Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 13, 2015

ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်ရင် ဆူနာမီဖြစ်နိုင်တာကြောင့် မြစ်ဝကျွန်းပေါ်နဲ့ တနင်္သာရီကမ်းရိုးတန်းကို ထိခိုက်နိုင်ပါတယ်


ကပ္ပလီပင်လယ်အတွင်းရှိ ဘာရန်ကျွန်း (Barren Island) မီးတောင်ပေါက်ကွဲမည့် လက္ခဏာအဖြစ် ချော်ရည်ပူနှင့် ပြာမှုန့်များ မှုတ်ထုတ်နေသောကြောင့် ယင်းမီးတောင်နှင့် မိုင် ၂၅၀ ခန့်သာ ကွာဝေးသည့် မြန်မာ့ကမ်းရိုးတန်းဒေသများတွင် ဆူနာမီနှင့် ငလျင်အန္တရာယ်ရှိနိုင်သည်ဟု မြန်မာနိုင်ငံ မြေငလျင်ကော်မတီက မေလပထမပတ်တွင် သတိပေးခဲ့သည်။ ဒေသတွင်း နီပေါနိုင်ငံတွင် ငလျင်ကြောင့် အဆောက်အအုံများစွာ ပြိုကျကာ လူထောင်ချီသေဆုံးမှုသတင်းများ လတ်လတ်ဆတ်ဆတ်ကြားနေရချိန် မြန်မာ့ကမ်းရိုးတန်းဒေသများ၌ ဆူနာမီအန္တရာယ်သတင်းကြောင့် လူထုအကြား စိုးရိမ်ထိတ်လန့်မှုမြင့်တက်ခဲ့သည်။ ထို့ကြောင့် ဘာရန်ကျွန်းမီးတောင်၏ နောက်ဆုံးအခြေအနေနှင့် ယခင်နှစ်များက ပေါက်ကွဲခဲ့ဖူးသည့် သမိုင်းကြောင်းတို့ကို ပြည်သူများ လေ့လာသုံးသပ်နိုင်စေရန် ငလျင်ကဲ့သို့ ကြိုတင်ခန့်မှန်း၍ မရနိုင်သည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် မည်သို့လေ့လာပြင်ဆင်ထားသင့်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ဒုဥက္ကဋ္ဌ ဦးစိုးသူရထွန်းနှင့် တွေ့ဆုံမေးမြန်းထားသည်များကို 7Day News Journal စာဖတ်ပရိသတ်အတွက် တင်ပြလိုက်ပါသည်။

မေး- အစိုးရပိုင်းက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနဲ့ ပတ်သက်လို့ အသိပညာပေးမှု အားနည်းနေချိန်မှာ ပြည်သူတွေက ဆူနာမီဆိုတဲ့ အသံကြားတာနဲ့ ထိတ်လန့်နေကြတယ်။ ဘာရန်ကျွန်း (Barren Isand)မီးတောင်နဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေကို သိပါရစေ ဆရာ။

ဖြေ- နောက်ဆုံးအခြေအနေ ဘယ်လိုရှိတယ်ဆိုတာကို စောင့်ကြည့်နေပေမယ့် အခုအချိန်ထိ ဘာသတင်းမှ ထပ်မရသေးပါဘူး။ လွန်ခဲ့တဲ့ ဧပြီလကုန်ပိုင်းကာလကထက် ထူးခြားမလာသေးဘူးလို့ပဲ နားလည်လို့ရပါတယ်။

မေး- အရင် ပေါက်ကွဲမှုတွေတုန်းကကော ဒီမီးတောင်က ကမ်းရိုးတန်းဒေသတွေကို ဘယ်လောက်အထိ အန္တရာယ်ပေးခဲ့ဖူးပါသလဲ။

ဖြေ- ဒီမီးတောင်က လွန်ခဲ့တဲ့နှစ်တစ်သိန်းကျော် (Pleistocene ကာလ)က အကြီးအကျယ်ပေါက်ကွဲပြီး သူ့ရဲ့ချော်ရည်တွေ၊ လှိုင်းကြီးလို့ပို့ချခဲ့တဲ့ အနည်တွေရှိခဲ့တယ်လို့ ဘူမိဗေဒလေ့လာမှုတွေက ဖော်ပြပါတယ်။ ဒါပေမဲ့ ၁၉ ရာစုအတွင်းနဲ့ မနေ့တစ်နေ့ကလို့ ဆိုရမယ့် ၁၉၉၁၊ ၁၉၉၅ နဲ့ ၂၀၀၅-၀၆ က ပေါက်ကွဲမှုတွေကြောင့်တော့ ကြီးမားတဲ့အန္တရာယ် ဖြစ်ခဲ့တာမတွေ့ရပါဘူး။ မီးတောင်ကိုက ကျွန်းတစ်ခုလုံး အပြည့်နီးပါးဖြစ်ပြီး လူမနေဘူးလို့ သိရပါတယ်။


၂၀၁၅ ခုနှစ်တွင် မီးတောင်ပေါက်နေသော ဘာရန်ကျွန်းနှင့် လေ့လာနေသူအချို့

မေး- အခု လောလောဆယ်မှာ ဒီိမီးတောင်အကြောင်း ဒေသတွင်း ဘယ်နိုင်ငံတွေက ဆူနာမီ (သို့မဟုတ်) ငလျင်သတိပေးချက် ထုတ်ပြန်ထားတာမျိုးရှိပါသလဲ ဆရာ။

ဖြေ- ဒီမီးတောင်အကြောင်းကို အိန္ဒိယက သတိထားမိပြီး သူ့နိုင်ငံဘက်က ပညာရှင်တွေ လေ့လာစောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုကြီးမားခဲ့ရင် ဖြစ်လာနိုင်တဲ့ ဆူနာမီရေလှိုင်းနဲ့ ပတ်သက်လို့တော့ ထိုင်းဘက်ကလည်း သတိပေးစကားတွေရှိနေတယ်လို့ ကြားရပါတယ်။ ဒါပေမဲ့ ထိုင်းမိုးလေဝသဌာနကတော့ တရားဝင်သတိပေးတာမတွေ့ရသေးပါဘူး။

မေး- နိုင်ငံတကာက ပညာရှင်တွေကကော ဘာရန်ကျွန်း (Barren Island) မီးတောင်နဲ့ပတ်သက်လို့ အခုနောက်ဆုံး ဘယ်လိုသုံးသပ်ထားပါသလဲ ဆရာ။

ဖြေ- ဘာရန်ကျွန်းမီးတောင်ဟာ မြေထုချပ်စိုက်ဝင်ဇုန် (Subduct-ion zone) တွေနဲ့ မလှမ်းမကမ်းမှာ တွေ့ရတဲ့ strato volcano လို့ခေါ်တဲ့ ချော်မှုန့်၊ ချော်ပြာတွေနဲ့ ချော်ရည်တွေမျိုးစုံ (တစ်လှည့်စီဖြစ်စေ) ထွက်တတ်တဲ့ အမျိုးအစား ဖြစ်ပါတယ်။ မြန်မာပြည်ထဲက အခုအသက်မဝင်တော့တဲ့ ပုပ္ပားတောင်လိုအမျိုးအစားပါ။ ဆူမာတြားကနေ အက်ဒမန် (ကပ္ပလီ) ကျွန်းစုအနောက်ဘက်ကိုဖြတ်ပြီး စစ်တွေအနောက်ဘက်မြန်မာကမ်းရိုးတန်းထိရှိနေတဲ့ ဆူမာတြား-အက်ဒမန် တက်တိုးနစ်ဇုန် ပြတ်ရွေ့ကြီးတစ်လျှောက်မှာရှိတဲ့ မီးတောင်တွေထဲမှာ မြောက်ဘက်ဆုံးဖြစ်ပါတယ်။ မြန်မာပြည်ဘက်ပိုင်းမှာတော့ စိုက်ဝင်ရွေ့လျားမှု နည်းသွားပြီး ဘေးတိုက်ရွေ့လျားမှုပဲရှိတော့လို့ ပြည်တွင်းမှာ မီးတောင်တွေမရှိတော့တာလို့ နားလည်ကြပါတယ်။ အိန္ဒိယသမုဒ္ဒရာ မြေထုချပ်က အာရှအောက်ကို တိုးဝင်နေဆဲဖြစ်လို့ ဒီတစ်လျှောက်မှာ ငလျင်တွေနဲ့ မီးတောင်တွေရှိနေတာဖြစ်ပြီး ဘာရန်ကျွန်းမီးတောင်ဟာ ဒီထဲက တစ်ခုဖြစ်ပါတယ်။

မေး- အကယ်၍ ပေါက်ကွဲမှုဖြစ်လာခဲ့ရင် မြန်မာနိုင်ငံအနေနဲ့ ဘယ်ဒေသတွေ အဓိကသတိထားဖို့လိုမလဲ ဆရာ။ ဒေသအလိုက် အသေးစိတ်လေးပြောပြစေချင်ပါတယ်။

ဖြေ- ပေါက်ကွဲမှုကြောင့် တိုက်ရိုက်အနေနဲ့တော့ အနီးဆုံးကိုကိုးကျွန်းလိုနေရာတောင် မိုင် ၁၃၀ လောက်ဝေးတာမို့ ထိခိုက်မှုကြီးကြီးမားမားရှိမယ်လို့ မယူဆပါဘူး။ ဒါပေမဲ့ ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်ရင် ဆူနာမီဖြစ်နိုင်တာကြောင့် မြစ်ဝကျွန်းပေါ်နဲ့ တနင်္သာရီကမ်းရိုးတန်းကို ထိခိုက်နိုင်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုး မှတ်တမ်းမှာ များများစားစားရှိတာတော့ မဟုတ်ပါဘူး။ အထင်ရှားဆုံးကတော့ ၁၈၈၃ က ပေါက်ကွဲခဲ့တဲ့ ဂျာဗားနဲ့ ဆူမာတြားအကြားက ကရာကာတိုဝါ (Krakatau)ကျွန်း မီးတောင်ကြောင့် နယူးဇီလန်၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားကျွန်းစုတွေမှာ လူ ၃၆,၀၀၀ လောက် သေဆုံးခဲ့ရဖူးတဲ့ အဖြစ်ပါ။ ဒီလိုဖြစ်တောင့်ဖြစ်ခဲဖြစ်စဉ်တွေ ကျွန်တော်တို့ကို ထိခိုက်မှာစိုးရိမ်လို့ သတိပေးနေတာဖြစ်ပါတယ်။

မေး- ငလျင်နဲ့ပတ်သက်လို့ ဆရာတို့လို တစိုက်မတ်မတ်လေ့လာခဲ့တဲ့ ပညာရှင်တွေအနေနဲ့ မြန်မာနိုင်ငံက ပြည်သူတွေမှာ ငလျင်လို သဘာဝဘေးအတွက် ကြိုတင်ကာကွယ်ဖို့လုံလောက်တဲ့ အသိပညာရှိနေပြီလားဆရာ။ (သို့မဟုတ်) လိုအပ်ချက်တွေရှိနေရင်လည်း သတိထားနိုင်အောင် အကြံပြုပေးစေချင်ပါတယ်။

ဖြေ- ဒီကိစ္စကပြောဖို့ ခက်တယ်။ ဥပမာ ၂၀၀၄ ဆူနာမီအပြီး ကမ်းရိုးတန်းတွေကို လိုက်လေ့လာတိုင်းတာတဲ့အခါ သူတို့က ထင်ထားတာထက်ပိုပြီး ဗဟုသုတရှိနေတာမျိုးလည်း တွေ့ရတတ်တယ်။ တစ်ခါငလျင်ဘူမိဗေဒသုတေသနအတွက် ကွင်းဆင်းလေ့လာတဲ့အခါ အငှားယာဉ်မောင်းတဲ့သူလိုမျိုးကတောင် တော်တော်သိနေတာလည်း တွေ့ရဖူးပါတယ်။ အတတ်ပညာနည်းလို့၊ စားဝတ်နေမှုအတွက် လုံးပန်းနေရလို့ မသိကြ၊ မမြင်ကြတာရှိသလို ပညာတတ်လို့ဆိုရပြီး ဘာမှမသိတဲ့သူလည်း ရှိတော့ရှိနေသေးမှာ ဖြစ်နိုင်တယ်။ ဆိုလိုတာက တစ်ဦးချင်းကိစ္စက သီးခြားဖြစ်ပြီး အများစုအတွက်တော့ ပညာပေးမှုတွေ လှုံ့ဆော်မှုတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ၊ လူဦးရေတိုးလာတာနဲ့အမျှ လိုအပ်နေမှာပဲဖြစ်တယ်။ အရေးပေါ် သဘာဝဘေးတွေအတွက် နိုင်ငံမှာ သီးခြားရန်ပုံငွေတွေ စီမံချက်တွေထားရှိတယ်လို့ ကြားရပါတယ်။ ဒီလိုပဲ သဘာဝဘေးသုတေသနနဲ့ ပညာပေးလှုံ့ဆော်မှုအတွက် ရန်ပုံငွေ၊ အဖွဲ့အစည်း (Institution) နဲ့ စီမံချက်တွေရှိဖို့လိုတယ်။

မေး- ဘာရန်ကျွန်း (Barren Island) မီးတောင်နဲ့ပတ်သက်လို့ ပညာရှင်တွေကလည်း သတိပေးနေတယ်။ ပြည်သူတွေကလည်း စိုးရိမ်မှုနဲ့အတူ သတိထားနေတယ်။ အခုလို အချိန်မှာ အစိုးရဘက်ကနေ ငလျင်လို သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက်၊ ပြည်သူတွေကို ဘယ်လိုအသိပညာပေးသင့်ပါသလဲ။

ဖြေ- ငလျင်ကတော့ ရိုးရိုးကာကွယ်လို့မရတဲ့အထဲမှာပါတယ်။ အဆောက်အအုံကြောင့် ထိခိုက်ရတာက အဓိကဖြစ်တဲ့အတွက် အဆောက်အအုံပိုင်းမှာတော့ အစိုးရရဲ့ သက်ဆိုင်ရာအစိတ်အပိုင်းတွေ သတိထားမိနေပြီး ပြင်ဆင်မှုတွေ လုပ်သင့်သလောက်လုပ်နေပြီလို့မြင်ပါတယ်။ မိသားစုအလိုက်နဲ့ တစ်ဦးချင်းအတွက်ကတော့ အခု media တွေက စိတ်ဝင်စားလာလို့ ပြောဆိုမျှဝေနေတာထက်ပိုပြီး ဇာတ်တိုက်ပြင်ဆင်မှုတွေအထိ လုပ်သင့်ပါတယ်။ ဒါမှ awareness မြင့်လာပါမယ်။

မေး- ငလျင်ကော်မတီကတော့ ကမ်းရိုးတန်းဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေးအတွက် ကြိုတင်ပြင်ဆင်သင့်တယ်လို့ အကြံပြုထားပါတယ်။ ဆရာဖြည့်စွက်ပြီး ပြောပေးပါဦးခင်ဗျာ။

ဖြေ- ဟုတ်ပါတယ်။ ကမ်းရိုးတန်းမှာက နာဂစ်မှာသင်ခန်းစာရခဲ့သလိုပဲ ၄-၅ မိုင်သွားရင်တောင် တစ်ပေလောက် မြေမျက်နှာပြင်မမြင့်လာတဲ့နေရာမျိုးတွေ၊ အထူးသဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ ရှိနေတော့ ဘေးကိုသိရင်တောင် ရှောင်ဖို့ခက်တယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းရင်တော့ အခုပြောနေတဲ့ ဆူနာမီလိုမျိုး၊ မုန်တိုင်းကြီးတွေနဲ့ သူနဲ့ပါလာမယ့် ရေကြီးမှုမျိုးကနေ ရှောင်တိမ်းဖို့ အချိန်ကာလတစ်ခု ကြိုသိရရင် ဖြစ်နိုင်မှာဖြစ်တယ်။ Cyclone Shelter တွေ တချို့နေရာတွေမှာ ရှိနေပြီလို့တော့ ကြားရတယ်။ မရှိတဲ့နေရာမှာ ဘယ်လိုတုံ့ပြန်မှုလုပ်နိုင်မယ်ဆိုတာကို တစ်နေရာချင်းအတွက် စဉ်းစားသင့်ပါတယ်။

မေး- နောက်ဆုံးမေးခွန်းပါဆရာ။ ဆူနာမီဆိုတာထက် အချိန်မရွေးလှုပ်ခတ်နိုင်တယ်ဆိုတဲ့ ငလျင်ကြောတွေပေါ်မှာနေနေရတဲ့ ပြည်သူတွေအတွက် အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကနေ ဘယ်ကဏ္ဍတွေမှာ ကြိုတင်ပြင်ဆင်ထားပေးသင့်ပါသလဲ ဆရာ။

ဖြေ- အခက်ခဲဆုံးမေးခွန်းလည်း ဖြစ်နိုင်ပါတယ်။ ပထမဦးဆုံးကတော့ ဘေးအန္တရာယ်ကိုသိဖို့ပါ။ ‘‘မရှိတာထက် မသိတာခက်’’ဆိုတဲ့ စကားပုံအတိုင်းပဲ။ ခံရနိုင်တဲ့ အခြေအနေကိုသိမှ ဘယ်လိုခံရမယ်၊ ဘာတွေပြင်ဆင်ရမယ်ဆိုတာ သိမှာဖြစ်တယ်။ ကြိုတင်ပြင်ဆင်တဲ့အဆင့်ပြီးမှ အရေးပေါ်တုံ့ပြန်မှုကို ဆက်လက်နားလည်ဆောင်ရွက်ရမယ်။ ပြီးရင် ကယ်ဆယ်ကူညီရေးအတွက် နောက်ဆက်စဉ်းစားရပါမယ်။ သဘာဝဘေးကို သိနားလည်ဖို့ အစဉ်တစိုက် လှုံ့ဆော်မှုက ပထမဖြစ်ပါတယ်။ ငလျင်ဆိုရင် ထိုင်ပြီးကြောက်နေလို့ အကျိုးမထူးပါဘူး။ ဒီဖြစ်ရပ်မှာ ဘယ်အားနည်းချက်ကြောင့် ကိုယ့်ကိုထိခိုက်မှာလဲဆိုတာသိရင် ဖြေရှင်းဖို့ လူတိုင်းစတင်စဉ်းစားနိုင်ပါပြီ။ အခြေအနေပေးတာနဲ့ သူစဉ်းစားတော့မှာပါ။ အဲဒီအခါမှာသူ့အတွက် ကြိုတင်ပြင်ဆင်ဖို့ knowledge resource အဆင်သင့်ရှိသင့်ပါတယ်။ ဥပမာ ကိုယ့်နေရာအတွက် update အဖြစ်ဆုံး ငလျင်ဇုန်မြေပုံ၊ ကိုယ့်နေအိမ်အတွက် အသင့်လျော်ဆုံးငလျင်ဒဏ်ခံဒီဇိုင်း၊ ပိုစတာတွေကို တောင်းယူလို့၊ ဖတ်ရှုလို့ရဖို့ လိုပါတယ်။ လက်သမား၊ ပန်းရန်ဆရာကလည်း ဒါတွေကို လေ့လာနိုင်ဖို့ လွယ်ကူရပါမယ်။ ရပ်ရွာအဖွဲ့အစည်းတွေကလည်း ဒါတွေကို လွယ်လွယ်ကူကူသိနေရင် သွားလာရင်း တယောက်အားနည်းချက် တစ်ယောက်ပြောနေနိုင်မယ်။ နောက်တစ်ဆင့် RiskTransfer လို့ခေါ်တဲ့ အာမခံထားတဲ့ နည်းလမ်းပါ။ ဒါကအာမခံထားပြီး ဘေးဖြစ်ရင် ငွေရအောင်လုပ်တာ သက်သက်မဟုတ်ဘူး။ အာမခံပေးမယ့်သူက သူပေးရမယ့် သူ့ရဲ့ နေထိုင်မှုဝန်းကျင်ကို စစ်ပြီးမှ လက်ခံမှာမို့ ကိုယ့်ဘ၀ကို ဆိုင်ရာပညာရှင်နဲ့ စစ်ဆေးပြီးသားဖြစ်သွားပါတယ်။ အရေးပေါ်တုံ့ပြန်မှုအပိုင်းကျတော့ ကလေးတွေ ပညာရေးမှာ ထည့်သွင်းထားရမယ်။ မြန်မာပြည်လိုပဲ ငလျင်ဒဏ်ခံရနိုင်ခြေနီးစပ်တဲ့ ဂျပန်နဲ့ အမေရိကအနောက်ပိုင်းတွေမှာ ကလေးကတည်းက ပညာပေးမှုတွေရှိတယ်။ တစ်ဖက်က အစိုးရက အရေးပေါ်ထွက်ပြေးမှုလမ်းကြောင်းတွေ၊ ခိုလှုံရာနေရာတွေ သတ်မှတ်ပေးပြီး အားလုံးသိအောင် ဆိုင်းဘုတ်တွေနဲ့ ပြထားရပါတယ်။ ဒါ့အပြင် မကြာခဏမဟုတ်တောင် ၄-၅ နှစ်တစ်ကြိမ် တစ်မြို့လုံး ဇာတ်တိုက်ကြည့်တာမျိုးတွေအထိ လုပ်သင့်ပါတယ်။ ကယ်ဆယ်ရေးအပိုင်းကတော့ အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းနဲ့ အစိုးမဟုတ်တဲ့အဖွဲ့တွေက ကျွန်တော်တို့ထက် ပိုနားလည်မှာမို့ ထည့်မပြောတော့ပါဘူး။

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်ဆရာ။
http://7daydaily.com/story/37085#.VVM-TpM2XYh

No comments:

Post a Comment