Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 19, 2015

အဝေးထိန်း စနစ်သုံး မောင်းသူမဲ့ တင့်ကားတစ်မျိုးကို အမေရိကန်စစ်တပ် အဆင့်မြှင့် တီထွင်နေ


အမေရိကန် စစ်တပ်သည် အနာဂတ်ကာလ စစ်မြေပြင်များတွင် အသုံးပြုရန် ရည်ရွယ်ထားသည့် မောင်းသူမဲ့ တင့်ကား တစ်မျိုးကို အရှိန်အဟုန်ဖြင့် အဆင့်မြှင့်တင် မွမ်းမံမှုများ ပြုလုပ်လျက် ရှိသည်။
Ripsawဟု အမည်ပေးထားသည့် တင့်ကားကို အဝေးထိန်း စနစ်ဖြင့် မောင်းနှင်ရပြီး စစ်မြေပြင်များတွင် အမေရိကန် စစ်သည်များရှေ့မှ အကာအကွယ်ပေး ချီတက်ရာတွင် အသုံးပြုနိုင်ရန် မျှော်လင့်ထားသည်။ လတ်တလောတွင် Ripsawသည် စမ်းသပ် အဆင့်မြှင့်တင်ဆဲ အခြေအနေတွင်သာ ရှိသေးပြီး တစ်ကီလိုမီတာ အကွာအဝေးမှ ထိန်းချုပ်မောင်းနှင်နိုင်မည် ဖြစ်သည်။

တစ်နာရီ ၉၅ မိုင်နှုန်းထိ အရှိန်မြှင့် မောင်းနှင်နိုင်သည့် တင့်ကားကို စမ်းသပ်ရာတွင် ၎င်း၏နောက်ဘက် တစ်ကီလိုမီတာ အကွာမှ M113 သံချပ်ကာယာဉ် တစ်စီးက လိုက်ပါပြီး အဆိုပါ ယာဉ်ပေါ်မှ စစ်သားက အဝေးထိန်း ကိရိယာဖြင့် ထိန်းချုပ် မောင်းနှင်သွားခြင်း ဖြစ်သည်။ အခြားစစ်သား တစ်ဦးကမူ တင့်ကား၏ လက်နက်စနစ်များကို စမ်းသပ် ကိုင်တွယ်ခဲ့သည်။
Howe & Howe နည်းပညာ ကုမ္ပဏီ၏ တီထွင်မှုကို အမေရိကန် အဝေးထိန်း စစ်လက်နက် သုတေသန ဌာနက စစ်မြေပြင်များ၌ အသုံးချရန် ရွေးချယ်ခဲ့ပြီး ဘော့ဘ်တက်စ်တာသည် အဆိုပါ တင့်ကားကို အဆင့်မြှင့် တီထွင်နေမှုတွင် လက်တွေ့ ပါဝင်နေသူ တစ်ဦးဖြစ်သည်။ “ကြိုးမဲ့ ဆက်သွယ်မှု စနစ်နဲ့ ချိတ်ဆက်ပြီး တင့်ကားကို မောင်းနှင်တာပါ။ အဝေးထိန်း ကိရိယာနဲ့ ကောင်းကောင်း ထိန်းချုပ် စေခိုင်းနိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။
သို့သော်လည်း Ripsaw၏ လက်နက်စနစ်တွင် အားနည်းချက်များ ရှိနေဆဲ ဖြစ်သည်။ တင့်ကားတွင် M2 .5 Caliber စက်သေနတ်၊ Mk19 40mm အော်တိုမက်တစ် ဗုံးပစ် စက်သေနတ်၊ M240B 7.62 mm စက်သေနတ်၊ M249 အော်တိုမက်တစ် လက်နက်တို့ တပ်ဆင်ထားပြီး ယင်းလက်နက်များကို ခလုတ်တစ်ချက် နှိပ်ရုံဖြင့် အဝေးမှ ထိန်းချုပ်ကာ စိတ်ကြိုက် ပြောင်းလဲနိုင်သည်။ သို့သော်လည်း လက်တွေ့ ပစ်ခတ်ရာတွင်မူ အဝေးထိန်းစနစ်က အလုပ်မလုပ်သေးဘဲ လူကိုယ်တိုင် မောင်းခလုတ်ကို နှိပ်ရန် လိုနေသေးကြောင်း သိရသည်။ “ကျွန်တော်တို့ အဖွဲ့အနေနဲ့ အဲဒီကဏ္ဍကို ပြုပြင်ဖို့ လိုပါသေးတယ်”ဟု တက်စ်တာက ပြောကြားခဲ့သည်။
Howe & Howeသည် ၂၀၀၀ ပြည့်နှစ်မှ စတင်ကာ Ripsaw ပရောဂျက်ကို အကောင်အထည် ဖော်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် တင့်ကားဒီဇိုင်းမှာ သိသိသာသာ ရုပ်လုံးပေါ်လာသည်။ ယခုအခါတွင်မူ အမေရိကန် စစ်တပ်၏ အနာဂတ်ကာလ မောင်းသူမဲ့ အပေါ့စား တင့်ကားတစ်စီးအဖြစ် အသုံးချရန် လျာထားခြင်း ခံနေရပြီ ဖြစ်သည်။
“Ripsawရဲ့ မြန်နှုန်းအရ သမားရိုးကျ အပေါ့စား တင့်ကားတွေရဲ့ စစ်ဆင်ရေး အရှိန်အဟုန်အတိုင်း စွမ်းဆောင်နိုင်ပါတယ်”ဟု တက်စ်တာက ဆိုသည်။ ၎င်းက ယင်းတင့်ကားသည် ကွန်ပျူတာ ဉာဏ်ရည်တုဖြင့် အလိုအလျောက် တွက်ချက် ဆောင်ရွက်နိုင်ရန်မှာမူ မဖြစ်နိုင်ဟု မှတ်ချက်ပြုခဲ့သည်။ “တင့်ကားကို အဝေးကနေ လူတွေက ထိန်းချုပ်စေခိုင်းတဲ့ စနစ်နဲ့ပဲ အသုံးပြုနိုင်မှာပါ”ဟု ၎င်းက ပြောကြားခဲ့သည်။
အဝေးထိန်း တင့်ကားများကို အသုံးပြုခြင်းသည် အမေရိကန် စစ်တပ်များ အုပ်စုဖွဲ့ ချီတက်ရာတွင် ရှေ့တန်းမှ အကာအကွယ်ပေး ကင်းထောက်ရန် များစွာ အသုံးဝင်လာမည် ဖြစ်သည်။ အဆိုပါ တင့်ကားကို ထိန်းချုပ် မောင်းနှင်မည့် စစ်သည်များသည် သီးခြား လေ့ကျင့်သင်ယူမှုများ ပြုလုပ်ရန် လိုအပ်ကြောင်းလည်း သိရှိရသည်။
_Ref: Dailymail
http://7daydaily.com/story/37574

No comments:

Post a Comment