Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 8, 2015

အစိုးရကျောင်း၊ ကိုယ်ပိုင်ကျောင်းနှင့် အင်တာနေရှင်နယ်ကျောင်း ရွေးချယ်မှု


လာမည့်ပညာသင်နှစ်တွင် မိမိရင်သွေးကို ကျောင်းအပ်နှံကြမည့် မိဘများအနေဖြင့် ရွေးချယ်စရာ အခွင့်အလမ်းရှိနေသည်။ အစိုးရကျောင်းအပ်မည်လား၊ ကိုယ်ပိုင်ကျောင်းတက်စေမည်လား၊ အင်တာနေရှင်နယ်ကျောင်းထားမည်လား စဉ်းစားဆုံးဖြတ်နိုင်မည်ဖြစ်သည်။

ယခင်က ပညာရေးအခွင့်အလမ်းအတွက် အစိုးရကျောင်းများကိုသာ အားထားနေခဲ့ရာမှ ယခုနှစ်ပိုင်းတွင် ကိုယ်ပိုင်ကျောင်းများ ပိုမိုများပြားလာသလို ၀င်ငွေမြင့်လာသော မိသားစုများအတွက် အင်တာနေရှင်နယ်ကျောင်းဈေးကွက်လည်း ကြီးမားလာသည်။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အစိုးရကျောင်းများတွင် သူငယ်တန်းတက်ရောက်သော ကျောင်းသားဦးရေသည် ၁ ဒသမ ၂၇၇ သန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ကျေးလက်ဒေသများတွင်သာမက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီးစသည့် မြို့ကြီးများရှိ ကျောင်းသားအများစုသည် အစိုးရကျောင်းများကို အားထားနေရဆဲဖြစ်သည်။

ယခုနှစ်များအတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပြင်ဦးလွင်၊ တောင်ကြီး၊ မြိတ်၊ လာရှိုး၊ မြစ်ကြီးနားနှင့် အခြားမြို့ကြီးများတွင် ကိုယ်ပိုင်ကျောင်းနှင့် အင်တာနေရှင်နယ်ကျောင်းများ ပေါ်ပေါက်လာခဲ့သည်။ ယခင်က အစိုးရကျောင်းကိုသာ ရွေးချယ်စရာရှိနေသော မြို့ကြီးများတွင် ပုဂ္ဂလိကပညာရေးအခွင့်အလမ်းရှိလာခြင်းဖြစ်သည်။

စီးပွားရေးမြို့တော်ရန်ကုန်တွင် အစိုးရကျောင်းအပ်နှံမည်ဆိုပါက မိမိနေထိုင်သော မြို့နယ်တွင် အခက်အခဲမရှိနိုင်သော်လည်း အခြားမြို့နယ်ရှိ နာမည်ကြီးကျောင်းတွင် နယ်ကျော်အပ်နှံလိုပါက ငွေကုန်ကြေးကျမှုရှိနိုင်သည်။

‘‘ကိုယ်ပိုင်ကျောင်းမှာ ထားမလို့ပဲ။ ကျောင်းအပ်တဲ့အခါ တိုးဝှေ့စရာလည်း မလိုဘူး။ ကလေးလက်ဆွဲပြီး တန်းအပ်လို့ရတယ်လေ။ ကျောင်းလခက တစ်လကျပ်ငါးသောင်း၊ ကားခက ကျပ်သုံးသောင်း၊ အားလုံးပေါင်း တစ်လကျပ်ရှစ်သောင်းဆိုတော့ အဆင်ပြေတယ်လေ’’ဟု သူငယ်တန်းကျောင်းအပ်နှံမည့် ကလေးမိခင်တစ်ဦးကပြောသည်။

သို့သော် ကိုယ်ပိုင်ကျောင်းအပ်နှံပါက အတန်းကြီးမြင့်လာချိန်တွင် ကုန်ကျမည့်စရိတ်ကို စိုးရိမ်မိသလို ကိုယ်ပိုင်ကျောင်းနှင့်ပတ်သက်ပြီး အပြည့်အ၀ယုံကြည်မှုမရှိသေး၍ ဆုံးဖြတ်ချက် ပြောင်းလဲလိုက်ကြောင်း အသက်(၃၀)အရွယ် အမျိုးသမီးကဆိုသည်။

‘‘အတန်းငယ်တုန်း ကျောင်းလခတတ်နိုင်ပေမယ့် အတန်းကြီးလာချိန်မှာ ကုန်ကျစရိတ်တက်လာနိုင်တယ်။ တစ်ခုခုအဆင်မပြေလို့ အစိုးရကျောင်း ပြောင်းထားရင် ကလေး စာလိုက်နိုင်ပါ့မလားလည်း စိုးရိမ်တယ်။ အဲဒါကြောင့် အစိုးရကျောင်းပဲထားဖို့ ဆုံးဖြတ်လိုက်တယ်။ ဘယ်လောက်ကုန်ဦးမလဲ မသိသေးဘူး။ မနှစ်ကတော့ အသိတစ်ယောက်အပ်တာ လေးသိန်းပေးရတယ်ပြောတယ်’’ ဟု စမ်းချောင်းမြို့နယ်ရှိ နာမည်ကြီးကျောင်းတစ်ခုတွင် နယ်ကျော်၍ ကလေးကျောင်းအပ်ရန် စီစဉ်နေသော အထက်ပါအမျိုးသမီးကပြောသည်။

လာမည့်ပညာသင်နှစ်တွင် အခြေခံပညာအဆင့်အတန်းအားလုံး၌ ကျောင်းလခ၊ မိဘ၊ ဆရာကြေး၊ ပြဋ္ဌာန်းစာအုပ်ကြေးများ ပေးသွင်းရန် လိုအပ်မည်မဟုတ်ဘဲ မူလတန်းကျောင်းသားအားလုံးအတွက် ဗလာစာအုပ်ခြောက်အုပ်နှင့် ကျောင်းဝတ်စုံတစ်စုံပေးအပ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ပြောကြားထားသည်။

ပညာရေးဝန်ကြီးဌာနသည် ၂၀၁၂ တွင် အစိုးရသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားပို့ချသော ကိုယ်ပိုင်ကျောင်းများကို တရားဝင်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ယခုအခါတစ်နိုင်ငံလုံး၌ ကိုယ်ပိုင်ကျောင်း ၂၀၀ နီးပါး ခွင့်ပြုထားကြောင်း သိရသည်။

သို့သော် ကိုယ်ပိုင်ကျောင်းများ၏ ရာခိုင်နှုန်းအနည်းငယ်သာ မူလတန်းအဆင့်ကို သင်ကြားပို့ချနေသောကြောင့် သူငယ်တန်းကျောင်းအပ်နှံမည့် ကျောင်းသားမိဘများအတွက် ရွေးချယ်စရာ အကန့်အသတ်သာရှိနေသည်။

ကိုယ်ပိုင်ကျောင်းများသည် နိုင်ငံတော်က ပြဋ္ဌာန်းထားသော သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားပို့ချနေခြင်းဖြစ်ပြီး အစိုးရအသိအမှတ်ပြု ကျောင်းဖြစ်သောကြောင့် ပြည်တွင်းရှိ တက္ကသိုလ်များတွင် တက်ရောက်ပညာသင်ယူခွင့် ရရှိမည်ဖြစ်သည်။

အစိုးရကျောင်းများနှင့် အဓိကကွာခြားချက်မှာ ကျူရှင်အတွက် အချိန်ပေးရသော အခြေအနေမှ ကင်းလွတ်မည် ဖြစ်သော်လည်း အစိုးရကျောင်းများကဲ့သို့ ကွဲပြားခြားနားသော ကလေးငယ်အချင်းချင်း တစုတဝေးတွေ့ဆုံမှုနှင့် ကျယ်ပြန့်သော ကျောင်းပတ်ဝန်းကျင်မျိုးကို ကြုံတွေ့ခံစားရခွင့် နည်းပါးနေသည်။

နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲနှင့်အတူ ၀င်ငွေတိုးမြင့်လာသော မိသားစုများသည် အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့၏ သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပို့ချသော အင်တာနေရှင်နယ်ကျောင်းကို ရွေးချယ်လာကြသည်။

ပြည်တွင်းရှိ အင်တာနေရှင်နယ်ကျောင်းအများစုသည် ဗြိတိန်နိုင်ငံ၏ သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပို့ချနေခြင်းဖြစ်ပြီး စင်ကာပူ၊ ဗြိတိန်၊ သြစတြေးလျ စသည့်နိုင်ငံများတွင် အဆင့်မြင့်ပညာသွားရောက်သင်ယူလိုသော ကျောင်းသားများအတွက် အဓိကရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်သည်။

‘‘ILBC ကတော့ Pre-School (မူလတန်းကြို)မှာကတည်းက လာအပ်တဲ့ကျောင်းသားတွေများပါတယ်။ သက်ဆိုင်ရာတန်းတွေမှာ ၀င်ခွင့်လက်ခံတာက အခက်အခဲရှိတယ်။ အတန်းအဆင့်နိမ့်နေရင် လက်ခံဖို့ခက်တယ်။ ဒီမှာတော့မရှိသလောက်ပါပဲ’’ဟု ILBC တည်ထောင်သူ ဦးတင်မောင်ဝင်းကပြောသည်။

ILBC အင်တာနေရှင်နယ်ကျောင်းသည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ငူ၊ တောင်ကြီး၊ မြိတ်၊ လားရှိုးနှင့် မြစ်ကြီးနားမြို့တို့တွင် ကျောင်းများတည်ထောင်ထားပြီး နှစ်စဉ်ကျောင်းအပ်နှံသူ ၁,၅၀၀ ခန့်ရှိကြောင်း ၎င်းကဆိုသည်။

ယခုနှစ်များတွင် အင်တာနေရှင်နယ်ကျောင်းများ သိသိသာသာမြင့်တက်လာနေသော်လည်း ယင်းကျောင်းများတွင် နှစ်စဉ်ကျောင်းအပ်နှံနေသော ကျောင်းသားဦးရေမှာ ငါးထောင်မှ တစ်သောင်းကြားတွင် ရှိနေနိုင်ကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်နေသူများက သုံးသပ်သည်။

အင်တာနေရှင်နယ်ကျောင်းများသည် အင်္ဂလိပ်ဘာသာစကားကို အသုံးပြု၍ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့၏ သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားပို့ချနေသောကြောင့် မြန်မာကလေးငယ်များကို မြန်မာဘာသာစကား၊ မြန်မာ့ယဉ်ကျေးမှုတို့နှင့် အလှမ်းဝေးသွားစေသည်။ မိမိနေထိုင်ကြီးပြင်းသော နိုင်ငံ၏ မိခင်ဘာသာစကား နားလည်တတ်ကျွမ်းမှု အားနည်းစေသော စိန်ခေါ်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ပြည်တွင်းတက္ကသိုလ်များတွင် တက်ရောက်ပညာသင်ယူရန် အခွင့်အလမ်းနည်းပါးစေသည်။

‘‘တစ်လကို ဒေါ်လာ ၃၀၀-၄၅၀ တန်းလောက်ပါပဲဗျာ။ IGCSE အထိသွားပြီး ကလေးရမှတ်တွေပေါ် မူတည်ပြီး အင်္ဂလန်၊ စင်ကာပူလောက်မှာ ဒီဂရီတစ်ခုခုယူခိုင်းမယ်ပေါ့။ အခုထိတော့ ပြဿနာသိပ်မရှိသေးဘူး။ အတန်းမြင့်လာရင်တော့ နိုင်ငံတကာကျောင်းတွေမှာ ဆရာပြဿနာရှိတယ်ကြားတယ်။ ဘန်ကောက်လောက်မှာ သိပ်တိုးမပေါက်တဲ့ ဆရာတွေလောက်ပဲ ဒီဘက်ရောက်လာတာမျိုးဖြစ်မှာစိုးတယ်’’ဟု အင်တာနေရှင်နယ်ကျောင်းတစ်ခုတွင် တက်ရောက်ပညာသင်ယူနေသော ကျောင်းသားတစ်ဦး၏ဖခင်ကပြောသည်။ အင်တာနေရှင်နယ်ကျောင်းများသည် အတန်းကြီးမြင့်လာသည်နှင့်အမျှ ကျောင်းလခမြင့်တက်လျက်ရှိပြီး သက်ဆိုင်ရာအတန်းအလိုက် တစ်လလျှင် ကျပ်ခြောက်သိန်းမှ ကျပ်ဆယ်သိန်းကျော်ထိ ကုန်ကျစရိတ်ရှိနေသည်။

ထို့ပြင် အခြေခံပညာပြီးဆုံးပါက ပြည်ပသို့ စေလွှတ်၍ အဆင့်မြင့်ပညာသင်ယူရမည့် အခြေအနေရှိနေ၍ မိမိရင်သွေးပညာရေးအတွက် ကာလရှည်ငွေကြေးရင်းနှီးမြှုပ်နှံမှု အလားအလာကို ကြိုတင်တွက်ချက်ထားရန် လိုအပ်သည်။

စစ်အစိုးရလက်ထက်က ပညာရေးဝန်ကြီးဌာနသည် အင်တာနေရှင်နယ်ကျောင်းများကို လျစ်လျူရှုခဲ့သော်လည်း အစိုးရသစ်လက်ထက်တွင် အထိုက်အလျောက် အသိအမှတ်ပြုမှုရှိခဲ့သည်။

အင်တာနေရှင်နယ်ကျောင်းများမှ အစိုးရကျောင်းများသို့ ပြောင်းရွှေ့တက်ရောက်လိုသော ကျောင်းသားများအတွက် ၀င်ခွင့်စာမေးပွဲကို ၂၀၁၄ တွင် စတင်ဆောင်ရွက်ခဲ့ရာ သူငယ်တန်းမှ န၀မတန်းအထိ ၀င်ခွင့်ဖြေဆိုသူ ၃၀၀ ခန့်ရှိခဲ့သော်လည်း ယခုနှစ် မေလ ၁၁ ရက်တွင် ပြုလုပ်မည့် ၀င်ခွင့်စာမေးပွဲသို့ ၀င်ရောက်ဖြေဆိုရန် လျှောက်ထားသူ ၄၀ ကျော်သာရှိနေသည်။ အစိုးရသည် အင်တာနေရှင်နယ်ကျောင်းများမှ ကျောင်းသားများအတွက် အခွင့်အလမ်းတစ်ရပ် ဖန်တီးထားခြင်းဖြစ်သော်လည်း ဘာသာစကားအခက်အခဲ၊ သင်ရိုးညွှန်းတမ်းကွဲပြားမှု စသည့်အချက်များက ပညာရေးစနစ်နှစ်ခုကွဲပြားမှုကို ထင်ရှားစေသည်။

ယခုနှစ် ကျောင်းဖွင့်ရာသီအကြိုတွင် ကျောင်းသားမိဘများအတွက် ရွေးချယ်စရာအခွင့်အလမ်းသစ်အချို့ ရှိနေသော်လည်း နိမ့်ကျနေသော ပြည်တွင်းပညာရေးစနစ်က မိဘများ၏ လိုလားချက်များကို ပြည့်မီစေရန် လိုအပ်ချက်ရှိနေဆဲဖြစ်သည်။

စိန်ခေါ်မှုမြင့်မားလာသော ခေတ်သစ်နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်တွင် မိမိရင်သွေးကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော ပညာတတ်တစ်ယောက်ဖြစ်လာစေရန် မိဘများ၏ရွေးချယ်မှုက အထောက်အပံ့ဖြစ်စေနိုင်သည်။

7day daily

No comments:

Post a Comment