Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 13, 2015

မြန်မာသွေးပါတာ ဂုဏ်ယူတဲ့ ရွေးကောက်ခံ ဗြိတိသျှ အမတ်


ပြီးခဲ့သည့် သီတင်းပတ်က ကျင်းပခဲ့သော ဗြိတိန်ပါလီမန် ရွေးကောက်ပွဲများ မတိုင်မီကာလတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် သူများအကြား အချေအတင် အဖြစ်ဆုံးအကြောင်းအရာမှာ ပြည်ပမှ ရောက်လာသူများနှင့် ပတ်သက်သော ဗြိတိန်နိုင်ငံ၏ မူဝါဒ ဖြစ်သည်။ ဗြိတိန်နိုင်ငံတွင် လာရောက်နေထိုင်လိုကြသော နိုင်ငံခြားသားများကို ကြိုဆိုလက်ခံခြင်းကို လျှော့ချရန် တချို့က တောင်းဆိုခဲ့ကြသည်။

ဥရောပတွင်လည်း ထိုပြဿနာနှင့် လုံးထွေးနေရသည့်အချိန်တွင် ရွှေ့ပြောင်း ၀င်ရောက်လာသူများကို လက်ခံသည့် သမိုင်း အစဉ်အလာကို သက်သေပြနေသောသူ တယောက်ဖြစ်သည့် Paul Scully က ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် လန်ဒန် အနောက်တောင်ပိုင်း Sutton မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သည်။ Paul Scully သည် အင်္ဂလန်နိုင်ငံဖွား အင်္ဂလိပ်-အိန္ဒိယ-မြန်မာ ကပြားတဦးဖြစ်သည်။

ရွေးကောက်ပွဲတွင် အမတ်နေရာ အများစုဖြင့် အနိုင်ရရှိခဲ့သော ကွန်ဆာဗေးတစ်ပါတီဝင် တဦးဖြစ်သည့် Paul Scully က ပါလီမန်အတွင်းမှ မြန်မာ့အရေးတက်ကြွသူများနှင့် အတူလက်တွဲ ဆောင်ရွက်သွားမည်ဟု ဧရာဝတီသို့ ပြောသည်။ မေလ ၇ ရက်နေ့က အနိုင်ရရှိခဲ့ပြီး နာရီ အနည်းငယ်မျှ အကြာတွင် ထိုသို့ပြောကြားခြင်း ဖြစ်သည်။

“တက်ကြွပြီး ထိတွေ့မှုရှိတဲ့ အင်္ဂလန်-မြန်မာ မူဝါဒကို တွန်းအားပေးမယ့် နောက်ထပ် ကွန်ဆာဗေးတစ် အမတ် တယောက် ဖြစ်လာဖို့ ကျနော် မျှော်လင့်နေပါတယ်” ဟု သူက ပြောသည်။

ယခုအခါ ကွယ်လွန်သွားခဲ့ပြီဖြစ်သော သူ၏ ဖခင်ကို မွေးဖွားခဲ့သည့် နေရာဖြစ်သော မြန်မာနိုင်ငံသို့ သူတခါမျှ မရောက်ဖူးခဲ့ပါ။ သို့သော်လည်း သူ၏ ဘိုးဘေးများနေထိုင်ခဲ့သည့် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ရန် အမြဲတမ်း ဆန္ဒရှိခဲ့သည်ဟု Paul Scully က ပြောသည်။ ပါလီမန် အမတ်တယောက် အနေဖြင့် မကြာမီ သွားရောက်နိုင်ရန် မျှော်လင့်သည်ဟုလည်း ဆိုသည်။

“ကျနော်က မြန်မာသွေးပါတဲ့ အတွက် အမြဲတမ်း ဂုဏ်ယူခဲ့ပါတယ်။ မြန်မာ့ရေးရာမူဝါဒဆိုတာ ကျနော် အလွန် ဆက်လုပ်ချင်တဲ့၊ တနေရာက ပါဝင်ချင်တဲ့ ကိစ္စတခု ဖြစ်ပါတယ်” ဟု သူက ပြောသည်။

အင်္ဂလိပ်-မြန်မာ ကပြား ဖခင်နှင့် အဘိုးဖြစ်သူတို့က ရန်ကုန်မြို့ ကမ်းနားလမ်းတလျှောက်ရှိ ဆိပ်ကမ်းများတွင် အလုပ် လုပ်ခဲ့သည်ဟု သိရသည်။ သူတို့မိသားစုဝင်များ အားလုံးသည် မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်ကြီး နေ၀င်း ခေါင်းဆောင်သည့် စစ်အစိုးရက အာဏာသိမ်းယူခဲ့ပြီး နောက်ပိုင်း ၁၉၆၀ နှင့် ၁၉၇၀ နှစ်များအတွင်းတွင် အင်္ဂလန်နိုင်ငံသို့ ပြောင်းရွှေ့ခဲ့ကြသည်ဟု Paul Scully က ပြောသည်။

Paul Scully ၏ ဖခင်ဖြစ်သူက ပထမဆုံး စကော့တလန်နိုင်ငံ Glasgow မြို့တွင် အခြေချ၍ ဆိပ်ကမ်းတွင် အလုပ်သင် အဖြစ်ဝင်ရောက်လုပ်ကိုင်ပြီး နောက်ပိုင်းတွင် အင်ဂျင်နီယာ တယောက်ဖြစ်လာသည်။ သူ၏ ဖခင်သည် လွန်ခဲ့သော ၂၅ နှစ်က ကွယ်လွန်ခဲ့ပြီဖြစ်သော်လည်း သူ၏ အဒေါ်နှင့် ဦးလေးတို့က မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြသည့် အကြောင်းများကို ပြန်လည် ပြောပြကြသည့်အတွက် သူတို့ မိသားစုအပေါ် မြန်မာ့ယဉ်ကျေးမှု လွှမ်းမိုးနေဆဲဖြစ်သည်ဟု သူက ဆိုသည်။

မြန်မာ အစားအစာကလည်း အမွေအနှစ်ကို ထိန်သိမ်းသည့် နည်းလမ်းတခု ဖြစ်သည်။ “ကျနော့် မိန်းမ လုပ်ပေးတဲ့ လက်သုပ် (ခေါက်ဆွဲသုပ်) က တကယ်ကို ကောင်းပါတယ်။ ဗာလချောင်ကြော်နဲ့ ဟင်းချိုလည်း ကျနော် ကြိုက်ပါတယ်” ဟု သူက ပြောသည်။

အင်္ဂလန်နိုင်ငံတွင် မွေးဖွားပြီး ပညာသင်ယူခဲ့သော Paul Scully ၏ မြန်မာ့အရေးတွင် ပထမဆုံး ပါဝင်ပတ်သက်မှုမှာ ၂၀၀၇ ခုနှစ် အတွင်းက လန်ဒန်ရှိ မြန်မာသံရုံးရှေ့တွင် ယခင်စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကန့်ကွက်ဆန္ဒပြသည့် ပွဲတခုတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။ ရွှေဝါရောင်တော်လှန်ရေးဟု သိကြသည့် ဒီမိုကရေစီရေး ဆန္ဒပြပွဲများကို ဖြိုခွဲရာတွင် စစ်အစိုးရက အကြမ်းဖက်နှိမ်နင်းခဲ့သည့် အတွက်ဖြစ်သည်။ သူ၏ ပထမဆုံးသော ရွေးကောက်ခံ ရာထူးနေရာဖြစ်သည့် မြို့နယ်ကောင်စီဝင်အဖြစ် ရွေးချယ်ခံရပြီး နောက်တနှစ်တွင် ဖြစ်သည်။ အဆိုပါရာထူးတွင် ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခု နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

သူ၏ ဘိုးဘေးများ နေထိုင်ခဲ့ကြသည့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပိုမိုသိရှိနားလည်စေရန် ကူညီပေးခဲ့ကြသည့် လန်ဒန် အခြေစိုက် Burma Campaign (UK) မှ မြန်မာနှင့် နိုင်ငံခြားသား တက်ကြွလှုပ်ရှားသူများကို ကျေးဇူးတင်ကြောင်းလည်း သူက ပြောသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ သူ၏ အမြင်ကိုမေးသည့် အခါ “ဒေါ်အောင်ဆန်းစုကြည် သမ္မတနေရာ အတွက် ယှဉ်ပြိုင်ခွင့်မရတာ အပါအ၀င် ကန့်သတ်မှု အမြောက်အများ ရှိနေဆဲပဲ ဆိုတာကို သတိထားမိတာကလွဲရင် တိတိကျကျ ပြောရလောက်အောင် ကျနော်မသိရသေးပါဘူး” ဟု Paul Scully က ပြောသည်။

“လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုရင် တစုံတယောက်ရဲ့ ယှဉ်ပြိုင်ခွင့်ကို ငြင်းပယ်တာက တရားမျှတမှု မဟုတ်ကြောင်း ထင်ရှားပါတယ်” ဟု သူက ထပ်ပြောသည်။

“ပြည်သူတွေအနေနဲ့ မှန်မှန်ကန်ကန် လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်ရမယ်။ သူတို့မှာ မလိုလားအပ်တဲ့ ဖိအားမရှိရဘူး။ အကြမ်းဖက်မှုနဲ့ အကျင့်ပျက်ခြစားမှု အန္တရယ်မရှိရဘူး။ သူတို့ကို ဖိအားပေးမယ့် အစား အချေအတင် ငြင်းခုံဆွေးနွေးခွင့် ပြုရမယ်” Paul Scully က ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍လည်း “သူက လေးစားစရာ ကောင်းပြီး နေရာအများအပြားမှာ တကွဲတပြားဖြစ်နေတဲ့ တိုင်းပြည်အတွက် မြှုပ်နှံထားတဲ့သူပါ” ဟု Paul Scully က ပြောသည်။

“၂၀၁၂ ခုနှစ် ဇွန်လမှာ ဒေါ်အောင်ဆန်းစုကြည် အင်္ဂလန် ပါလီမန်ကို လာတုန်းက ကျနော် တကယ်ကို ကံကောင်းခဲ့ပါတယ်။ ကျနော်သူ့ကို သွားတွေ့ပြီး စကားပြောခွင့်ရခဲ့တယ်။ ဒါက ကျနော့်အတွက် အခွင့်အရေးတခုပါ။ ကျနော်က ဒီအကြောင်းတွေ ကျနော့် မိသားစုကို ပြောပြခဲ့သလို သူတို့လည်း အရမ်းစိတ်လှုပ်ရှားခဲ့ရပါတယ်” ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဗြိတိန်၏ မူဝါဒကို တိုင်းတာချိန်ညှိရေးက စိန်ခေါ်မှုတခု ဖြစ်နေလိမ့်ဦးမည်ဟု Paul Scully က ကောင်းစွာ သဘောပေါက်ထားသည်။

“မြန်မာနိုင်ငံက မယုံနိုင်လောက်အောင် ခက်ခဲတဲ့ အခြေအနေမှာ ရှိနေတုန်းပါပဲ” ဟု သူကပြောသည်။ နယ်စပ်ဒေသများမှ လူမျိုးရေးနှင့် ဘာသာရေး မတည်ညိမ်မှုများကို သူက ထောက်ပြခဲ့သည်။

ပါလီမန်အမတ်တာဝန် ထမ်းဆောင်ရသည့် အချိန်တွင်လည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဆက်လက် လုပ်ဆောင်ရန် တောင်းဆိုရာတွင် သူလည်း ပါဝင်သွားမည်ဟု Paul Scully က ကတိပြုလိုက်သည်။

“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေဖြစ်ဖို့ ကျနော် ဆက်လက် တောင်းဆိုသွားပါမယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆန့်ကျင်သွားပါမယ်။ လွန်ခဲ့တဲ့နှစ် အနည်းငယ်က သူတို့စတင်ခဲ့ပေမယ့် အခုအချိန်အထိ သူ့ရဲ့ အလားအလာအတိုင်း ပြည့်မီခြင်း မရှိသေးတဲ့ မြန်မာနိုင်ငံဟာ တကယ် ပွင့်လင်းလွတ်လပ်တဲ့ နိုင်ငံတခုဖြစ်ကြောင်း သေချာစေရေးကို လုပ်သွားပါမယ်” ဟု သူက ဆိုသည်။

ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော ငြိမ်းငြိမ်း၏ British MP-Elect ‘Proud’ of Burma Heritage ကို ဘာသာပြန်ဆိုသည်။

Irrawaddy

No comments:

Post a Comment