Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 13, 2015

အလုပ်သမားပေါင်း ၆၄၀၀ ကို ပြင်သစ် အပန်းဖြေခရီး လိုက်ပို့ခဲ့တဲ့ တရုတ်ဘီလျံနာ သူဌေး



 အလုပ်သမားပေါင်း ၆၄၀၀ ကို ပြင်သစ် အပန်းဖြေခရီး လိုက်ပို့ခဲ့တဲ့ တရုတ်ဘီလျံနာ သူဌေး
တရုတ်နိုင်ငံက ဘီလျံနာသူဌေးတစ်ယောက်ဟာ အလုပ်မှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမား ၆၄၀၀ ကျော် လောက်ကို ပြင်သစ်နိုင်ငံဆီ အပန်းဖြေခရီး လိုက်ပို့ခဲ့တဲ့အတွက် စံချိန်တင်ငွေ ကုန်ကျခဲ့သလို အလုပ်သမားတွေအပေါ် ဂရုအစိုက်ဆုံးလို့ ဆိုရပေမယ့် အလုပ်ရှင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဒါကတော့ Tiens လုပ်ငန်းစုကို ပိုင်ဆိုင်တဲ့ ဘီလျံနာသူဌေး လီဂျင်ယွမ်ဟာ သူတို့လုပ်ငန်းစု တည်ထောင်တဲ့ နှစ် ၂၀ ပြည့်အထိမ်းအမှတ်အဖြစ် ယူရို ၃၃ သန်း အကုန်ကျခံပြီး အလုပ်သမားတွေကို ပြင်သစ်နိုင်ငံက ပါရီမြို့နဲ့ နိုက်စ်မြို့တွေဆီ အလည်အပတ် ခေါ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွက် လီဟာ ပါရီမှာ ယူရို ၁၃ သန်း၊ နိုက်စ်မြို့မှာ ယူရိုသန်း ၂၀ အထိ သုံးစွဲခဲ့ပါတယ်။ ဒီခရီးစဉ်မှာ အလုပ်သမားတွေအတွက် လီဟာ ပြင်သစ်နိုင်ငံက နာမည်ကြီးပြတိုက်တစ်ခုဖြစ်တဲ့ The Louvre အပြင် ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ရီဗီရာမြစ်ဆီ လိုက်ပို့ခဲ့သလို ကန်းနက်စ်မြို့နဲ့ မိုနာကို မြို့တွေမှာ ဟိုတယ် ၇၉ လုံးက အခန်းပေါင်း ၄၇၆၀ ကို ငှား ရမ်းပေးခဲ့ပါတယ်။ အလုပ်သမားတွေဟာ ပါရီက ကြယ်သုံးပွင့်ကနေ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်အလုံး ၁၄၀ မှာလည်း တည်းခိုခွင့် ရရှိခဲ့ကြပါတယ်။

ဘီလျံနာကြီးလီဟာ သူတို့တည်းခိုနေတဲ့ ဟိုတယ်တွေကနေ နိုက်စ်မြို့မှာရှိတဲ့ the Promenade des Anglais ကမ်းခြေကို အလုပ်သမားတွေ သွားရောက်နိုင်ဖို့ ဘတ်စ်ကား အစင်းပေါင်း ၁၄၇ စီး အသုံးပြုခဲ့ပြီး လူတွေနဲ့ စီတန်းပြီး Tiens လုပ်ငန်းစုရဲ့ နှစ် ၂၀ ပြည့် အထိမ်းအမှတ်ကို ဖော်ကျူးတဲ့ Tien’s Dream is Nice in the Cote d’ Azur’ ဆိုတဲ့ စာသားကို ပုံဖော်နိုင်ခဲ့ပါတယ်။ ကမ္ဘာပေါ်က လူသားတွေရဲ့ အံ့မခန်းစွမ်းဆောင်ရည်တွေကို မှတ်တမ်းတင်နေတဲ့ ဂရင်းနစ်စံချိန်အဖွဲ့ကြီးကလည်း Tiens လုပ်ငန်းစုက အလုပ်သမားတွေရဲ့ လူသားအစီအစဉ်တန်းကြီးကို ကမ္ဘာ့အကြီးဆုံးလူသားအစီအစဉ်တန်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ အလုပ်သမားတွေဟာ Tien လုပ်ငန်းစုအတွက် သီးသန့်ဖွင့်လှစ်ပေးခဲ့တဲ့ ဇိမ်ခံပစ္စည်းတွေ ရောင်းတဲ့ ပြင်သစ်နာမည်ကြီး စတိုးဆိုင် Galeries Lafayette ကိုလည်း သွားရောက်လေ့လာခွင့်ရခဲ့ပါတယ်။

၁၉၉၅ မှာ လီဂျင်ယွမ် စတင်တည်ထောင်ခဲ့တဲ့ Tiens လုပ်ငန်းစုဟာ ဘိုင်အိုနည်းပညာလုပ်ငန်းတွေ၊ ကျန်းမာ ရေးထိန်းချုပ်မှုလုပ်ငန်းတွေ၊ အွန်လိုင်းကုန်သွယ်မှုစနစ်၊ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းတွေနဲ့ ဆက်စပ် လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ လီဂျင်ယွမ်ရဲ့ အလုပ်သမားတွေအတွက် အပန်းဖြေခရီးအတွက် ပြင်သစ် ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက အထူးကြပ်မတ် တာဝန်ယူပေးခဲ့တယ်လို့ သိရပါတယ်။

Ref – People Daily
http://www.planet.com.mm/detail/27777/World

No comments:

Post a Comment