Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 8, 2015

ကင်းကောင် ကံကောင်းသည်


“အနားယူချင်စိတ် မရှိဘူး။ အလုပ်လုပ်ဖို့ တက်လာတာလေ။ ကိုယ့်တယောက်အတွက်နဲ့ ဇာတ် ညွန်းတွေ ဖျက်/ ရိုက်ကွင်း ဖျက်ရ၊ ဟိုမှာလည်း ဆက်ရိုက်နေတယ် …”

”မစိုးရိမ်ကြပါနဲ့။ ကျွန်တော့်ကို ချစ်သော၊ ခင်သော ပရိသတ်ကြီး။ အချိန်တန်ရင် ကောင်းသွားမှာပါ”ဟု မန္တလေး နန်းတော်အထူးကုဆေးရုံတွင် ရောက်ရှိနေသော နိုင်ငံကျော်ဟာသနှင့် သရုပ်ဆောင်အနုပညာရှင် ကိုကင်းကောင်က လူနာခုတင်ပေါ်မှ ဆေးသွင်းပိုက်တန်းလန်းဖြင့် ၄င်း၏အနုပညာပရိသတ်ကြီးက ၀ိုင်းဝန်း စိတ်ပူနေသည့်အတွက် နှစ်သိမ့်ပြန်ကြားခဲ့လေသည်။

ကိုကင်းကောင်တယောက်ပြင်ဦးလွင်မြို့တွင် မင်းသားခန့်စည်သူ၊ မင်းသမီးအိချောပိုတို့နှင့် ဇာတ်ကားရိုက်ကူး နေပြီး ရိုက်ကွင်းသွားရန် ပြင်ဆင်နေစဉ် ချော်လဲရာမှ ဦးခေါင်းအနည်းငယ် ထိခိုက်ခဲ့သည်။ ဒဏ်ရာကြောင့် နန်းတော်အထူးဆေးရုံသို့ မေ ၆-ရက်နေ့က မမျှော်လင့်ဘဲ ဆေးကုသရန် ရောက်ရှိလာခြင်းဖြစ်သည်။
နိုင်ငံကျော်အနုပညာရှင်တယောက် ဆေးရုံမှာရောက်ရှိနေသည်ကို ဆေးရုံဝန်ထမ်းများက သိရှိပြီးဖြစ်၍ ကိုကင်းကောင် ရှိရာအခန်းသို့ လိုက်ပို့ပေးသည်။

အခန်းအမှတ် ၆၁၅-သို့ ရောက်ရှိစဉ် အခန်းတံခါးသုံး ချက်ခေါက်၍ ၀င်ခွင့်တောင်းလိုက်ရာ ဖြေးညင်းစွာပွင့်လာသော အခန်းတံခါးရွက်ကြားမှ အခန်းထောင့် တနေရာက ခုတင်ပေါ်တွင် ဆေးသွင်း ပိုက်တန်းလန်းနှင့် ကိုကင်းကောင်ကို ဦးစွာမြင်လိုက်ရသည်။
သူ့မျက်နှာသည် အနည်းငယ်လန်းဆန်းမှုရှိနေပြီး အိပ်ရာထက်မှ အသံတိုးတိုးဖြင့် ”လာ-ညီလေး”ဟူသော ခရီးဦးကြို ဆိုသံကြောင့် သက်သာလာပြီဟု မှန်းဆလိုက်နိုင်သည်။ သီးသန့်အခန်းထဲတွင် ကိုကင်းကောင်၏ ဇနီးနှင့် သားတို့အပြင် ဧည့်သည်နှစ်ဦးကိုလည်း တွေ့ရပြီး ဆရာဝန်ကြီးက လဲလျောင်းနားနေရန်နှင့် စကား အနည်းငယ်သာ ပြောခွင့်ပြုထားသည်ဟု ဆိုသည်။

”သတင်းကလည်း မြန်လိုက်တာ။ ခုညီလေးတို့နဲ့ စပြီးစကားနည်းနည်းပြော ခွင့်ရတာ။ ပထမဆုံးအင်တာဗျုးပဲ။ ဖြေပေးမယ်”ဟု ကိုကင်းကောင်က ပျုငှာစွာ ပြောပြသည်။
”ဖြစ်တာကတော့ ဆိုင်ကယ်တိုက်တာ မဟုတ်ပါဘူး။ ၃-ရက်နေ့ ညနေပိုင်းက မိုးသစ်က ဒန်ဆာ လုပ်နေတယ်။ ဆိုင်ကယ်နဲ့ နှစ်ယောက်စီးသွားကြတာ ကိုယ်ကနောက်က ထိုင်လိုက်တာလေ။ ဆိုင်ကယ်က စလစ်ဖြစ်ပြီး လဲသွားတယ်။ အဲဒီနောက် ကားဆက်ရိုက်တယ်”ဟု တိုးတိုးမှန်မှန်နှင့် ဖြစ်စဉ်အစကို ကန့်လန့်ကာ ဖွင့်လေသည်။

၆-ရက်နေ့ နံနက် အိပ်ရာထတွင် မျက်နှာသစ်၊ ရေချိုးပြီးနောက် ရိုက်ကွင်းသို့ သွားမည်ပြုစဉ် ချော်လဲခဲ့ရာ မျက်နှာပွန်းသွားပြီး ဦးခေါင်းပိုင်း အနည်းငယ် ထိခိုက်ခဲ့သည့်အတွက် ပြင်ဦးလွင်စစ်ဆေး ရုံတွင် CT-Scan ရိုက်ခဲ့ကြောင်း၊ ညနေ ပိုင်းတွင် ချမ်းသာသုခ (ပြင်ဦးလွင်) ဆေးရုံတွင် ဆက်လက်ပြသရာ ဦးနှောက်အတွင်း အနည်းငယ် ရောင်ရမ်းပြီး သွေးခိုသည့် လက္ခဏာရှိသည်ဆို၍ မန္တလေးမြို့ နန်းတော်အထူးကု ဆေးခန်းသို့ ည ၉နာရီ ခွဲကျော်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
”ခန့်ကြီးတို့ရော အားလုံးက လိုက်ပို့ပေးကြတယ်။ ဦးနှောက်နဲ့ အာရုံကြော ဆရာဝန်ကြီးကို ကြိုဖုန်းဆက်ထားတာပေါ့။ ဆရာဝန်ကြီးက ပြောတယ်။ ကိုကင်းကောင်က သတိလည်းရ၊ စကားလည်း ပြောနိုင်တယ်။ မေ့သွားတာလည်း မဟုတ်တော့ ခုအခြေအနေကောင်းပါတယ်။ သုံး၊ လေးရက်လောက် နားပြီး လိုအပ်တဲ့ ကုသမှုခံရမှာပါ”ဟု ကိုကင်းကောင်က ပြောဆိုရင်း သူ၏ သားဖြစ်သူထံ ကွမ်းယာလှမ်း တောင်းလိုက်ရာ အဖေကလည်းဟု ငြင်းဆန်ခံရသည်။

ခုလို ဆေးရုံမှာ ရိုက်ကွင်းဖျက်၍ နားလိုက်ရခြင်းအပေါ် ကိုကင်းကောင် သဘောထားကို မေးမြန်းခဲ့ရာ “အနားယူချင်စိတ် မရှိဘူး။ အလုပ်လုပ်ဖို့ တက်လာတာလေ။ ကိုယ့်တယောက်အတွက်နဲ့ ဇာတ် ညွန်းတွေ ဖျက်/ ရိုက်ကွင်း ဖျက်ရ၊ ဟိုမှာလည်း ဆက်ရိုက်နေတယ်။ အနုပညာ ကုန်ကျစရိတ်က နည်းတာမဟုတ်ဘူး။ လျှပ်တပြက်ဖြစ်သွားတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွားတာ”ဟု ဖြေကြား သည်။
ဦးနှောက်နှင့် အာရုံကြော ဆရာဝန်ကြီးများ သုံးသပ်ချက်အရ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိပြီး များစွာ အော့အန်ခြင်း၊ သတိလစ်မေ့မြောခြင်း၊ လွန်ကဲစွာ ချောင်းဆိုးခြင်းတို့သည် အန္တရာယ်ရှိသော အရိပ်လက္ခဏာများဖြစ်၍ ကိုကင်းကောင်မှာ ထိုဖြစ်စဉ်များမရှိခဲ့ဘဲ ကံကောင်းသော ကိုကင်း ကောင်တယောက်ဟုပင် ဆိုရသည်။
မန္တလေး(နန်းတော်အထူးကုဆေးခန်း)မှ ရန်ကုန်သို့ ပြန်ရောက်လျှင်ရိုက်ကွင်းများက ကြိုဆိုနေဆဲဖြစ်ပြီး လုံလောက်စွာအနားယူပြီးလျှင် ဆက်လက်ရိုက်ကူးရန် လေးကားလောက်ရှိ၍ MRTV Program များ ဆက်ရိုက်ကူးရဦးမည်ဟု ဆိုသည်။

ခိုင်ဆက်ဝေ

NewsWatch

No comments:

Post a Comment