Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 11, 2015

အရက်၊ ဘီယာ၊ ၀ိုင်၊ စီးကရက် အရောင်းရပ်ထားသည့်ဆိုင်များ သုံးစွဲသူတောင်းဆိုမှုကြောင့် ပြန်ရောင်းမည်

စတိုးဆိုင်တစ်ဆိုင်တွင် ယခင်ရောင်းချခဲ့သော ယမကာပုလင်းများ /ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
 နိုင်ငံခြားဖြစ်အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက်ရောင်းချခြင်း ရပ်ဆိုင်းထားသည့် စတိုးဆိုင် ၃၀၀ ကျော်က ပြန်လည်ရောင်းချရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း ဒုဥက္ကဋ္ဌ ဦးမျိုးမင်းအောင်ကပြောသည်။

စတိုးဆိုင်ကြီးပေါင်း ၂၂ ဆိုင်၊ ဆိုင်ခွဲပေါင်း ၃၀၀ ကျော်သည် နှစ်လကျော်ကြာ ရောင်းချခြင်းရပ်ဆိုင်းထားသည့် နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ စီးကရက်၊ ၀ိုင်များကို သုံးစွဲသူများ၏ တောင်းဆိုမှုကြောင့် ပြန်လည်ရောင်းချရန် စီစဉ်နေသည်ဟု ဆိုသည်။


‘‘ဆိုင်ပိုင်ရှင်တွေအားလုံးနဲ့ ပြန်ရောင်းဖို့ကိစ္စအတွက်အစည်း အဝေးပြန်ထိုင်မယ်။ အများရဲ့သ ဘောနဲ့ ဆုံးဖြတ်သွားမှာပါ’’ဟု ဦး မျိုးမင်းအောင်ကပြောသည်။

ရောင်းချခြင်းရပ်ဆိုင်းလိုက်သည့် နှစ်လခွဲအတွင်း ၀ယ်ယူသူများဘက်မှ မကြာခဏမေးမြန်းခြင်း၊ ၀ယ်ယူ၍ မရသဖြင့်ပြဿနာ ရှာခြင်း၊ကြိမ်းမောင်းခြင်းတို့ ပြု လုပ်သဖြင့် ယခုကဲ့သို့ ပြန်လည် ရောင်းချရန်စီစဉ်ရခြင်းဖြစ်သည်ဟု စတိုးဆိုင်ပိုင်ရှင်တစ်ဦးက ဆို သည်။

‘‘ဆိုင်က ၀န်ထမ်းတွေနဲ့ ခဏခဏ ပြဿနာတတ်တယ်။ အရင်ကရောင်းပြီး အခုဘာလို့မရောင်းတာလဲ။ နိုင်ငံခြားသားတွေကလည်း အမြဲမေးတယ်’’ဟု စမ်းချောင်းမြို့နယ် ABC စတိုးဆိုင် အရောင်းမန်နေဂျာ တစ်ဦးက ပြောသည်။

အထူးသဖြင့် နိုင်ငံခြား အရက်ထက် နိုင်ငံခြားဖြစ် ဘီယာများ ၀ယ်ယူရန် ခက်ခဲခြင်းအပေါ် ၀ယ်ယူသူများဘက်မှ မကြာခဏ ဖြေရှင်းချက် တောင်းလေ့ရှိ ကြောင်း အထက်ပါမန်နေဂျာက ဆိုသည်။

နိုင်ငံခြားဖြစ်အရက်၊ ဘီယာ ရောင်းချခြင်းများ ရပ်ဆိုင်းထားချိန်တွင် တစ်ဖက်၌ ပြည်တွင်းထုတ် အရက်၊ ဘီယာရောင်းအားကလည်း ထင်သလောက်တက်မလာကြောင်း စတိုးဆိုင်ပိုင်ရှင်တစ်ဦးကဆိုသည်။

‘‘ကျွန်တော်တို့ကို ပြည်တွင်းက လုပ်ငန်းရှင်တွေနဲ့ ပေါင်းပြီးတော့ သူတို့ ကုန်ပစ္စည်းတွေ ရောင်းကောင်းအောင်လို့ နိုင်ငံခြားဖြစ်တွေမတင်တာဆိုပြီး စွပ်စွဲခံရတွေလည်းရှိတယ်’’ဟုအထက်ပါ စတိုးဆိုင်ပိုင်ရှင်ကဆိုသည်။

နိုင်ငံခြားဖြစ်အရက်မှာ ဈေးကြီး၍ ၀ယ်ယူမသောက်သုံးနိုင်သော်လည်း နိုင်ငံခြားဖြစ်ဘီယာ အချို့မှာ ဈေးနှုန်းသက်သာပြီး သောက်သုံး၍ ကောင်းသောကြောင့် ရောင်းချခဲ့စဉ်က လွန်စွာ အဆင်ပြေခဲ့ပြီး ယခုပြန်လည်ရောင်းချမည်ဆိုပါက အဆင်ပြေကြောင်း ကုမ္ပဏီဝန်ထမ်းတစ်ဦး ကပြောသည်။

‘‘ညမိုးချုပ်ရင် ၀ယ်လို့ရတဲ့ ဆိုင်ကရှားတယ်။ ရှိတဲ့၂၄နာရီ ရောင်းတဲ့ဆိုင်လေးတွေကလည်း အရက်၊ ဘီယာအမျိုးအစားအစုံအလင်မရှိတော့ တော်တော်လေး အခက်တွေ့နေတယ်’’ဟု အထက်ပါ ၀န်ထမ်းကဆိုသည်။

စတိုးဆိုင်များတွင် အရက်၊ဘီယာ၊ ၀ိုင်၊ စီးကရက်ရောင်းချ ခြင်းအပေါ် အစိုးရက တရားဝင် တင်သွင်းရောင်းချခွင့်မပြုထားသ ဖြင့် လုပ်ငန်းရှင်များဘက်မှ ပြီးခဲ့သည့် ဖေဖော်ဝါရီက ရောင်းချ ခြင်းကို တရားဝင်ရပ်ဆိုင်းလိုက်သည်။ ရောင်းချခွင့်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ရက်မှစ၍ ABC၊ City Mart ၊ Ocean Spuer Centre ၊ Ruby Mart၊ ဂန္ဓမာ၊ ဂမုန်းပွင့် အစရှိသော ဆိုင်ပေါင်း ၂၂ဆိုင်မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ဆိုင်ခွဲပေါင်း ၃၀၀ကျော်ကို ရောင်းချခွင့်ရပ်ဆိုင်းရန် လုပ်ငန်းရှင်များက သဘောတူခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားဖြစ်အရက်၊ ဘီယာ၊ စီးကရက်နှင့် ၀ိုင်များမှာ ဟိုတယ်ခရီးဝန်ကြီးဌာနထောက်ခံချက် ပါရှိမှသာ တင်သွင်းခွင့်ပေးထားသောကြောင့် လက်ရှိစတိုးဆိုင်များ၌ ရောင်းချ နေသည့် ဘီယာ၊အရက်များမှာ အခြားပြည်ပကုန်သွယ်ရေးလမ်းကြောင်းများမှ တင်သွင်းလာသည့် ပစ္စည်းများကို ရယူရောင်းချနေခြင်းဖြစ်သည်။

၂၀၁၅-၁၆ဘဏ္ဍာနှစ်တွင် အရက်၊ ဘီယာနှင့် စီးကရက်ခွန် များကို ၁၀ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ကောက်ခံရန် ပြည်ထောင်စုအခွန်ကောက်ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

အထက်ပါဥပဒေကြမ်းတွင် စီးကရက်ခွန်ကို ယခု ၁၀၀ရာခိုင်နှုန်းကောက်ခံရာမှ လာမည့်ဘ ဏ္ဍာနှစ်၌ ၁၂၀ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ပြီး အမြင့်ဆုံးအခွန် ကောက်ခံမှုဖြစ်ကာ အခြားဆေးရွက်ကြီးနှင့် ဆက်စပ်ပစ္စည်းဖြစ်သည့် ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ကွမ်းစားဆေးများကို ၅၀ ရာခိုင်နှုန်းမှ ၆၀ရာခိုင်နှုန်း တိုးမြှင့်မည်ဟု ဥပဒေကြမ်း၌ ဖော်ပြသည်။ ထို့အပြင် အရက်၊ ဘီယာများကိုလည်း မူလ ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမည်ဟု ဖော်ပြထားသည်။
http://7daydaily.com/story/36995#.VVEwG5M2XYh

No comments:

Post a Comment