Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 18, 2015

မျှဝေခံစားနိုင်မယ့် သမ္မတကြီးတစ်ဦး အလိုရှိသည်

တစ်နေ့က အမေရိကန်သမ္မတ အိမ်ဖြူတော်ရဲ့ဓာတ်ပုံပို့စ်တစ်ခုကို လူမှုကွန်ရက်တစ်ခုကနေ ပြန်လည်ဝေမျှထားတာ တွေ့မြင်လိုက်ရတော့ အလွန်ပဲစိတ်ကြည်နူးမိပါတယ်။ အဲဒါကတော့ အမေရိကန်သမ္မတအိုဘားမားကို တောင်ပိုင်းဒါကိုတာမှာနေတဲ့ အသက် (၁၁)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးက စာရေးသားပြီး ‘သမ္မတကြီး သူတို့ဒေသကို ဘာကြောင့်လာမလည်တာလဲ။ သူတို့ဒေသဟာ ဒါကိုတာရဲ့ အပူဆုံးအပိုင်းဖြစ်ပြီး ပန်းခြံထဲသွားလည်ရင် ဝံပုလွေလေးတွေ၊ သိန်းငှက်လေးတွေနဲ့ လင်းယုန်ငှက်လေးတွေကို တွေ့ရပါတယ်တဲ့။ သမ္မတကြီးလာမလည်လို့ သူ့မှာ အသည်းကွဲနေပါပြီ’တဲ့။ အဲဒီစာကြောင့်ပဲ သမ္မတအိုဘားမားဟာ တောင်ပိုင်းဒါကိုတာကို သွားတော့မှာဆိုပြီး ပြန်လည်ဝေမျှထားတဲ့ ဆိုက်လေးတစ်ခုပါပဲ။ လူမှုကွန်ရက်ကနေ တွေ့ရတဲ့အတွက် အဲဒီအကြောင်းအရာလေးကို တကယ့်ဖြစ်ရပ် ဟုတ်၊ မဟုတ် အတည်ပြုချက်မပေးလိုပေမယ့် အဲဒီအကြောင်းအရာလေးကြောင့်ပဲ စာရေးသူအနေနဲ့ စဉ်းစားစရာလေးတွေ ဖြစ်လာတာကတော့ အမှန်ပါပဲ။

တကယ်တော့ အမေရိကန်နိုင်ငံဟာ အဘက်ဘက်ကပြည့်စုံတဲ့ ကမ္ဘာ့ထိပ်တန်းအင်အားကြီးနိုင်ငံတစ်နိုင်ငံပါ။ ဒါကြောင့် အမေရိကန်ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်းကတော့ ဘာပဲပြောပြော အဆင့်မနိမ့်ဘူးလို့တော့ ဆိုရမှာပါပဲ။ ဒီလိုပဲ အမေရိကန်သမ္မတတစ်ဦးဟာ ကမ္ဘာ့နိုင်ငံအသီးသီးအပေါ်မှာ သြဇာလွှမ်းမိုးနိုင်မှု အရှိဆုံးဖြစ်သလို အမေရိကန်နိုင်ငံရဲ့ ကမ္ဘာအနှံ့ကဏ္ဍပေါင်းစုံမှာ ဦးဆောင်ပါဝင်ပတ်သက်မှုကလည်း အလွန်ကြီးမားလျက်ရှိပါတယ်။ ဒီလိုအခြေအနေမျိုးကြောင့် ပြည်တွင်းနဲ့ နိုင်ငံတကာရေးရာကဏ္ဍတွေမှာ အမေရိကန်သမ္မတတစ်ဦးရဲ့ လုပ်ငန်းတာဝန်တွေကတော့ အလွန်များပြားနေလိမ့်မယ်ဆိုတာ အထွေအထူးပြောစရာလိုမယ် မထင်ပါဘူး။

ဒါပေမဲ့ အမေရိကန်သမ္မတ အိုဘားမားအနေနဲ့ သူ့ပြည်သူတွေရဲ့ စကားသံတွေကိုတော့ အထူးအလေးထားနားထောင်ပေးလေ့ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်ဆိုတာကတော့ သူ့ရဲ့သမ္မတသက်တမ်း တာဝန်ထမ်းဆောင်နေတဲ့အချိန်တွေမှာ အထင်အရှားတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း သမ္မတသက်တမ်းနှစ်ကြိမ်ဆက် ရွေးချယ်ခံခဲ့ရသလို အမေရိကန်ပြည်သူအများစုက သူ့ကိုချစ်ခင်ကြပါတယ်။

တစ်ချိန်က အမေရိကန်ကျောင်းသူတစ်ဦးက သမ္မတအိုဘားမားဆီကို စာရေးပြီးတော့ အမေရိကန်ဒေါ်လာငွေစက္ကူတွေပေါ်မှာ အမေရိကန် အမျိုးသမီးသူရဲကောင်းတွေရဲ့ပုံတွေကို ဘာကြောင့်ရိုက်နှိပ်ထုတ်ဝေခြင်းမပြုရတာလဲလို့ စာရေးပြီးတော့ မေးမြန်းထားတာကို သမ္မတအိုဘားမားက ဒါဟာ အင်မတန်ကောင်းမွန်တဲ့အကြံဉာဏ်ပါပဲဆိုပြီးတော့ စာရေးတဲ့ကျောင်းသူလေးဆီကို အရေးတယူ စာပြန်ခဲ့ဖူးပါတယ်။ ဒါတွေကိုကြည့်ရင် သမ္မတနဲ့ပြည်သူတွေရဲ့ နီးစပ်တဲ့နှလုံးသားတွေကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ သမ္မတကြီးနဲ့ ပြည်သူတွေရဲ့နှလုံးသားတွေလည်း တစ်ဦးနဲ့တစ်ဦး နီးစပ်ကြရင် သိပ်ကောင်းမှာပဲလို့ စာရေးသူစဉ်းစားမိပါတယ်။ ဒီကနေ့ မြန်မာပြည်သူတွေရဲ့ဘဝကိုပြန်ကြည့်ရင် စိတ်မကောင်းစရာတွေနဲ့ပြည့်နေတာပါပဲ။ မြန်မာနိုင်ငံဟာ တစ်ချိန်က အာရှမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခဲ့ပေမယ့် တိုင်းပြည်အာဏာကို နှစ်ပေါင်း ၅၀ ကျော် ရယူခဲ့တဲ့ စစ်အစိုးရတွေရဲ့ စီမံခန့်ခွဲမှုအားနည်းချက်တွေကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်ရောက်ခဲ့ရသလို ပြည်သူတွေရဲ့ စားဝတ်နေရေးနှင့် ဘဝရပ်တည်မှုတွေဟာလည်း ယနေ့အချိန်ထိတိုင်အောင် သေချာရေရာမှု မရှိသေးပါဘူး။

ပြည်သူတွေကို တိုက်ရိုက်အကျိုးရှိစေမယ့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများလာတယ်ဆိုပေမယ့် အလုပ်သမားတွေအတွက် စားဖို့တောင်မလောက်ငတဲ့ လုပ်ခလစာတွေက မိသားစုတွေရဲ့ ဘဝရပ်တည်မှုကို မဖြေရှင်းပေးနိုင်သေးပါဘူး။ ဒီလိုအခြေအနေမှာ အလုပ်သမားတွေအနေနဲ့ သမ္မတကြီးကို တစ်ခုခု ပြောချင်နေမှာတော့အမှန်ပါပဲ။ သူတို့ရဲ့အသံတွေကို သမ္မတကြီးကိုယ်တိုင် သွားရောက်နားထောင်နိုင်ရင် ကောင်းမှာပဲလို့ ယူဆမိပါတယ်။

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံဆိုတဲ့အတိုင်း တစ်ချိန်က တောင်သူလယ်သမားတွေရဲ့ဘဝတွေဟာ မချမ်းသာကြပေမယ့် ကိုယ့်လယ်ကိုယ့်ယာနှင့်အတူ လုပ်ကိုင်စားသောက်ရင်း ဘဝကိုရောင့်ရဲကျေနပ်နေကြတဲ့သူတွေပါ။ အခုအချိန်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် လယ်မဲ့ယာမဲ့၊ အခြေအနေမဲ့တွေဖြစ်ပြီး ဒုက္ခရောက်နေကြရတဲ့ တောင်သူလယ်သမားတွေကို နေရာအနှံ့မှာ တွေ့မြင်နေရပါတယ်။ သူတို့တွေ သမ္မတကြီးကြားနိုင်အောင် တစ်စာစာ အော်ပြောနေကြရှာပါတယ်။ သမ္မတကြီးကြား၊ မကြားတော့မသိဘူး။ သူတို့တွေကတော့ အခုအချိန်မှာ - - -

လွတ်လပ်ရေးရပြီးကတည်းက ခေါင်းဆောင်တွေရဲ့ လူမျိုးစွဲ၊ ဝါဒစွဲ၊ ပါတီစွဲတွေကြောင့် တိုင်းရင်းသားအချင်းချင်း လက်နက်ကိုင်တိုက်ခိုက်လာခဲ့ကြတာ နှစ်ပေါင်း ၅၀ ကျော်လာခဲ့ပါပြီ။ ယနေ့တိုင် မငြိမ်းချမ်းနိုင်သေးပါဘူး။ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံးသော ပြည်တွင်းစစ်ပွဲကြီးကို ဆင်နွှဲနေသော နိုင်ငံကို ပြောပါဆိုရင် မြန်မာနိုင်ငံကိုပဲ လက်ညှိုးထိုးပြကြမှာပါပဲ။ ဒါကြောင့်လည်း နိုင်ငံက ဆင်းရဲမွဲတေခဲ့ရတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ နိုင်ငံကဆင်းရဲပေမယ့် လုပ်စားကိုင်စားတတ်လို့ ဒေါ်လာသန်းပေါင်းများစွာ ချမ်းသာသွားကြတဲ့ ခေါင်းဆောင်အချို့နဲ့ အပေါင်းပါတွေတော့ရှိတာပေါ့။ အားလုံးလည်းသိပြီးဖြစ်လို့ အထွေအထူးပြောနေစရာမလိုဘူးတော့ ထင်ပါတယ်။ ဒါပေမဲ့ စစ်ကြောင့် ဒုက္ခရောက်နေကြရတဲ့ စစ်ဘေးဒဏ်သင့်ပြည်သူတွေအတွက်ကတော့ ရင်နာစရာပါ။

မြန်မာနိုင်ငံဟာ အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ဒုက္ခသည်ဦးရေ ခြောက်သိန်းကျော်ရှိပြီး အာဆီယံဒေသတွင်း ဒုက္ခသည်အများဆုံးရှိတဲ့နိုင်ငံအဖြစ် ရပ်တည်နေတယ်လို့ ရွှေ့ပြောင်းဒုက္ခသည် လေ့လာစောင့်ကြည့်ရေး နိုင်ငံတကာဌာန (IDMC)ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားကြောင်းကို မေလ ၉ ရက်နေ့ထုတ် 7 Day Daily နေ့စဉ်သတင်းစာ ဖော်ပြချက်အရ သိရပါတယ်။

တကယ်တော့ ရွှေ့ပြောင်းဒုက္ခသည်စခန်းတွေမှာရှိတဲ့ ဒုက္ခသည်တွေဟာ မြန်မာပြည်သူတွေပါပဲ။ လုံလောက်မှုမရှိတဲ့ အထောက်အပံ့တွေအပေါ် မှီခိုနေကြရပြီး လူသားရဲ့နေ့စဉ်ဘဝတွေကို လူသားမဆန်စွာ ခက်ခက်ခဲခဲနဲ့ ဖြတ်သန်းနေကြရသူတွေပါ။ အဲဒီအထဲမှာ မြေစာပင်ဖြစ်နေကြရတာတော့ အရွယ်မရောက်ကြသေးတဲ့ ကလေးသူငယ်တွေပါပဲ။ ငြိမ်းချမ်းတဲ့ မြို့ကြီးတွေမှာ နေထိုင်ကြတဲ့ ကလေးသူငယ်တွေနဲ့ယှဉ်ကြည့်မယ်ဆိုရင် ဒုက္ခသည်စခန်းတွေက ကလေးသူငယ်တွေဟာ အရမ်းပဲသနားစရာကောင်းပါတယ်။

စာသင်ကျောင်းဆိုတာ သူတို့နဲ့ ဘာမှမဆိုင်သလိုပါပဲ။ သူတို့လေးတွေ စာမတတ်ကြပါဘူး။ အဲဒီကလေးတွေဆီကိုသာ စာရေးသူတို့ သမ္မတကြီး ရောက်အောင်သွားပြီး သူတို့လေးတွေရဲ့ အသံတွေကို ကိုယ်တိုင်ကိုယ်ကျ နားထောင်ပေးနိုင်ရင် သိပ်ကောင်းမှာပဲ။ သူတို့လေးတွေကတော့ သမ္မတကြီးဆီကို စာရေးနိုင်ကြမှာမဟုတ်ပါဘူး။ စာရေးနိုင်ခဲ့ရင်တောင် သမ္မတကြီးဆီကို စာရောက်ချင်မှရောက်မှာပါ။

စစ်အစိုးရကဦးဆောင်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်အစိုးရတွေ တစ်စခန်းရပ်လို့ ဒီမိုကရေစီအရပ်သားအစိုးရတစ်ရပ် ပေါ်ပေါက်လာခဲ့တော့ ပြည်သူတွေအရမ်းကိုမျှော်လင့်ခဲ့ကြတာပေါ့။ နိုင်ငံအနေနဲ့ အထိုက်အလျောက် ပြောင်းလဲလာတယ်ဆိုပေမယ့် ပြည်သူအများစုရဲ့ ဘဝရပ်တည်မှုတွေကတော့ ခက်ခဲနေဆဲဖြစ်တယ်ဆိုတာတော့ ဘယ်သူမှ ငြင်းနိုင်မယ်မထင်ပါဘူး။ အခုရေတွင်းတူး အခုရေကြည်သောက်လို့ မရဘူးဆိုတာတော့ ပြည်သူအားလုံးလည်း နားလည်ကြမှာပါ။

ဒါပေမဲ့ ပြည်သူတွေ နားမလည်နိုင်သေးတာကတော့ ဒီကနေ့ အစိုးရနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေမှာပါတဲ့ လူကြီးအတော်များများရဲ့ အပြုအမူတွေက အရင်စစ်အစိုးရလက်ထက်က အပြုအမူတွေအတိုင်း ဖြစ်နေသေးတယ်ဆိုတာပါပဲ။ ယနေ့အချိန်ထိ ပြည်သူတွေဟာ မိမိတို့ရဲ့ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းနဲ့ လွတ်လွတ်လပ်လပ် ထုတ်ဖော်မပြောရဲသေးကြပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်း မိမိတို့ရဲ့ဆန္ဒတွေကို လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုရေးသားခွင့် ရှိတယ်ဆိုပေမယ့်လည်း ဆန္ဒဖော်ထုတ်မိတဲ့ ပြည်သူတွေအနေနဲ့ အကြောင်းအမျိုးမျိုးနဲ့ အကြမ်းဖက်ခံရတာတွေ၊ တရားစွဲဆိုခံရတာတွေ၊ ဖမ်းဆီးထောင်ချခံရတာတွေ မကြာခဏဖြစ်ပေါ်နေတာနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

လူတစ်ယောက်ဟာ သေဆုံးသွားရင် အားလုံးထားခဲ့ရမှာပါပဲ။ ဒါပေမဲ့ သူရဲ့သမိုင်းကတော့ ကျန်ခဲ့မှာအမှန်ပါပဲ။ သမိုင်းကြောင်းကောင်းဖို့အတွက် သမိုင်းရေးတတ်တဲ့ဆရာတွေကိုပဲ ခေါ်ရေးခိုင်းလို့မရသလို မီဒီယာတွေကနေတစ်ဆင့် ဝါဒဖြန့်နေလို့လည်း အရာထင်နိုင်မယ်မဟုတ်ဘူးဆိုတာ သမိုင်းက သက်သေခံနေပါပြီ။ တကယ်တော့ သမိုင်းအစစ်အမှန်ကို ရေးမယ့်သူတွေက ပြည်သူတွေပါပဲ။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်သူတွေရေးတဲ့ တိုင်းပြည်ခေါင်းဆောင်သမိုင်းတွေထဲမှာ သူရဲကောင်းဟာ တစ်ဦးပဲရှိပါသေးတယ်။ သူကတော့ အားလုံးရဲ့နှလုံးသားထဲမှာရှိနေတဲ့ အနှိုင်းမဲ့ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်းပါပဲ။ ထို့အတူ ပြည်သူတွေရဲ့နှလုံးသားမှာ မင်းဆိုးလို့ သတ်မှတ်ထားတဲ့ ခေါင်းဆောင်တွေလည်း ရှိမှာအမှန်ပါပဲ။

ဒီကနေ့ မြန်မာနိုင်ငံရဲ့ ပြည်သူအများစုဟာ နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့ရတဲ့ ပင်ပန်းဆင်းရဲမှုဒဏ်တွေကို ခံနိုင်ရည်ဝနေကြပါပြီ။ သူတို့ချမ်းသာဖို့ မမျှော်လင့်ကြပါဘူး။ ဘာသာတရားရဲ့ဆုံးမမှုအောက်မှာ ဖြေသိမ့်နိုင်ကြပါတယ်။ ဒါပေမဲ့ သူတို့မျှော်လင့်တာတစ်ခုတော့ရှိပါတယ်။ အဲဒါကတော့ သူတို့ရဲ့ပင်ပန်းဆင်းရဲမှုတွေ၊ နာကျင်မှုတွေကို သူတို့နဲ့ ထပ်တူမျှဝေခံစားနိုင်မယ့် နိုင်ငံ့ခေါင်းဆောင်ကောင်း သမ္မတကြီးတစ်ဦးကို လိုအပ်နေတာပါပဲ။

7day daily

No comments:

Post a Comment