Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 19, 2015

ဆန်ဖရန်စစ္စကို သင်္ကြန်ပွဲတော် မေလ ၂၄ ရက်မှာ ကျင်းပမည်

ကယ်လီဖိုးနီးယား မြောက်ပိုင်းတွင် မြန်မာများပြားသော မြို့ဖြစ်သည့် ဆန်ဖရန်စစ္စကို၏ ၂၀၁၅ ခုနှစ် မဟာသင်္ကြန်ကို မေလ ၂၄ ရက်၊ တနင်္ဂနွေနေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ အမေရိကန် ပြည်ထောင်စုတွင် Memorial Day ရုံးပိတ်သော ရက်သတ္တပတ်ဖြစ်၍ စနေ၊ တနင်္ဂနွေနှင့် တနင်္လာ သုံးရက်ဆက်တိုက် ပိတ်သည့်အချိန်တွင် သင်္ကြန်ပွဲ ပြုလုပ်ခြင်း ဖြစ်သည်။
ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းတွင် အကြီးဆုံး မြန်မာပွဲတော်ဖြစ်သည့် ရိုးရာအတာသင်္ကြန်သည် ယခုနှစ်တွင် စတုတ္ထအကြိမ်မြောက် ဖြစ်၏။
ယမန်နှစ်က တတိယအကြိမ်မြောက် ဆန်ဖရန်စစ္စကို မဟာသင်္ကြန်တွင် မြန်မာဆန်ဆန် တင်ဆက်ပြသသော လှယဉ်ကျေးမယ်များ၏ ဖျော်ဖြေပုံတစ်မျိုး ဖြစ်ပါသည်။ယမန်နှစ်က တတိယအကြိမ်မြောက် ဆန်ဖရန်စစ္စကို မဟာသင်္ကြန်တွင် မြန်မာဆန်ဆန် တင်ဆက်ပြသသော လှယဉ်ကျေးမယ်များ၏ ဖျော်ဖြေပုံတစ်မျိုး ဖြစ်ပါသည်။အမေရိကန်နိုင်ငံရောက် မြန်မာနွယ်ဖွား လူမျိုးပေါင်းစုံ နေထိုင်မှု များပြားလာသော ဆန်ဖရန်စစ္စကို ဘေးဧရိယာတွင် မြန်မာလူမှုအသင်းအဖွဲ့နှင့် ယဉ်ကျေးမှုစင်တာတစ်ခု ထူထောင်ရေး အတွက် ၂၀၀၉ ခုနှစ်မှစ၍ သင်္ကြန်ပွဲ ကျင်းပကာ ရန်ပုံငွေရှာဖွေလာခဲ့ရာ ယမန်နှစ်က အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။
ဆန်ဖရန်စစ္စကို သင်္ကြန်ပွဲတော်တွင် မြန်မာအစားအသောက်မျိုးစုံ ရောင်းချသော ဆိုင်များ ဖွင့်လှစ်ပြီး ပရိသတ်က လက်မလည်အောင် ဝယ်ယူအားပေးကြပါသည်။ သင်္ကြန်အက၊ သင်္ကြန်အလှ ဖျော်ဖြေတင်ဆက်မှုများမှာလည်း လက်ခုပ်ဩဘာသံများ ဝေစည်လှပါသည်။
ပျိုပျိုအိုအို မည်သည်သူမဆို ဖက်ရှင်ပွဲ
ပရိသတ်အများ စိတ်ဝင်စားသော အစီအစဉ်တစ်ခု ဖြစ်သည့် မြန်မာ့အတာသင်္ကြန် အလှမယ်ရွေးပွဲသည် ယခုနှစ်တွင် ပြိုင်ပွဲဝင်မည့်သူ နည်းသောကြောင့် ထည့်သွင်းမည် မဟုတ်ကြောင်း သိရပါသည်။
အလှမယ်ရွေးပွဲအစား ယဉ်ကျေးမှုစုံ ဖက်ရှင်ပြပွဲကို ကျင်းပမည် ဖြစ်၍ အသက်အရွယ် ကန့်သတ်ခြင်း မရှိသောကြောင့် ပိုမိုအဆင်ပြေသည့်အကြောင်း သင်္ကြန်ပွဲတော် တာဝန်ရှိသူတစ်ဦး ဖြစ်သည့် မဇာခြည် မြင့်အောင်က ကမ္ဘာသစ်မီဒီယာသို့ ပြောပြပါသည်။
ရိုးရာယဉ်ကျေးမှု တစ်ခုခုကို ကိုယ်စားပြု၍ ဖက်ရှင်အလှ ပြသလိုသူများသည် ဆက်သွယ် စာရင်းပေးပြီးနောက် ပွဲတော်မတိုင်မီ တစ်ရက်ဖြစ်သည့် မေလ ၂၃ ရက်၊ စနေနေ့ ညနေ ၃ နာရီတွင် အစမ်းလေ့ကျင့်ပွဲသို့ မပျက်မကွက် တက်ရောက်ရမည် ဖြစ်ပါသည်။
ထို့အပြင်၊ ပျော်ရွှင်စရာ ကစားနည်းစုံ၊ ရင်ခုန်စရာကံစမ်းမဲ၊ ရေကစားပွဲ စသည်တို့ဖြင့်လည်း ရွှေပွဲလာပရိသတ်များ စိတ်အပန်းပြေ ပျော်ရွှင်စေမည် ဖြစ်သည်။
နှစ်သစ်ကူးအခါသမယတွင် ကုသိုလ်ယူစရာ အစီအစဉ်မှာ လူမျိုး၊ ဘာသာမရွေး သက်ကြီးပူဇော်ပွဲ ဖြစ်သည်။
အစီအစဉ်မျိုးစုံဖြင့် ဝေဆာလှသည့် ဆန်ဖရန်စစ္စကိုနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ပြုလုပ်မည် ဖြစ်သည်။ ဝင်ကြေးမရှိ အခမဲ့ဖြစ်ပါသည်။
ပရိသတ် ထောင်ချီ၍ လာရောက် အားပေးသော ဆန်ဖရန်စစ္စကို အတာသင်္ကြန်ပွဲတော်ကို ပြည်သူလူထုဆိုင်ရာ ပန်းခြံတွင် ကျင်းပခြင်း ဖြစ်သောကြောင့် အစိုးရကျန်းမာရေးဌာန၏ စစ်ဆေးမှုကို ခံယူရသည်။ ထို့ကြောင့်၊ သင်္ကြန်ပွဲ စားသောက်ဆိုင် တာဝန်ခံများသည် အစားအသောက် ကျန်းမာသန့်ရှင်းရေး သင်တန်းများ တက်ရောက်ပြီး စာမေးပွဲဖြေဆိုကာ လိုင်စင်ရသည်အထိ ကြိုးစားပြင်ဆင်ထားရကြောင်းလည်း မဇာခြည် မြင့်အောင်က ပြောကြားသည်။
မြန်မာလူမှုအသင်းအဖွဲ့နှင့် ယဉ်ကျေးမှုစင်တာ ဖြစ်မြောက်ရေးအဖွဲ့ (BMCCC) ၏ ဝက်ဘ်ဆိုက်စာမျက်နှာရှိ တာဝန်ခံများထံ ဆက်သွယ်နိုင်ပါသည်။ လက်ကမ်းကြော်ငြာတွင်လည်း ဖုန်းနံပါတ်များ ဖော်ပြထားသည်။
စတုတ္ထအကြိမ်မြောက် သင်္ကြန်ပွဲတော် လက်ကမ်းကြော်ငြာရယူရန် ကလစ်ခ် လုပ်ပါ။
သင်္ကြန်ပွဲတော်နေရာ Kennedy Park, 1333 Decoto Rd, Union City, CA94587
ပွဲတော်နေ့ရက် မေလ ၂၄ ရက်၊ တနင်္ဂနွေနေ့ (Memorial Day Weekend)
ပွဲတော်အချိန်    နံနက် ၁၀ နာရီ မှ ညနေ ၃ နာရီ


 http://kabarthit.com/index.php?option=com_content&view=article&id=662:2015-05-18-00-46-17&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment