Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 28, 2015

နွားများနှင့် စီးပွားဖြစ်လာသူ



ဦးသန်းမြင့် ကလေးဘဝ ၄ နှစ်သား အရွယ်ကတည်းက သစ်သားနွားရုပ်ကလေးနှင့်သာ ကစားခြင်းကို ပိုမိုနှစ်သက်ခဲ့ပြီး အခြားအရုပ်များနှင့် တခါတရံမှသာ ကစားလေ့ရှိပါသည်။ အသက် ၁၄ နှစ်အရွယ်တွင် နွားတကောင်ဝယ်ခဲ့ပြီး နောက်အနှစ် ၄၀ ကြာသောအခါ ထိုနွားများကို ချစ်ခင်သည့် စိတ်ကြောင့်ပင် အောင်မြင်သော စီးပွားရေး လုပ်ငန်းကြီးတခုကို ထူထောင်နိုင်ခဲ့သည်။ ရန်ကုန်မြို့ ဆင်ခြေဖုံးရှိ နွားခြံအတွင်းမှ အဆောင်ငယ်လေး တခုအတွင်းတွင် ထိုင်နေသော ဦးသန်းမြင့်က “ကျနော် ငယ်ငယ်ကတည်းက နွားတွေကို အရမ်းချစ်တယ်။ တခြားဘာမှ စိတ်မဝင်စား ဘူး။ နွားတွေကိုပဲမွေးချင်တယ်”ဟု ပြန်ပြောပြသည်။ သူ့ခြံတွင် နို့စားနွား ၁၀ဝ၀ ရှိနေပြီဖြစ်သည်။ မွန်ပြည်နယ် မော်လမြိုင်မြို့အနီး ဘီလူးကျွန်း ပေါ်ရှိ ရွာငယ်လေးတခုတွင် မွေးဖွားခဲ့သော ဦးသန်း မြင့်၏ နွားများအပေါ် ချစ်ခင်ခြင်းသည် ကျိုက်မရော မြို့နယ်တွင် နွား ၁၀ဝ ခန့်မွေးမြူခဲ့သော အဘိုး ဖြစ်သူ ဦးဖိုးသောင်းထံမှ ဆင်းသက်လာပုံရသည်။ သို့သော် ၁၉၆၂ ခုနှစ်တွင် စစ်တပ်က အာဏာ သိမ်းယူခဲ့ပြီး စိုက်ပျိုးမြေများကို နိုင်ငံပိုင် သိမ်းယူရန် ကြိုးစားလာသည့်အချိန်တွင် ဦးဖိုးသောင်းက သူပိုင် ဆိုင်သည့် နွားများကို ရောင်းချပစ်ရန် ဆုံးဖြတ်ခဲ့ သည်။ အစပိုင်းတွင် ဦးဖိုးသောင်းက မိသားစုအား သူ၏ လမ်းကြောင်းအတိုင်း စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်စေလိုခြင်း မရှိခဲ့ပါ။ “တကယ်လို့ ကျနော်တို့က စိုက်ပျိုးရေးလုပ်မယ် နွားမွေးမယ်ဆိုရင် သူ့လို မွေးမြူရေးလုပ်ငန်းတွေကို လုပ်မယ်ဆိုရင် သူ့လို ကံမကောင်းတဲ့အဖြစ်မျိုးနဲ့ ကြုံမှာကို အဘိုးက စိုးရိမ်ခဲ့တယ်။ အဲဒါကြောင့် ကျနော်ရဲ့ပထမဆုံး နွားကလေးကို တိတ်တိတ်လေး မွေးခဲ့ရတယ်” ဟုဦးသန်းမြင့်ကပြောသည်။ သို့သော်လည်း သူ၏ မြေးဖြစ်သူက နွား မွေးမြူရေးကို အမှန်တကယ် စိတ်ဝင်စားကြောင်း သိရှိသွားသည့်အခါ ဦးဖိုးသောင်းက နွားများကို မည်ကဲ့သို့ ဂရုစိုက် ထိန်းကျောင်းပြုစုရမည် ဆိုသည် များကို ပျော်ရွှင်စွာပင် အကြံဉာဏ်များ ပေးခဲ့ပါသည်။ ယနေ့တွင် ဦးသန်းမြင့်၏ TM နို့ထွက်ပစ္စည်း လုပ်ငန်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်ပြီး ဝန်ထမ်းအင်အား ၇၀ ဖြင့် ၁ လီတာဝင် နို့ပုလင်း ၃၀ဝ၀ နေ့စဉ် ထုတ်လုပ်ပေးနေပြီ ဖြစ်သည်။ ဈေးကွက်သစ် ၁၉၈၀ ခုနှစ်များတွင် ဦးသန်းမြင့်က လတ်ဆတ်သော နွားနို့များကို စတင်ရောင်းချခဲ့ပြီး နို့စားနွားမ ၆ ကောင် ပိုင်ဆိုင်နေပြီ ဖြစ်သည်။ “အဲဒီ့အချိန်တုန်းက နို့လုပ်ငန်းပိုင်ရှင် အားလုံးနီးပါးက တရုတ်လူမျိုး၊ အိန္ဒိယလူမျိုးတွေ ချည်းပဲ။ သူတို့က ကျနော်တို့လို နွားတွေ ထပ်တိုးပြီးမမွေးဘူး။ ကျနော်တို့ဆီက နွားနို့တွေဝယ်ပြီးတော့ အဲဒီကနေမှ အမြတ်တင်ရောင်းကြတယ်။ ကျနော်တို့ကကိုယ်တိုင် အပင်ပန်းခံပြီးမွေးရပေမယ့် သူတို့လို အမြတ်ကြီး မစားပါဘူး” ဟု ဦးသန်းမြင့်ကပြောသည်။ သူ၏ ဝါသနာက ဖွံ့ဖြိုးသည့် လုပ်ငန်းတခု ဖြစ်လာခဲ့ပြီး ၁၉၉၁ ခုနှစ်က ချောင်းဆုံမြို့နယ်တွင် နို့ချက် စက်ရုံတခု တည်ထောင်နိုင်ခဲ့ပါသည်။ ၈နှစ် ကြာသောအခါ နွားအကောင်ရေ ၁၀ဝ ကို ပိုင်ဆိုင် လာခဲ့သော်လည်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်လာရသည်။ ဈေးကွက်က သူ၏ ထုတ်လုပ်မှုထက် သေး ငယ်နေသည်။ “စဉ်းစားစရာ နှစ်ခုပဲရှိပါတယ်။ ကျနော့် နွား တွေကို လျှော့ရမလား ဒါမှမဟုတ် ပိုကြီးတဲ့ဈေးကွက်ကို ရွှေ့မလား ဆိုတာပါပဲ”ဟု ဦးသန်းမြင့် ကပြော သည်။ သူတန်ဖိုးထားရသော နွားမွေးမြူရေးလုပ်ငန်းကို မစွန့်လွှတ်နိုင်သောကြောင့် လုပ်ငန်းများကို ရန်ကုန်သို့ ပြောင်းရွှေ့ရန် ဦးသန်းမြင့် ဆုံးဖြတ်ခဲ့ပါ သည်။ “ကျနော်ရဲ့ လုပ်ငန်းတွေကို ပိုပြီး တိုးတက်စေချင်တယ်။ ပြီးတော့ မြို့ကြီးကို ပြောင်းဖို့ ဆုံးဖြတ်ရတာက သားတွေကိုလည်း အတွေ့အကြုံ ဗဟုသုတတွေ ရစေချင်တာကြောင့်ပါ” ဟု သူကပြောသည်။ မွေးမြူရေးခြံအတွက် သင့်လျော်မည့်မြေနေရာကို တနှစ်နီးပါးကြာအောင် ရှာဖွေခဲ့ရပြီးနောက် သူ၏ ဇာတိမြေမှ ရန်ကုန်သို့ ပြောင်းရွှေ့ရန် သက်ဆိုင်ရာထံမှ တရားဝင် ခွင့်ပြုချက်ရရှိခဲ့သည်။ ၂၀ဝ၀ ပြည့်နှစ်တွင် မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့သို့ မိသားစုလိုက် ပြောင်းရွှေ့လာခဲ့ကြသည်။ “ကျနော် စရောက်တဲ့ အချိန်မှာ တခြားခြံတွေက ကျနော့်ခြံထက် ပိုပြီးကြီးပါတယ်”ဟု ဦးသန်းမြင့်က ပြောသည်။ တရုတ်လူမျိုးပိုင် Fun Hwa နှင့် Super Cow တို့ အပါအဝင် အခြားခြံများသည် နွားကောင်ရေ ၄၀ဝ နီးပါးခန့်ရှိခဲ့ကြသည်။ နွားနို့များကို ရန်ကုန်မြို့လယ်တွင် တနေ့ ၂ ကြိမ် ကားဖြင့် လာရောက်ရောင်းချပေးပြီး မော်လမြိုင်မှ ဖောက်သည်များ ထံသို့လည်း နို့ဆီများ ပုံမှန်တင်ပို့ ရောင်းချပေးပါသည်။ ၂၀ဝ၅ခုနှစ်တွင် သူ၏ နာမည်အတိုကောက် ဖြစ်သော TM အမည်ဖြင့် ပိုးသတ်ထားပြီးဖြစ်သော နွားနို့များကို စတင်ထုတ်လုပ်ခဲ့ပြီး City Mart ကဲ့သို့ လက်လီဖြန့်ချိနိုင်သော ဆိုင်ကြီးများကို ဦးတည်ရောင်းချခဲ့သည်။ ထိပ်တန်းအရည်အသွေး ထိုအချိန်တွင် Fun Hwa ၊ Pyin Ma Pin ၊ Super Cow ၊ Walco နှင့် Silvery Pearl အပါအဝင် နို့ထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်း ၁၀ ခုကျော်တို့က ဈေးကွက်တွင် နေရာယူထားကြပြီး ဖြစ်သည်။ ဦးသန်းမြင့်က လုပ်ငန်းအသစ် တခုအနေဖြင့် ၄င်းတို့ကို ခက်ခက်ခဲခဲ ကြိုးစားယှဉ်ပြိုင်ခဲ့ရသည်။ “ကျနော်က အကောင်းဆုံး အရည်အသွေးကို ထိန်းထားပြီး တခြားသူတွေထက်နည်းတဲ့ ဈေးနှုန်းနဲ့ ရောင်းချခဲ့ပါတယ်” ဟု သူက ရှင်းပြသည်။ ရေ သို့မဟုတ် အခြားအရာများနှင့် ရောနှောခြင်း မပြုဘဲ ရေရောခြင်း၊ အခြားပစ္စည်းများနှင့် ရောနှာခြင်း မပြုလုပ်ဘဲ ကိုယ်ပိုင်မွေးမြူရေးခြံများမှ သဘာဝ နွားနို့များကိုသာ ရောင်းချခဲ့သည်ဟုလည်း ထပ်ပြော သည်။ TM ၏ အရည်အသွေးမြင့် နို့များ ထုတ်လုပ်ရန် အားထုတ်မှုက အလကားမဖြစ်ခဲ့ပါ။ အများက သတိပြုမိလာကြပါသည်။ မကြာသေးမီက နယူးဇီလန်နိုင်ငံမှ ပညာရှင်တယောက်က ရန်ကုန်မြို့မှ နို့ထွက်ပစ္စည်းများကို စစ်ဆေး အကဲဖြတ်ခဲ့သည်ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်ဦးက ပြောသည်။ နို့စားနွားများ သားဖောက်ခြင်းလုပ်ငန်း ဖွံ့ဖြိုးရေး အတွက် လုပ်နေသော အဆိုပါ ကျွမ်းကျင်ပညာရှင်က မတ်လတွင် နိုင်ငံတွင်းရှိ နို့ထွက်ပစ္စည်းများကို စုစည်းခဲ့ပြီး ဘန်ကောက်မြို့မှ ဓာတ်ခွဲခန်း တခုတွင် စမ်းသပ်စစ်ဆေးရန် ယူဆောင်သွားခဲ့သည်။ “ရလဒ်ထွက်လာတော့ TM နွားနို့က အရည်အသွေး အကောင်းဆုံးဆိုတာ တွေ့ရပါတယ်”ဟု ဒေါက်တာ ခင်မောင်ဦးက ပြောသည်။ နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းကို နှစ်ပေါင်း ၄၀ ကြာ တစိုက်မတ်မတ် လုပ်ကိုင်ခဲ့သည့် အတွက် သမ္မတ ဦးသိန်းစိန်က ၂၀၁၄ ခုနှစ်တွင် Excellent Performance Award ကို ချီးမြှင့်ခြင်း ခံခဲ့ရသော်လည်း အစိုးရက ၄င်းတို့ကဲ့သို့ မွေးမြူရေး လုပ်ငန်းများ တိုးတက်ရေးအတွက် အခြား အထောက်အကူပေးခြင်းမျိုး မရှိဟု ဦးသန်းမြင့်ကပြောသည်။ လုပ်ငန်းချဲ့ပြီ ရန်ကုန်ကို ပြောင်းရွေ့ခဲ့ပြီး ၁၅ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သည့် ယခုအချိန်တွင် TM နွားနို့ခြံ၌ နွားကောင်ရေ ၁၂၀ဝ အထိ တိုးပွားလာပြီး ဦးသန်းမြင့်က နေပြည်တော်တွင် နွားကောင်ရေ ၅၀ ဖြင့် မွေးမြူရေးခြံ အသစ်တခု ထပ်မံဖွင့်လှစ်ခဲ့ပါသည်။ မိမိလုပ်ငန်း၏ ဝယ်လိုအားများနှင့် သူမွေးမြူ ထားသည့် တိရစ္ဆာန်များ၏ သက်သာချောင်ချိရေးကို ဟန်ချက်ညီမျှစေရန် အမြဲတမ်းသတိပြုနေသည့် ဦးသန်းမြင့်က သူ၏နွားများကို စောင့်ရှောက်နိုင်မည့် အကောင်းဆုံးနည်းလမ်းများကို ဆက်လက် ရှာဖွေနေလျက်ရှိပါသည်။ ဦးသန်းမြင့်သည် သားဖြစ်သူ၏ အကူအညီဖြင့် အမေရိကန်နိုင်ငံတွင် အသုံးပြုနေသော နွားရုံကဲ့သို့ တည်ဆောက်ရန် စီစဉ်နေသည်။ တန်ဖိုးကြီးမားသည့် ထိုနွားရုံသည် ၂ ဘီလီယံကျပ် တန်ဖိုးရှိပြီး နွား ကောင်ရေ ၂၅၀ ထားနိုင်မည် ဖြစ်သည့်အတွက် ဦးသန်းမြင့် အတွက်ကတော့ တန်ပါသည်။ “ကျနော့် မွေးမြူရေးခြံက နိုင်ငံတွင်းမှာ အကြီး ဆုံးလုပ်ငန်းတခုဖြစ်လာပေမယ့် အသုံးပြုတဲ့ နည်း စနစ်တွေကတော့ နိုင်ငံတကာနဲ့ယှဉ်ရင် ခေတ်မမီ သေးပါဘူး။ ဒါကြောင့် ကျနော်ကအခု ခေတ်မီတဲ့ နွားရုံတခုကို တည်ဆောက်နေတာပါ။ အဲဒီထဲမှာ ဆိုရင် နွားတွေကို ကောင်းကောင်းမွန်မွန် ထားနိုင် မယ်။ သူတို့ လမ်းလျှောက်ဖို့၊ လဲလျောင်းဖို့ နေရာ တွေ ပိုရလာနိုင်ပါတယ်” ဟု ဦးသန်းမြင့်ကပြောသည်။ ဦးသန်းမြင့်၏ တိရစ္ဆာန်များအပေါ် ချစ်ခင်ခြင်း စွဲလမ်းခြင်းက သူ့ကို အယုံအကြည်မရှိသော အဖိုး ဖြစ်သူထံမှ ယုံကြည်မှုရခဲ့သည်သာမက ဇနီးဖြစ်သူ ထံမှ ယုံကြည်မှုရရှိရန်လည်း အထောက်အကူဖြစ်ခဲ့ သည်။ အခြားသူများဆိုလျှင် အခက်အခဲနှင့် ရင်ဆိုင် လာရပါက နွားများ ထပ်မွေးရန် လက်လျှော့ကောင်း လက်လျှော့ကြမည် ဖြစ်သော်လည်း ခေါင်းမာသော သူ၏ခင်ပွန်းဖြစ်သူ ဦးသန်းမြင့်ကတော့ အလျှော့ မပေးဘဲ မိသားစုပိုင် လက်ဝတ်ရတနာများကို ရောင်းချပြီး လုပ်ငန်းကိုဆက်လုပ်ဖွယ်ရာရှိသည်ဟု ဇနီးသည် ဒေါ်တင်ရွှေကပြောသည်။ “၁၉၈၀ခုနှစ်တုန်းက ဒီနွားမွေးမြူရေးကို ဆက် မလုပ်ဖို့ ကျမသူ့ကို ပြောခဲ့ပါသေးတယ်။ ဘာလို့ လည်းဆိုတော့ အရမ်းပင်ပန်းလို့ပါ။ ကျမတို့က တနေကုန် အပြင်လည်းမထွက်နိုင်ဘဲ နွားခြံထဲမှာ နေနေရတော့ လူမှုရေးတွေလည်း ပျက်ကွက်လာ တယ်”ဟု ဒေါ်တင်ရွှေကပြောသည်။ သို့သော်သူ၏ ဘဝတလျှောက်လုံး နွားမွေး မြူရေးလုပ်ငန်းတွင် မြှုပ်နှံခဲ့မှုက ဇနီးဖြစ်သူကိုလည်း တဖြည်းဖြည်းနှင့် နားလည်ပေးနိုင်လာစေခဲ့သည်။ “သူက နွားတွေကိုအရမ်းချစ်တာ။ အဲဒါကြောင့် ကျမလည်း သူ ဝါသနာပါတာ လုပ်ပါစေဆိုပြီး လွှတ် ပေးထားပြီး ဘေးက တတ်နိုင်သလောက်ကူညီပေး နေပါတယ်” ဟု ဒေါ်တင်ရွှေက အပြုံးဖြင့်ပြောသည်။ (၂၀၁၅ ခုနှစ် မေလထုတ် The Irrawaddy မဂ္ဂဇင်းမှ San Yamin ၏ “The Cows That Keep On Giving” ကို ဆုမွန်ဖြိုးဘာသာပြန်သည်။)

http://burma.irrawaddy.org/business/2015/05/28/75621.html

No comments:

Post a Comment