Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 2, 2015

အဇူဇာကျောင်း ညောင်ရေသွန်းပွဲတော် ကျင်းပမည်


 လော့စ်အိန်ဂျယ်လိစ်မြို့၊ အဇူဇာဘုန်းကြီးကျောင်းတွင် ကဆုန်ညောင်ရေသွန်း ပွဲတော်ကို မေလ ၃ ရက်၊ တနင်္ဂနွေနေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၄ နှစ်က မြတ်စွာဘုရားသည် မဟာဗောဓိပင်အောက်မှာ သဗ္ဗညုတ ရွှေဉာဏ်တော်ရ၍ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။ ယင်း မဟာဗောဓိ ပင်တော်မြတ်မှ မျိုးပွားဗောဓိပင်ပျိုကို "အဇူဇာ ဗုဒ္ဓဂယာ"မှာ စိုက်ပျိုး၍ သတ္တဌာနဘုရားများနှင့် တခမ်းတနား ပူဇော်ထားသည်ဟု သိရပါသည်။ ဗောဓိညောင်ပင်သည် ပရိဘောဂစေတီဖြစ်၍ ပူဇော်ထိုက်သည့်အပြင် ဘုရားဖြစ်တော်မူခဲ့သည်ကို ရည်မှန်းလျက် ညောင်ရေ သွန်းလောင်းပူဇော်ပွဲ ကျင်းပခြင်း ဖြစ်၏။ ဂေါတမဗုဒ္ဓမြတ်စွာဘုရား သဗ္ဗညုတ ရွှေဉာဏ်တော်ရ၍ ဘုရားအဖြစ် ပွင့်တော်မူသော ကဆုန်လပြည့် ဗုဒ္ဓနေ့အခမ်းအနားနေ့ အထိမ်းအမှတ် ကျင်းပသော ပွဲတော်တွင် သုန္ဒရာရာမ ဗြဟ္မဝိဟာရ ကျောင်းဝင်းအတွင်း စိုက်ပျိုးပူဇော်ထားအပ်သော ဗောဓိညောင်ပင်အား ရေသွန်းလောင်းခြင်း၊ ဘုရားရေသပ္ပာယ်ခြင်းများဖြင့် ကောင်းမှု ကုသိုလ်ပြုလုပ်ကြပါမည်။ နံနက် ၉ နာရီတွင် ဗြဟ္မဝိဟာရ ဓမ္မာရုံအတွင်း သီလဆောက်တည်ကြပြီး ပန်း၊ တံခွန်ကုက္ကားများ ကိုင်ဆောင်ကာ အဇူဇာ ဗုဒ္ဓဂယာသို့ တန်းစီသွားကြမည် ဖြစ်၏။
 အဇူဇာ ရွှေတိဂုံ ပုံပွားစေတီတော်အား ရေသပ္ပာယ်ပြီးနောက် ဗောဓိရွှေညောင်ပင်ကို ရေသွန်းလောင်း ပူဇော်ကြရန် စီစဉ်ထားသည်။ ဗုဒ္ဓနေ့ ကဆုန်ညောင်ရေသွန်းပွဲတော်အတွက် အလှူရှင် ၇၇ ဦးတို့မှ စားသောက်ဖွယ်မျိုးစုံကို နံနက် ၁၀ နာရီမှ နေ့လယ် ၁း၁၅ နာရီအထိ ကျွေးမွေး ကုသိုလ်ပြုကြမည် ဖြစ်သည်။ ဒေါက်တာ ဝေဝေလွင်ဦး ဦးဆောင်သော ဓမ္မမိတ်ဆွေများက ခေါက်ဆွဲ၊ ပုစွန်ခွက်ကြော်၊ လက်ဖက်ရည်၊ ဆေးကုလားမကျောက်ကျော၊ သစ်သီးစုံတို့ ကျွေးမွေးရန် စီစဉ်ထားကြောင်း သိရသည်။
 ပွဲတော်နေ့ရက်        မေလ ၃ရက်၊ တနင်္ဂနွေနေ့
ပွဲတော်အချိန်            နံနက် ၉ နာရီတွင် သီလယူပါမည်
 အကျွေးအမွေးအစီအစဉ်       နံနက် ၁၀ နာရီ မှ နေ့လယ် ၁း၁၅ နာရီ
 ပွဲတော်နေရာ      သုန္ဒရာရာမ ဗြဟ္မဝိဟာရကျောင်း 1790 and 1830 Ranch Road, Azusa, CA 91702

http://kabarthit.com/index.php?option=com_content&view=article&id=638:2015-05-01-17-52-58&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment