တိုက်စစ်ဆင် ကစားလာပြီး ပွဲချိန် ၆၅မိနစ်နှင် ၇၁မိနစ်တို့တွင် ဆက်တိုက်ဆိုသလို အနိုင်ဂိုးများ သွင်းယူခဲ့၍ ၃-၁ဂိုးဖြင့် ဦးဆောင်နေခဲ့သည်။ မြန်မာအသင်း ကစားအားကျနေပေမယ့် ချေပဂိုးရရှိရန် ထိုးဖောက်လာပြီး ပွဲချိန် ၇၄မိနစ်တွင် ဝင်းသိင်္ဂီထွန်းက လှလှပပ ချေပဂိုး သွင်းယူနိုင်ခဲ့သည်။ နောက်ပိုင်းတွင် မြန်မာအသင်းက ချေဂိုးရရှိရန် ကြိုးစားခဲ့ပေမယ့် ထိုင်းအသင်း၏ ကစားအားကို မယှဉ်နိုင်၍ ပွဲအပြီးမှာ ထိုင်းအသင်းက ၃-၂ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ထို့ကြောင့် ထိုင်းအမျိုးသမီးအသင်းသည် အာဆီယံအမျိုးသမီးပြိုင်ပွဲတွင် နှစ်ကြိမ်မြောက် ချန်ပီယံ ဆုဖလားကို ဆွတ်ခူးခဲ့ပြီး မြန်မာအမျိုးသမီးအသင်းမှာ ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။ မြန်မာအမျိုးသမီးအသင်းသည် အာဆီယံအမျိုးသမီးပြိုင်ပွဲတွင် ၂၀၀၄ခုနှစ်မှ ၂၀၁၅ခုနှစ်အတွင်းပြိုင်ပွဲ ၈ခုရှိသည်အနက် ၂၀၀၄၊ ၂၀၀၇၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၅ စသည့်နှစ်များတွင် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီး ၂၀၀၄နှင့် ၂၀၀၇ တွင် ချန်ပီယံနှစ်ကြိမ်ဖြစ်ခဲ့သည်။ ထိုင်းအမျိုးသမီးအသင်းမှာ ချန်ပီယံနှစ်ကြိမ်ဖြစ်ထားပြီး နှစ်ကြိမ်စလုံးတွင် မြန်မာအမျိုးသမီး အသင်းအားအနိုင်ယူကာချန်ပီယံ ဖြစ်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ အမျိုးသမီး အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ အကျဉ်းချုပ်

ချန်ပီယံ - ထိုင်း
ဒုတိယ - မြန်မာ
တတိယ - သြစတြေးလျယူ-၂၀
စတုတ္ထ - ဗီယက်နမ်
အိမ်ရှင် - ဗီယက်နမ်
ပါဝင်သည့်အသင်း - (၈)သင်း
ဂိုးသွင်းအများဆုံးဆု - နီဆာ (ထိုင်း) ၈ ဂိုး
ပွဲစဉ်ပေါင်း - ၁၆ပွဲ
သွင်းဂိုးပေါင်း - ၈၀ဂိုး

planet myanmar

No comments:

Post a Comment