Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 19, 2015

နှစ်ပေါင်းထောင်ချီ တည်မြဲခဲ့သော ချီလီနိုင်ငံမှ မမ်မီ ရုပ်အလောင်းများ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုကြောင့် အရည်ပျော်လာ




ဆန်တီယာဂို ၊ ၁၈-၅-၂၀၁၅

နှစ်ပေါင်း ၄ဝဝဝ ကျော် တိုင်အောင် ချီလီနိုင်ငံ အာတာကာမာ သဲကန္တာရကြီး အတွင်း မြေမြှုပ် ထားခဲ့သော မမ်မီ ရုပ်အလောင်း များကို တာရာပါကာ တက္ကသိုလ် ပြတိုက်တွင် ထိန်းသိမ်း ထားရှိသည်။ ယခုအခါ ရာသီဥတု ဖောက်ပြန်မှု များကြောင့် ၄င်း မမ်မီ ရုပ်အလောင်း များသည် အရည်ပျော်ကျ လာနေသည်ကို ထူးထူးဆန်းဆန်း တွေ့ရှိနေ ရသည်။

နှစ်ပေါင်းများစွာ မိုးမရွာခဲ့သော အာတာကာမာ သဲကန္တာရ ကြီးတွင် မိုးရွာသွန်းခြင်း ဟူသည် ကြားပင် မကြားဖူး ခဲ့သော်လည်း မကြာသေးမီက ၄င်းဒေသတွင် မိုးရွာသွန်းမှုနှင့် ရေကြီးမှုများ ဖြစ်လာသည်က အံ့သြဖွယ်ရာ ဖြစ်စေသည်။

အဆိုပါ မမ်မီ ရုပ်အလောင်း များမှာ ချီလီနိုင်ငံ၏ အံ့သြဖွယ် ကောင်းသော ရှေးဟောင်း အမွေအနှစ် များဖြစ်ပြီး ပထမဆုံးသော မမ်မီ ရုပ်အလောင်း (ပုံ)ကို လွန်ခဲ့ သော နှစ်ပေါင်း ၁ဝဝ ကျော် ကာလက စတင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အချို့သော မမ်မီ ရုပ်အလောင်းများ တွင် မွေးကင်းစ သန္ဓေသား အရွယ် ကလေးများပင် ပါဝင်ပြီး တွေ့ရှိသော အချိန်က တစ်စုံတစ်ရာမျှ အပျက်အစီး၊ အထိအခိုက် မရှိကြောင်း တွေ့ရှိခဲ့သည်။

၎င်း ရုပ်အလောင်း များသည် ကမ္ဘာပေါ်တွင် သက်တမ်း အရှည်ဆုံး မမ်မီ ရုပ်အလောင်း များဟု ယုံကြည် ထားကြပြီး ချီလီနိုင်ငံ တာရာပါကာ တက္ကသိုလ် ပြတိုက်မှူး မာရီဆန်တိုစ် က ပြီးခဲ့သော နှစ်အနည်းငယ် က အဆိုပါ မမ်မီ ရုပ်အလောင်း များတွင် အချို့မှာ ပုပ်သိုး လာနေကြပြီး အနက်ရောင် အရည်များ ယိုစိမ့် ထွက်လာ နေကြောင်း စစ်ဆေး တွေ့ရှိခဲ့ ကြသည်။

အဆိုပါ မမ်မီ ရုပ်အလောင်း များသည် လွန်ခဲ့သော နှစ်ပေါင်း ဘီစီ ၅ဝဝဝ ကျော်က ချီလီနိုင်ငံ မြောက်ပိုင်း ကမ်းရိုးတန်း ဒေသရှိ မီးတောင် ပေါများသော ဒေသကြီးတွင် နေထိုင်ခဲ့ကြသော Chinchorro မျိုးနွယ်စု တစ်စုဟု သိရသည်။

သို့ဖြစ်၍ အမေရိကန် နိုင်ငံ ဟားဗက် တက္ကသိုလ်မှ သိပ္ပံပညာရှင် ရေးမစ်ရှဲလ် ကို တွေ့ဆုံ ဆွေးနွေးခဲ့ရာ ၄င်းရှေးဟောင်း မမ်မီ ရုပ်အလောင်းများ ပျက်စီး လာမှုများသည် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲ လာခြင်းကြောင့် ဟု ရှင်းပြသည်။ ချီလီနိုင်ငံ မြောက်ပိုင်းတွင် လွန်ခဲ့သော ၁ဝ နှစ်ကျော်က စ၍ ရာသီဥတုသည် ပို၍ စိုစွတ် လာခဲ့ပြီး ထူးဆန်းသည့် Microflora ပိုးမွှား တစ်မျိုးကြောင့် ဟု အဖြေထွက် ရှိလာခဲ့သည်။

၎င်း ပိုးအမျိုးအစား ကိုပင် အမေရိကန် နိုင်ငံ ဝါရှင်တန်မြို့တော် ရှိ အမေရိကန် အမျိုးသား ပြတိုက်ကြီးတွင် ပြသထားသော အပိုလို အာကာသ ဝတ်စုံများ ပျက်စီးလာမှုကို စစ်ဆေး ခဲ့စဉ်က အနက်ပြောက်များ စတင် တွေ့ရှိခဲ့ပြီး ပိုးမွှားတစ်မျိုး ဖြစ်သည့် Microflora တိုက်စားမှုကြောင့် ဟု တွေ့ရှိ ခဲ့ဖူးကြောင်း သိပ္ပံပညာရှင် မစ်ရှဲလ် က ရှင်းပြသည်။ ကမ္ဘာ တစ်ဝန်းရှိ ပြတိုက်များ ကိုပါ ၄င်းပိုးမွှားများ၊ ပျက်စီးမှု များကို သတိပေး ပြောကြား ထားကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment