Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 6, 2015

၃၅ နှစ်တာ အလုပ်လုပ်ခဲ့သမျှ အားလုံး လှူဒါန်းခဲ့သော စာကြည့်တိုက်မှူး


အိန္ဒိယနိုင်ငံက အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ စာကြည့်တိုက်မှူးဟောင်းတစ်ယောက်ဟာ ပင်စင်ယူပြီးချိန်မှာတော့ သူ ၃၅ နှစ်တာလုံး အလုပ်လုပ်ခဲ့သမျှ ပိုက်ဆံအားလုံးနီးပါးကို လှူ ဒါန်းပြီးသား ဖြစ်နေခဲ့ပါတယ်။ သူဟာ လက်ရှိမှာ သူ့နာမည်နဲ့ ထားရှိတဲ့ ပစ္စည်းဥစ္စာတစ်ခုမှ မရှိပေမယ့် ကိုယ့်ကိုယ်ကိုယ် ကမ္ဘာအချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက်အဖြစ် မှတ်ယူထားသူလည်း ဖြစ်ပါတယ်။

မိဘမဲ့ကလေးတွေနဲ့ ကလေးရံပုံငွေလုပ်ငန်းတွေ အတွက် ဘ၀တလျှောက်လုံး ငွေကြေးတွေ လှူဒါန်းခဲ့တဲ့ ရွှေရောင်နှလုံးသားပိုင်ရှင် အဘိုးအိုရဲ့နာမည်က ကယ်ရာနာဆွန်ဒါရမ်ပဲ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံတောင်ပိုင်းက တမီးလ်နာဒူဒေသမှာ မွေးဖွားခဲ့တဲ့ သူဟာ အသက် ၁ နှစ်အရွယ်မှာပဲ ဖခင်သေဆုံးသွားခဲ့လို့ မိခင်နဲ့အတူ ဆင်းဆင်းရဲရဲ ဖြတ်သန်းခဲ့ရပါတယ်။ အရွယ်ရောက်လာချိန်မှာလည်း အဆင်မပြေမှုတွေကြောင့် စိတ်ဓါတ်ကျပြီး ကိုယ့်ကိုကိုယ် သတ်သေဖို့တောင် စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် စိတ်ဓါတ်ရေးရာ လှုံဆော်စာတွေ ရေးတဲ့ စာရေးဆရာတစ်ယောက်ကြောင့် အမြင် ပြောင်းလဲသွားခဲ့ပါတယ်။ အဲဒီစာရေးဆရာက သူ့ကို “ မင်း စကားပြောတာ ဘယ်လိုနေလဲဆိုတာ ဂရုမစိုက်ပါနဲ့။ လူတွေက မင်းဘယ်လောက်ကောင်းကြောင်း ပြောလာအောင်သာ လုပ်ပါ” လို့ တိုက်တွန်းခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကယ်ရာနာဆွန်ဒါရမ်ဟာ သူ့ဘ၀ကို အများသူငါ ကောင်းစားရေးအတွက်ပဲ ကြိုးပမ်းခဲ့ပါ တယ်။ “ လူတွေက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အ၀တ်တွေလှူ၊ တခြားသူတွေ စာပေလေ့လာဖို့ အလုပ်ပေး တာတွေကို လူထုအကျိုးပြုတာလို့ ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်အတွက် ပုဂ္ဂိုလ်ရေးဆန်မှုပဲ ဖြစ်ပါတယ်။” လို့ ကယ်ရာက ဆိုပါတယ်။ သူကျောင်းသားဘ၀မှာ အင်ဒို-ချိုင်းနား စစ်ပွဲဖြစ်ပွားခဲ့တာမို့ အိန္ဒိယ ၀န်ကြီးချုပ်နေရူးက ဒုက္ခရောက်နေသူတွေအတွက် ငွေကြေးလှူဒါန်းဖို့ တိုက်တွန်းခဲ့ပါတယ်။ ကယ်ရာဟာ သူနေထိုင်တဲ့ တမီးလ်နာဒူဒေသရဲ့ အကြီးအကဲဆီ သွားခဲ့ပြီး ရွှေလည်ဆွဲတစ်ခု လှူဒါန်းခဲ့ပါတယ်။ ကောလိပ်ရောက်ချိန်မှာတော့ စာကြည့်တိုက်မှူး လုပ်ခဲ့ပြီး တစ်လ၀င်ငွေ ရူပီး ၁၄၀ ထဲက ၁၀၀ ကို လှူဒါန်းပြီး ရူပီး ၄၀ နဲ့ လောက်အောင် သုံးခဲ့သူပါ။ ဆင်းရဲသားတွေ နေကြတဲ့ မီးရထားစင်္ကြန်တွေ၊ လမ်းဘေး ပလက်ဖောင်းတွေပေါ်မှာ အတူအိပ်ပြီး ဆင်းရဲသားတွေကို ဘ၀ကိုလည်း လေ့လာကြည့်ခဲ့ပါတယ်။

ဒီလိုမျိုး အကျိုးမမျှော်ဘဲ ငွေကြေးလှူဒါန်းမှုတွေကြောင့် စာကြည့်တိုက်သုတေသန ရွှေတံဆိပ်ဆုနဲ့ ထောင်စုနှစ်လူသားဆုတွေ ရခဲ့ရာမှာလည်း ရလာတဲ့ငွေကြေး အမေရိကန်ဒေါ်လာ ၄ သန်းခွဲနီးပါးကို အကုန်လုံး ပြန်လှူ ဒါန်းခဲ့ပါတယ်။ ပင်စင်ကြောင့်ရတဲ့ ရူပီးတစ်သန်းကိုလည်း အကုန် ပြန်လှူ ပစ်ခဲ့ပါတယ်။ Paalam အမည်ရှိတဲ့ ကယ်ရာ တည်ထောင်ထားတဲ့ အကျိုးမြတ်မဖက်တဲ့ အဖွဲ့အစည်းဟာ အခုဆိုရင် လှူ ဒါန်းလိုသူ စေတနာရှင်တွေနဲ့ ဆက်လက် ချီတက်နေပြီဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ကယ်ရာဟာ အများသူငှာကို ကူညီပေးနိုင်ဖို့ ဘ၀တစ်လျှောက်လုံး အိမ်ထောင်မပြုဘဲ လူပျိုကြီးအဖြစ် ဖြတ်သန်းခဲ့တယ် ဆိုတာပါ။

planet
http://www.planet.com.mm/detail/27724/World

No comments:

Post a Comment