Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 18, 2015

တက္ကသိုလ်ဝင်ခွင့် အပြောင်းအလဲနှင့်အတူ ဝင်ခွင့်ကျူရှင်များ ခေတ်စားလာဦးမှာလား


တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ၏ တက္ကသိုလ်ဝင်ခွင့် အပြောင်းအလဲမှာ လာမည့်ဒီဇင်ဘာ တွင် ဖွင့်လှစ်မည့်တက္ကသိုလ်ပညာရေးများတွင် စတင်အကျုံးဝင်တော့မည် ဖြစ်သည်။ တက္ကသိုလ်ဝင် ခွင့် အပြောင်းအလဲဟု ဆိုရလျှင်ယခင်က တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများသည် တက္ကသိုလ် ဝင်ခွင့်ကို တက္ကသိုလ်ဝင်တန်းအမှတ်ဖြင့် သတ်မှတ်ထားသော်လည်း ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှ စတင်ကာတက္ကသိုလ်ဝင်ခွင့်ကို တက္ကသိုလ်ဝင်တန်းအမှတ်တစ်ခုတည်းဖြင့် သတ်မှတ်မည်မဟုတ် တော့ဘဲ တက္ကသိုလ်အလိုက် ဝင်ခွင့်ဖြေဆိုရမည့်စနစ်ကို စတင်ပြောင်းလဲကျင့်သုံးခြင်းပင်ဖြစ်ပေသည်။

ယင်းကဲ့သို့ တက္ကသိုလ်ဝင်ခွင့်အပြောင်းအလဲနှင့် ပတ်သက်၍ စိန်ခေါ်မှုများ၊ အားနည်းချက်၊ အားသာ ချက်များကို ယခုလက်ရှိတွင် တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များက ဦးဆောင်ဆွေးနွေးနေပြီဖြစ် သော်လည်း တက္ကသိုလ်ဝင်ခွင့်အတွက် မည်သည့်တက္ကသိုလ်က မည်ကဲ့သို့ဝင်ခွင့်ဆောင်ရွက်မည်ဟူ သော အသေးစိတ်ကိုမူ သတ်မှတ်နိုင်ခြင်း မရှိသေးပါချေ။

‘တက္ကသိုလ်ဝင်ခွင့် အပြောင်းအလဲက ဒီနှစ်ကနေစပြီး အပြောင်းအလဲဖြစ်မှာပေါ့။ ဘယ်လိုအသေးစိတ် လဲဆိုတာတော့ သေချာပြောလို့မရသေးဘူး။ ပြန်ဖွင့်တဲ့အခါကျမှ ဘယ်တက္ကသိုလ်က ဘယ်လိုလုပ် မယ်ဆိုတာ ပြောလို့ရမယ်။ အရင်တုန်းကနဲ့ မတူဘဲနဲ့ တက္ကသိုလ်ဝင်တန်းအောင်ပြီးရင် တက္ကသိုလ်အ လိုက် ဝင်ခွင့်ဖြေရမယ့်စနစ်ကို စတင်ကျင့်သုံးတော့မှာပေါ့’ ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

တက္ကသိုလ်ဝင်ခွင့် အပြောင်းအလဲ၏ အဓိကစိန်ခေါ်မှုမှာ ဝင်ခွင့်အတွက် ကျူရှင်များပေါ်ပေါက်လာမည့် အခြေအနေပင်ဖြစ်သည်။ တက္ကသိုလ်ဝင်ခွင့် အပြောင်းအလဲနှင့်အတူ ဝင်ခွင့်ကျူရှင်များ အပြိုင်အဆိုင် အပေါ်ပေါက်လာမည်ကို တက္ကသိုလ်အသိုင်းအဝိုင်းမှများစွာ ပူပန်လျက်ရှိသည်။ ‘တက္ကသိုလ်ဝင်ခွင့် အပြောင်းအလဲရဲ့ ကောင်းကျိုးဆိုးကျိုးကတော့ ကလေးတွေစာမေးပွဲနှစ်ခါပြန်ဖြေရမယ်။ ကျူရှင်တွေ ရိုက်စားတွေပေါ်လာမယ်လို့တော့ ကြိုတင်ခန့်မှန်းရတာပေါ့’ ဟုအဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက တက္ကသိုလ်ဝင်ခွင့်အပြောင်းအလဲ ဖြစ်ပေါ်လာမည့်အပေါ် မှတ်ချက်ပြုခဲ့သည်။

ဝင်ခွင့်စာမေးပွဲတစ်ခုပေါ်ပေါက်လာတိုင်း ဝင်ခွင့်ကျူရှင်များ ပေါ်ပေါက်လာခြင်းက မိဘနှင့်ကျောင်း သား၊ ကျောင်းသူများအတွက် အခွင့်အလမ်းများရှိခဲ့သလို ဆိုးကျိုးများလည်းရှိခဲ့သည်။

‘ကျူရှင်တွေ ပေါက်ပွားမှာကိုတော့ တက္ကသိုလ်တွေအနေနဲ့ စိုးရိမ်တယ်။ မိဘတွေမှာ တက္ကသိုလ်ဝင် တန်းအောင်ဖို့အတွက်ကို ငွေကုန်ကြေးကျ အချိန်ကုန်ခံပြီးတော့ အားသွန်ခွန်စိုက်လုပ်ရတယ်။ ဝင်ခွင့် အတွက်လည်း ဒီလိုလုပ်ရမယ်ဆိုရင် ဆရာမတို့က စိုးရိမ်တာပေါ့။ ဒီမှာအဲဒီလိုမျိုးကခေတ်စားတော့ ပြင်ပကနေလုပ်စားမှာလည်း စိုးရိမ်တယ်။ အလုပ်ခေါ်ရင်တောင် အလုပ်ခွင်ကျူရှင်တို့ပေါ်လာတာ တွေရှိတယ်။ ဒီလိုမျိုးတွေပေါ်ပြီးတော့ မိဘတွေ၊ ကျောင်းသားတွေအပေါ်နစ်နာမှာ စိုးရိမ်တယ်’ ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဒေါ်ခင်နိုင်ဦးက သုံးသပ်ပြောဆိုသည်။

‘တက္ကသိုလ်ဝင်ခွင့်ဆိုရင်တော့ တက္ကသိုလ်ဝင်ခွင့်ကျူရှင်တွေ ပွထပြီးကျောင်းသားကျောင်းသူတွေ အန္တရာယ်ရှိနိုင်တယ်’ ဟု ဒဂုံတက္ကသိုလ်ဆရာ၊ ဆရာမများအသင်းမှ ဒေါက်တာအာကာမိုးသူက တက္က သိုလ်ဝင်ခွင့် အပြောင်းအလဲအပေါ် သုံးသပ်သည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို ဇွန်လအတွင်း ထုတ်ပြန်လေ့ရှိရာ တက္ကသိုလ်ဝင် တန်းအောင် ကျောင်းသား၊ ကျောင်းသူများအဖို့ တက္ကသိုလ်ဝင်တန်း အမှတ်ကိုပင် မျှော်လင့်ရမည် လား၊ ဝင်ခွင့်အတွက်ဆက်လက် ကြိုးစားရမည်လား တွေဝေနေကြမည်ဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့် အပြောင်းအလဲဖြစ်ပေါ်လာခြင်းကြောင့် ဝင်ခွင့်ကျူရှင်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ် မှုများရှိသော်လည်း မိမိလိုချင်သည့် ဘာသာရပ်ကို ကြိုးစားခွင့်ရရှိသည့်အတွက် တက္ကသိုလ်ကျောင်း သား၊ ကျောင်းသူတချို့က လက်ခံကြပြီးတက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုထားသည့် ကျောင်းသား များ၏ မိဘတချို့က လက်ခံကြိုဆိုကြသည်။

‘တက္ကသိုလ်ဝင်ခွင့်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီးအားသာချက်က ကိုယ်လိုချင်တဲ့ဘာသာရပ်ကို ကြိုးကြိုး စားစားလုပ်ဖြစ်မယ်လို့တော့ ထင်တယ်။ အင်ဂျင်နီယာလေ့လာချင်သူတဲ့သူက အင်ဂျင်နီယာကို လေ့ လာရမယ်။ စီးပွားရေးပညာလေ့လာချင်တဲ့သူက စီးပွားရေးပညာကို လေ့လာရမယ်။ ကိုယ်ဝါသနာပါ တာကို ကိုယ်တတ်ရမှာဖြစ်တဲ့အတွက် အများကြီးအားသာချက်တွေဖြစ်လာမှာပါ’ ဟုရန်ကုန်အရှေ့ ပိုင်းတက္ကသိုလ်မှ ကျောင်းသူတစ်ဦးက ပြောဆိုသည်။

တက္ကသိုလ်ဝင်ခွင့်ဖြေဆိုရမည့်အတွက် အားသာချက်မှာ မိမိလိုချင်သည့် ဘာသာရပ်အလိုက်ကြိုးစား ခွင့်ရနိုင်ခြင်းပင် ဖြစ်သည်။ ယခင်ကတက္ကသိုလ်ဝင်တန်းအမှတ် သတ်မှတ်ချက်ကြောင့် တက္ကသိုလ် အမှတ်တွင် တစ်မှတ်လို၊ နှစ်မှတ်လိုဖြင့် မိမိလိုချင်သည့် ဘာသာရပ်ကို လျှောက်ထားခွင့်မရရှိခဲ့သည့် အခြေအနေမျိုးများလည်း ကျောင်းသားအများစုကြုံတွေ့ခဲ့ကြသည်။

‘အရင်တုန်းက တက္ကသိုလ်ဝင်တန်းအမှတ် အနည်းအများအလိုက် မေဂျာတွေသတ်မှတ်ခဲ့တော့ အဆင်မပြေခဲ့ဘူး။ ဦးရဲ့သားတစ်ယောက်ဆိုရင် ဒဂုံတက္ကသိုလ်မှာတက်နေတယ်။ သူကရှေ့နေလိုင်း ကိုလိုချင်တယ်။ ဒါပေမဲ့လျှောက်တာတွေမရခဲ့ဘူး။ ဒဿနိကလိုင်းကိုပဲ ရခဲ့တယ်။ သူလိုချင်တာနဲ့ သူရ တာတခြားစီဖြစ်တာပေါ့။ အခုဝင်ခွင့်ဆိုရင် အများကြီးအဆင်ပြေတာပေါ့’ ဟုတက္ကသိုလ်ဝင်တန်းဖြေဆို ထားသည့် ကျောင်းသားတစ်ဦး၏ ဖခင်တစ်ဦးက ပြောဆိုသည်။ တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးသည့် ကျောင်းသား၊ ကျောင်းသူများသည် အများအားဖြင့် မိမိတက်လိုသည့် တက္ကသိုလ်၊ မိမိရလိုသည့် မေဂျာများအကြောင်းကို သိရှိမှုအားနည်းလျက်ရှိပြီး တက္ကသိုလ်ဝင်ခွင့်အတွက် ဘာသာရပ်ဆိုင်ရာ မိတ်ဆက်များကို လေ့လာကြရန် လိုအပ်ကြောင်း တက္ကသိုလ်ဆရာများက သုံးသပ်ကြသည်။

‘ဘယ်ဘာသာရပ်က ဘာလဲဆိုတာကို တီးမိခေါက်မိသိဖို့တော့ လိုတယ်။ ကုန်ထုတ်ဓာတုက ဘယ်လို မေဂျာမျိုးလဲ။ စိတ်ပညာဆိုရင်ရော ဘယ်လိုမျိုးလဲဆိုတာကို သေချာသိဖို့တော့လိုတယ်။ ဒီနှစ်ကပထမ ဆုံး ဝင်ခွင့်အပြောင်းအလဲဖြစ်မှာဖြစ်တဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေမှာ အခက်အခဲတွေ့နိုင် တယ်။ အဲဒါကြောင့်မို့လို့ ကျော်လွှားနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့တော့လိုတယ်’ ဟု ဒဂုံတက္က သိုလ် ဆရာ၊ ဆရာမအသင်းမှ ဒေါက်တာအာကာမိုးသူက ပြောသည်။ တက္ကသိုလ်ဝင်ခွင့် အပြောင်းအ လဲဖြစ်ပေါ်လာရခြင်းသည် ၂၀၁၄ ခုနှစ်စက်တင်ဘာလတွင် ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုပြ ဋ္ဌာန်းခဲ့သည့် အမျိုးသားပညာရေးဥပဒေပေါ်ပေါက်လာခြင်းနှင့် ဆက်စပ်နေပေသည်။ အမျိုးသားပညာ ရေးဥပဒေ၏ ပြဋ္ဌာန်းချက်များအရ တက္ကသိုလ်ဝင်ခွင့် အပြောင်းအလဲ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

‘ကျွန်မတို့ကတော့ တက္ကသိုလ်ဝင်ခွင့် အပြောင်းအလဲလုပ်မယ်ဆိုရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အစီအ စဉ်တွေကို ကြိုဆွဲထားတာပေါ့။ တက္ကသိုလ်ပဋိညာဉ်တွေကတော့ အကြမ်းအားဖြင့် ဆွဲထားတာတော့ ရှိတယ်။ ပြင်ဆင်ထားတယ်။ ရေးဆွဲလို့တော မရဘူး။ ပြောင်းလဲလာရင် ဘယ်လိုလုပ်မလဲဆိုတာကို ကြိုတင်ပြီးတော့ အကြမ်းပြုစုထားတယ်။ ပြည်သူ့လွှတ်တော်က အမျိုးသားပညာရေးဥပဒေကို ပြင်ဆင် တဲ့ ဥပဒေကြမ်းကို အတည်ပြုပြီးမှ ဒီလုပ်ငန်းက ချက်ချင်းသွားရမှာပေါ့’ ဟု ရန်ကုန်စီးပွားရေးတက္က သိုလ် ပါမောက္ခချုပ်ဒေါက်တာ ဒေါ်ခင်နိုင်ဦးက ပြောကြားသည်။

တက္ကသိုလ်ဝင်ခွင့်နှင့် စပ်လျဉ်း၍တက္ကသိုလ်ဝင်တန်းအမှတ်ဖြင့် ခေါ်ဆိုနိုင်ခဲ့သည့်စနစ်ကို ကျင့်သုံးခဲ့ရာ ၂၀၁၄-၂၀၁၅ တက္ကသိုလ်ဝင်ခွင့်ခေါ်ဆိုခဲ့ရာတွင် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ဖြစ်သော ဆေး တက္ကသိုလ်၏ နှစ်စဉ်ဝင်ခွင့်အမှတ်မှာ မြင့်မားလေ့ရှိခဲ့သော်လည်း ယခင်နှစ်က အမှတ်ဖြင့် သတ်မှတ် ခေါ်ယူခဲ့ခြင်း မရှိခဲ့ဘဲလျှောက်ထားသည့် ရမှတ်များအလိုက်၊ အမှတ်အများဆုံးမှစတင်ကာ လက်ခံ သင်ကြားနိုင်သည့် ဦးရေအထိ ရွေးချယ်လက်ခံခဲ့သည်။

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာတွင် အမှတ်ကိုလိုက်၍ ခေါ်ယူလေ့ရှိသော အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များအနက် နာမည်ကြီးတက္ကသိုလ်များဖြစ်ကြသော ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တ လေးနည်းပညာတက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ မန္တလေးကွန်ပျူတာတက္ကသိုလ်တို့ကို တက္ကသိုလ်ဝင်တန်းအမှတ် ၄၀၀ နှင့်အထက်ခေါ်ယူခဲ့ပြီး ရန်ကုန်နည်းပညာတက္ကသိုလ်သည် တစ်နိုင်ငံ လုံးရှိတက္ကသိုလ်များအားလုံး၏ ဝင်ခွင့်ခေါ်ယူမှုတွင် အမှတ်အများဆုံး ဖြစ်ခဲ့သည်။

ထို့ပြင်အခြားသော အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များမှ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်များသို့ တက္ကသိုလ်ဝင်တန်းအမှတ် ၃၈၀ နှင့်အထက် ရရှိသူများကို ခေါ်ယူခဲ့ပြီး မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်သို့ တက္ကသိုလ်ဝင်ခွင့်အမှတ် ၄၅၀ နှင့်အထက်ရရှိသူများကို ခေါ်ယူခဲ့ကာ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်သို့ တက္ကသိုလ်ဝင်ခွင့်အမှတ်ကို တက္ကသိုလ် ဝင်တန်းအမှတ် ၄၂၀ နှင့် အထက်ကိုခေါ်ယူခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ တက္ကသိုလ်ဝင်ခွင့်အပြောင်းအလဲကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် တက္က သိုလ်ဝင်တန်းဖြေဆိုအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ စတင်ရင်ဆိုင်ရတော့မည်ဖြစ် သည်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ဝင်ခွင့်အပြောင်းအလဲဖြစ်လာပါက နာမည်ကြီးတက္ကသိုလ်များကိုပင် ဝင်ခွင့်ဖြေဆိုခိုင်းမည်လား၊ အခြားတက္ကသိုလ်များကို အမှတ်ဖြင့်သတ်မှတ်ခေါ်ဆိုမည်လားကို တက္က သိုလ်ပေါင်းစုံမှ ပါမောက္ခချုပ်များ မေလနောက်ဆုံးပတ်တွင် ဆွေးနွေးကြမည်ဖြစ်သည်။

ယင်းတက္ကသိုလ်ပေါင်းစုံ ညှိနှိုင်းအစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ် ပေါင်းစုံ ၁၃၄ ခုမှ ဝိုင်းဝန်းဆွေးနွေးကြမည်ဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့်အပြောင်းအလဲဖြစ်ပါက အားနည်း ချက်များအကြောင်း၊ တက္ကသိုလ်တစ်ခုစီအလိုက် တက္ကသိုလ်ဝင်ခွင့်ဖြစ်ပါက ကြိုတင်ပြင်ဆင်ထား သည့် အခြေအနေများအကြောင်း၊ တက္ကသိုလ်ဝင်ခွင့်အပြောင်းအလဲကို မည်ကဲ့သို့ ဆောင်ရွက်မည်ဆို သည့်အကြောင်းအရာများကို ဆွေးနွေးကြမည်ဖြစ်သည်။

‘တက္ကသိုလ်ဝင်ခွင့် ဖြေဆိုရတော့မယ်ဆိုရင် တက္ကသိုလ်အသီးသီးက မှန်မှန်ကန်ကန်ဖြစ်ဖို့တော့ လို တာပေါ့။ ဝင်ခွင့်ကျူရှင်တွေ ခေတ်စားပြီးကျွန်တော်တို့ ကျောင်းသားမိဘတွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်မှာကို မလိုလားဘူး’ ဟု တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုထားသည့်ကျောင်းသားတစ်ဦး၏ မိဘ ကပြောသည်။

ထိုဆွေးနွေးပွဲရလဒ်မှ တက္ကသိုလ်ဝင်ခွင့် အပြောင်းအလဲ၏ အဖြေထွက်လာမည်ဖြစ်ပြီး တက္ကသိုလ် ဝင်ခွင့်အပြောင်းအလဲမှ ရရှိလာမည့်အားသာချက်၊ အားနည်းချက်၊ စိန်ခေါ်မှုများကို ရင်ဆိုင်ရတော့ မည်ဖြစ်သည်။

ထိုကဲ့သို့ရင်ဆိုင်ရမည့် အားနည်းချက်များထဲတွင် တက္ကသိုလ်ဝင်ခွင့်အတွက် ရိုက်စားဝင်ခွင့်ကျူရှင်များ ခေတ်စားလာမည်လားဆိုသည့် မေးခွန်းသည် ကျောင်းသားမိဘများအတွက် စိုးရိမ်စရာဖြစ်ပေတော့ သည်။

စံတော်ချိန်သတင်းစာ

မေလ (၈) ရက်၊ ၂၀၁၅ ခုနှစ်

No comments:

Post a Comment