Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 6, 2015

၅၉ (စ) မပြင်လည်း ဒေါ်စု သမ္မတဖြစ်နိုင်တယ်


 ၂၀၁၅ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ စစ်အစိုးရလက်ထပ်က ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား မပြင်ဆင် နိုင်သေးသည့်အတွက် အတိုက်ခံပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်နိုင်သည့် အခွင့်အလမ်းနှင့် ဝေးကွာနေဆဲ ဖြစ်သည်ဟု မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်သည်။ သို့သော် ဒေါ် အောင်ဆန်းစုကြည်အနေဖြင့် ၅၉ (စ) မပြင်လည်း သမ္မတ ဖြစ်ခွင့် ရှိနေဆဲဖြစ်သည်။

လွှတ်တော်ကတောင်းဆိုခဲ့သည့် ၆ ပွင့်ဆိုင်တွေဆုံပွဲအား အရပ်သားအစိုးရလက်ထပ်တွင် ပထမဆုံးအကြိမ် တွေ့ဆုံဖြစ်ခဲ့သည်။ စစ်အစိုးရလက်ထပ်က ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် ၆ ပွင့်ဆိုင် တွေ့ဆုံပွဲတွင် ဆွေးနွေးဖြစ်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်အတွက် သမ္မတဖြစ်ခွင့် ပိတ်ပင်နေသည့် ၅၉  (စ) လုံးကို ပြင်ဆင်ပေးရန်အတွက် ဆွေးနွေးခဲ့ခြင်း မရှိခဲ့ပေ။

သို့သော် ပြည်ထောင်စုလွှတ်တော်တွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရန်အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို မေလအတွင်းလုပ်ရန် သဘောတူခဲ့သည်။ ပြည်ထောင်စုလွှတ်တော်က သဘောတူခဲ့သည့်အတိုင်း ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ အား ပြင်ဆင်ရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ်ခဲ့သည်ဆိုသော် ပုဒ်မ ၅၉ (စ) အား ပြင်ဆင်မည်မပြင်ဆင်မည်မှာ သေချာမှုမရှိပေ။

ပြည်သူအားလုံး ထောက်ခံခဲ့သည်ဟု နိုင်ငံတော်သမ္မတအပါအ၀င် တပ်မတော်ကာကွယ်ရေးဦးချုပ်နှင့် နိုင်ငံတော် အကြီးကဲများမှ ပြောနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ပါဝင်နေသော ပုဒ်မ ၅၉ (စ) လုံးအား ပြင်ဆင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်သည့်သူများကသာ ပြင်ဆင်လိုသည့် ဆန္ဒရှိနေကြသည်။ ကျန်သူများသည် ပြည်သူထောက်ခံမှု မရရှိခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံကို ပုဒ်မ ၅၉ (စ) မှအပ ကျန်ပုဒ်မတိုင်းကို ပြင်ဆင်လိုကြသူများလည်း ရှိသည်။ သို့သော် အဆိုပါဖွဲ့စည်းပုံသည် အသစ်ပြန်ရေးရမည့် ဖွဲ့စည်းပုံဖြစ်သည်ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းက ခံယူထားသည်။

တဖက်တွင်လည်း ရွေးကောက်ပွဲကော်မရှင်က ယခုနှစ်တွင် ကျင်းပပေးရမည့် ရွေးကောက်ပွဲအား နိုဝင်ဘာလ ဆန်းထဲတွင် ကျင်းပရန် ကြေညာထားသည်။ ထိုကဲ့သို့ ရွေးကောက်ပွဲကျင်းပရန် ၇ လခန့်အလိုတွင် လူထုထောက်ခံမှု အပြည့်ရ ရှိထားသည့် ဒေါ်အောင် ဆန်းစုကြည်၏ အန်အယ်လ်ဒီပါတီသည် ယခုနှစ်ကျင်းပမည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိမည်ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းနှင့် ပြည်သူတချို့က သုံးသပ်နေကြသည်။

အဆိုပါရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရရှိခဲ့မည်ဆိုပါက ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ရန်အတွက် အဟန့်အတားဖြစ်နေသည့် ၅၉ (စ) အား မပြင်ဆင်သေးသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်မှာ ဝေးကွာလွန်းလှသည်။ သို့သော်လည်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်ချင်သည်ဟု ကမ္ဘာကို ကြေညာထားပြီးဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း ၃ တွင် ပြဒါန်းထားသည့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတတို့၏ အရည်အချင်းများထဲတွင် မိသားစုဝင်များသည် တိုင်းတပါးသားများ မဖြစ်ရမည့်အပြင် တိုင်းတပါး၏ကျေးဇူးတရားများ၊ အခွင့်ရေးများနှင့်လည်း ကင်းလွှတ်ရမည်ဟု ဖော်ပြထားသည်။

အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိသျှနိုင်ငံသား မိုက်ကယ်အဲရစ်နှင့်လက်ထပ်ခဲ့ပြီး ရရှိခဲ့သည့် သားနှစ်ယောက်သည် ဗြိတိန်နိုင်ငံသားများအဖြစ် ခံယူထားသည်။ မြန်မာ့နိုင်ငံရေးထဲကို ၀င်လာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အတွက် နေအိမ် အကျယ်ချုပ်ဘ၀နဲ့သာ နေလာခဲ့ရသည်က များလွန်းသောကြောင့် မိသားစုနှင့်အတူ နေခဲ့ရသည်ကလည်း မရှိသလောက် နည်းပါးခဲ့သည်။

လက်ရှိအချိန်တွင် ခင်ပွန်းသည် သေဆုံးသွားသော်လည်း သားနှစ်ယောက်မှာ နိုင်ငံခြားသားများ ဖြစ်နေသည့်အချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်ခွင့်မှာ ဝေးကွာနေခြင်းဖြစ်သည်။ ထိုအချက်များကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် မရှိခဲ့ပါက ၂၀၁၅ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီပါတီအနိုင်ရရှိခဲ့သော် သမ္မတရာထူးပေးရန်အတွက် အန်အယ်လ်ဒီပါတီအနေဖြင့် ပါတီဒုတိယခေါင်းဆောင်အား ယနေ့အချိန်အထိ ပြည်သူများအား ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ ထိုအချက်သည် ပြည်သူအားလုံးသိချင်သည့် အဖြေတခုဖြစ်သည်။

မည်ဆိုပင်ဆိုစေ ယနေ့အချိန်ထိ အန်အယ်လ်ဒီပါတီ၏ ဒုတိယခေါင်းဆောင်ကို ထုတ်ဖော်မပြောဆိုခြင်းသည် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရရှိခဲ့လျှင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတဖြစ်ရန် လမ်းစတခု ရှိနေခြင်း ကြောင့်သာဖြစ်နိုင်သည်ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်နေကြသည်။

“ယခုကဲ့သို့ နိုင်ငံရေးအသိုင်းအ၀ိုင်းမှ သုံးသပ်ချက်သည် ဒေါ်အောင်ဆန်းစုကြည်အတွက် တိုင်းပြည်နှင့် လူထုအတွက် သူမ ပေးဆပ်ခဲ့သည်ထဲက သူမဘ၀အတွက် နောက်ဆုံးပေးဆပ်ရန်သာ ကျန်ရှိတော့သည့် နှလုံးသားတစုံအား ပေးဆပ်ဖို့သာရှိတော့သည်။”

မြန်မာ့နိုင်ငံရေးအား စိတ်ပါဝင်စားသူများ၊ နိုင်ငံရေးလေ့လာသုံးသပ်သူများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးတီးမိခေါက်မိရှိသူ စုစုပေါင်း အယောက် ၅၀ ကျော်အား ၅၉ (စ) လုံး မပြင်ဆင်ပါက ဒေါ် အောင်ဆန်းစုကြည်သမ္မတ ဖြစ်နိုင်သလားဆိုသည်ကို မေးမြန်းခဲ့ရာတွင် မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ကြပါသည်။

“ဒီ ၅၉ (စ) မပြင်ဘဲနဲ့တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဖြစ်နိုင်တဲ့ အခြေအနေရှိကို မရှိဘူး” ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်မှုဆောင် ဦးဟန်ရွှေက ပြောသည်။

“ဒီမိုကရေစီဆိုတာ ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူး။ ၅၉ (စ) လုံးမှာ ဒီလိုပြဋ္ဌာန်းထားလျက်သားနဲ့ ဒေါ်အောင်ဆန်းစုကြည်မလို့ ဗိုလ်ချုပ်အောင်ဆန်းသမီးမလို့ ဆိုပြီး ဒါကို ဖောက်ဖြတ်ပြီးတော့ သမ္မတဖြစ်အောင် လုပ်ပေးမယ်ဆိုရင် အကုန်လုံးသမိုင်းတရားခံ ဖြစ်သွားလိမ့်မယ်။”

အန်အယ်လ်ဒီပါတီကို ထောက်ခံသည့် နိုင်ငံရေးအသိုင်းအ၀ိုင်းက “သမ္မတမဖြစ်စေချင်လို့ ဒီ ၅၉(စ)နဲ့ချုပ်ထားတာ” ဖြစ်သည်ဟု ပြောသည်။

သို့သော် ပြည်သူက တောင်းဆိုသည့် ခေါင်းဆောင်တဦးဖြစ်မည်ဆိုလျှင် လက်ရှိအစိုးရအနေဖြင့် အကောင်အထည်ဖော်ပေးသင့်သည်ဟုလည်း သူတို့ကဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း စစ်တပ်က အာဏာလွှဲပြောင်းပေးခဲ့ခြင်း မရှိခဲ့ပေ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၁၂၁ တွင် ပြည်သူလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ပိုင်ခွင့် မရှိခြင်း ဆိုတဲ့အချက်ထဲတွင် ပြစ်မှုကျူးလွန်သူ ထောင်ချခံရသူ၊ စိတ်ပေါ့သွပ်သူ၊ လူမွဲအဖြစ်စာရင်း သွင်းခံထားရသူ၊ နိုင်ငံခြားအစိုးရ လက်အောက်ခံ အခွင့်ထူးရယူထားသူ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ စသည့်အချက်များနှင့် ငြိစွန်းသူသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မဖြစ်ရဟု ပြဋ္ဌာန်းထားသည်။

သို့သော် ခြွင်းချက်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသည့် လွှတ်တော်များနှင့် အဖွဲ့အစည်းများတွင် ရွေးချယ်ခန့်အပ်ထားသည့် တပ်မတော်သားများအပါအ၀င် နိုင်ငံဝန်ထမ်းနှင့် မသက်ဆိုင်စေရဆိုသည့်အချက်ဖြင့် တပ်မတော်သားများနှင့် နိုင်ငံဝန်ထမ်းများအား ပုဒ်မ ၁၂၁ ဖြင့် ငြိစွန်းသော်လည်း ပြည်သူလွှတ်တော် ကိုယ်စားလှယ်ဖြစ်ခွင့်ပေးထားသည်။

မြန်မာ့နိုင်ငံရေး လေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက “တပ်မတော်သားတွေ ၀န်ထမ်းတွေကိုတောင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်နိုင်ဖို့အတွက် ခြွင်းချက်ပေးထားနိုင်သေးတာပဲ။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကိုရော ဒီလို ခြွင်းချက်အတိုင်း သမ္မတအဖြစ် ဖြစ်ခွင့်ပေးလို့ မရဘူးလား” ဟုပြောသည်။

ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသည့် နိုင်ငံတခုအတွက် ဥပဒေအတိုင်း လုပ်ဆောင်ရမည်ဖြစ်သည်။ ယခုကဲ့သို့ လွှတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်များနှင့် ငြိစွန်း သော်လည်း ခြွင်းချက်ပေးလိုက်မည်ဆိုပါက မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းက လက်ခံမှာ မဟုတ်ကြောင်း ၀ါရင့်နိုင်ငံရေးသမားများက ပြောသည်။

မည်သို့ပင်ဆိုစေ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးအား နိုင်ငံတော်ရဲ့ အကြီးအကဲဖြစ်သင့်သည်ဟုဆိုသော်လည်း  သူမ အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) အား ပြင်ဆင်မှသာလျှင် သမ္မတဖြစ်နိုင်မည်။ သို့သော်ရွေးချယ်စရာ နည်းလမ်းတခုတော့ရှိသည်။

ပြီးခဲ့သည့် စစ်အစိုးရလက်ထပ်တွင် ဘုန်းတရားခိုးအာဏာကြီးမားခဲ့သည့် ဗိုလ်ချုပ်ခင်ညွှန့် လက်ထပ်တွင် သူ၏  သားသည် ပြည်ပနိုင်ငံသူအမျိုးသမီးတဦးနှင့် လက်ထပ်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲ၏ သားသမီးတဦးသည် ယခုလိုပြုလုပ်ခဲ့သည့်အတွက် ဗိုလ်ချုပ်ခင်ညွန့်အနေဖြင့် သူသားအား သားအဖြစ်မှ စွန့်လွှတ်လိုက်ပြီး လက်ရှိတာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့ဖူးသည်။

ထိုအချိန်အခါက ဗိုလ်ချုပ်ခင်ညွန့်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ဗြိတိသျှနိုင်ငံသား မိုက်ကယ်အဲရစ်နှင့် လက်ထပ်ခဲ့သည်ကို အပြစ်တင်နေသည့်အချိန်လည်း ဖြစ်သည်။

ယခုလို သာဓကများ ရှိခဲ့ဘူးသည့်အတွက် အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူက သမ္မတ လုပ်ပေးဖို့တောင်းဆိုလာခဲ့လျှင် ပြည်ပ နိုင်ငံသားအဖြစ် ခံယူထားသည့် သားနှစ်ယောက်အား မြန်မာနိုင်ငံ သားအဖြစ် ခံယူခိုင်းစေခြင်း သို့မဟုတ် သားအဖြစ်မှ အပြီးတိုင်စွန့်လွှတ်လိုက်မည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) အား မပြင်ဆင်သည့်တိုင် သမ္မတ ဖြစ်နိုင်သည့် အခွင့်အရေးများရှိနေဆဲဖြစ်သည်။

၅၉ (စ) အား မပြင်ဆင်သည့်တိုင် အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သမ္မဖြစ်နိုင်သည့် အခွင့်အရေးတခုဖြစ်သည့် ဗြိတိန်နိုင်ငံသားအဖြစ် ခံယူထားသည့် သားနှစ်ယောက်အား မြန်မာနိုင်ငံသားအဖြစ် ခံယူခိုင်းသော် သားနှစ်ယောက်သည် လက်ခံသော်လည်း လက်ရှိအစိုးရအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ပြီးသည်အထိ အချိန်ဆွဲသွားနိုင်သည်ဟု နိုင်ငံရေးကျွမ်းကျင်သူတချို့က သုံးသပ်ကြသည်။

ထို့အပြင် သားနှစ်ယောက်အား သားအဖြစ်မှ အပြီးတိုင် စွန့်လွှတ်လိုက်ရမည်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတဖြစ်ချင်သည့်အတွက် အခုလိုကိစ္စမျိုးကို ပြုလုပ်ရပါသည့်ဆိုသည့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများအား ခံနိုင်ရည်ရှိမှဖြစ်မယ်ဟုလည်း နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်ကြသည်။

“ဥပဒေကြောင်းအရ အခုလိုလုပ်မယ်ဆိုရင် သာမန်ကြည့်တယ်ဆိုရင် သမ္မတအရည်ချင်း ကန့်သတ်ချက်ကို လွှတ်တယ်။ ဒါပေမယ့် စစ်အာဏာရှင်ဆိုတာ အာဏာရဖို့အတွက် ဘာမဆိုလုပ်ရဲတယ်။ လျော့တော့မတွက်နဲ့” ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကပြောသည်။

“၉၀ ရွေးကောက်ပွဲတုန်းကလည်း ဒေါ်စုနိုင်တာပဲ ဘယ်မှာ အာဏာလွှဲပေးလို့လဲ။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်ပေးမှာတော့မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခုလို လုပ်မယ်ဆိုရင်လည်း နိုင်ငံရေးအရ အကြီးအကျယ် အပုဒ်ချခံရလိမ်မယ်။”

ထိုအချက်သည် အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အတွက် တိုင်းပြည်နှင့် လူထု အမှန်တကယ် တိုးတက်ကောင်းမွန်လာစေချင်သည့် စိတ်ရင်းအပြည့်အ၀ရှိမည်ဆိုပါက ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓာတ်အတိုင်း စွန့်လွှတ်အနစ်နာခံရတော့မည်ဖြစ်သည်။

“မိသားစုအကုန်လုံးကို စွန့်လွှတ်နိုင်တဲ့ အနေထား ရောက်ပြီဆိုရင်တော့ မျှော်လင့်ချက်ရှိပါတယ်။ ဒါကတော့ အတော်ကြီးကို စွန့်လွှတ်ရမယ်။ ကျနော်တို့သိသလောက်တော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အများကြီးလည်း စွန့်လွှတ်ခဲ့ပြီးပါပြီ” ဟု ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒုဥက္ကဋ္ဌ ၂ ဦးစောသန်းမြင့်ကပြောသည်။

“ဒါကို အမြစ်ဖြတ်တယ်ဆိုရင်တော့ ပြည်သူအတွက်၊ ပါတီအတွက် ကိုယ်ကျိုးစွန့်တယ်ဆိုတာ ထင်ထင်ရှားရှား ဖြစ်တယ်ပေါ့။ ကျနော်တို့ကိုယ်တိုင်ကအစ အင်မတန်ခက်ခဲတဲ့ကိစ္စဖြစ်တယ်။”

ယခုလို ဆုံးဖြတ်ချက်မျိုးချခဲ့မယ်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အန်အယ်လ်ဒီပါတီသည် သူမ သမ္မတဖြစ်ရန်အတွက် ၂၀၁၅ ရွေး ကောက်ပွဲတွင် မဲအပြတ်အသတ်အနိုင်ရမှဖြစ်မည်။ အဘယ့်ကြောင့်ဆိုသော် စစ်တပ်သည် လွှတ်တော်အတွင်း ၂၅ ရာခိုင်းနှုန်းယူထားသည့်အတွက် စစ်တပ်မှ တင်မြောက်သည့် ဒုတိယသမ္မတတစ်ယောက်ရှိနေခြင်း ကြောင့်ဖြစ်သည်။

သမ္မတဖြစ်ရန်အတွက် ဒုတိယသမ္မတသုံးယောက်ထဲမှ တစ်ဦးအား သမ္မအဖြစ် ရွေးကောက်တင်မြှောက်ရမည်ဖြစ်သည်။ ထို့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး ပြည်သူ့ လွှတ်တော်က တင်မြှောက်သည့် ဒုတိယ သမ္မတဖြစ်သော် အမျိုးသားလွှတ်တော်မှ တင်မြှောက်လိုက်သည့် သမ္မတသည် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့် သူမ ဟုတ်ပါက သူမ သမ္မတဖြစ်ခွင့် လွဲချော်သွားမှာဖြစ်သည်။

ယင်းအတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးမဖြစ်ရေးသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီပါတီအနေဖြင့် မဲအပြတ်အသတ် အနိုင်ရရှိမှုပေါ်တွင်သာ မှုတည်နေပါသည်။

အောင်သူ (ဒေးဒရဲ)

By ဒီဗွီဘီ
http://burmese.dvb.no

No comments:

Post a Comment