CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, April 3, 2015
တရုတ်နိုင်ငံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုသင့်တဲ့ အကြောင်းအရင်း သုံးချက်
တရုတ်အနေနှင့် အောင်ဆန်းစုကြည်နှင့် မြန်မာ့အတိုက်အခံ ပါတီများကို ဖိတ်မန္တက ပြုသင့်ပြီ။ သပြေခက်တို့ ကမ်းသင့်ပြီ။
မကြာသေးမီအချိန်က မြန်မာ့အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို အလည်အပတ် သွားရောက်မယ့်အကြောင်း မီဒီယာများကို ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yang Houlan ကလည်း လွန်ခဲ့တဲ့ ခြောက်လကျော်လောက်က အောင်ဆန်းစုကြည်ကို “သင့်တင့်လျောက်ပတ်တဲ့အချိန်” ရောက်ရင် တရုတ်နိုင်ငံအနေနှင့် ဖိတ်ကြားမှာပါလို့ ပြောခဲ့ပါတယ်။ အရင်တုန်းကလည်း အစိုးရမဟုတ်သော အဖွဲ့အစည်းများနဲ့ အစိုးရတစ်ပိုင်း အဖွဲ့အစည်းများ အနေနဲ့လည်း စုကြည်ကို ဖိတ်ကြားခဲ့ဖူးပါတယ်။ အကယ်လို့များ သူမဟာ ဘေဂျင်းရဲ့ တရားဝင် ဖိတ်ကြားမှုနဲ့ တရုတ်နိုင်ငံကို ရောက်လာခဲ့မယ်ဆိုရင် ဒါဟာ တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ နိုင်ငံခြားရေးရာ မူဝါဒမှာ အကြီးမားဆုံးသော အပြောင်းအလဲဖြစ်မှာပါ။
တကယ်တော့ တရုတ်ဟာ မြန်မာ့အတိုက်အခံများနဲ့ အဆက်အသွယ် တိုးတက်ကောင်းမွန်အောင် လုပ်နေပါတယ်။ ၂၀၁၃ မေလ ၈ ရက်နေ့က NLD ကိုယ်စားလှယ် ၁၂ ဦးဟာ တရုတ်နိုင်ငံကို ၁၀ ရက်ကြာ လာရောက် လည်ပတ်ခဲ့ကြပါတယ်။ အဲ့ဒီကိုယ်စားလှယ်အဖွဲ့မှာ NLD ရဲ့ CEC အဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များနဲ့ ဒေသဆိုင်ရာ ကိုယ်စားလှယ်တွေ ပါဝင်ခဲ့ပါတယ်။
စာရေးသူသိရသလောက် ဆိုရင် NLD ဟာ တရုတ်ပြည် ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာဌာနရဲ့ ဖိတ်ကြားမှုနဲ့ လာတာပါ။ ၂၀၁၃ ခုနှစ် ဧပြီလကလည်း အာဏာရပါတီ USDP ရဲ့ ဦးဆောင်မှုနဲ့ နိုင်ငံရေးပါတီငါးခုရဲ့ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံကို လာရောက် လည်ပတ်ခဲ့ကြပါသေးတယ်။ ဒါပေမဲ့ အဲဒီထဲမှာ NLD တော့ မပါဝင်ခဲ့ပါဘူး။
NLD ရဲ့ မေလ တရုတ်ခရီးစဉ်ဟာ NLD အနေနဲ့ သူ့ရဲ့ ထိပ်တန်း ကိုယ်စားလှယ်တွေကို ပထမဆုံး စေလွှတ်မှုပါ။ ဒါဟာ ဘာကိုပြသလဲဆိုရင် တရုတ်ဟာ မြန်မာအတိုက်အခံတွေကို သပြေခက် ကမ်းဖို့အတွက် သိသိသာသာကြီး ခြေလှမ်းစလိုက်ပြီ ဆိုတာပါပဲ။ တရုတ်အာဏာပိုင်တွေ အနေနဲ့ အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ လူသိထင်ရှား အတည်မပြုခဲ့သော်လည်းဘဲ တရုတ်ဟာ မြန်မာ့အတိုက်အခံတွေနဲ့ လက်တွေ့ကျတဲ့ သံတမန်ဆက်ဆံရေးကို တိုးမြှင့်ဖို့ ကြိုတင်ပြင်ဆင်နေတာ ကြာပါပြီ။
၁၉၈၈ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ NLD ဟာ မြန်မာနိုင်ငံမှာ အကြီးမားဆုံးနဲ့ အင်အားအရှိဆုံး အတိုက်အခံပါတီဖြစ်ပြီး ပါတီဝင်ဦးရေ ဆယ့်သုံးသိန်းခန့် ရှိပါတယ်။၂၀၁၂ ဧပြီမှာ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲရဲ့ ထိုင်ခုံ ၄၄ ခုံအတွက် ယှဉ်ပြိုင်မှုမှာ ၄၃ ခုံရရှိခဲ့ပြီး NLD ရဲ့ သမိုင်းဝင် အောင်မြင်မှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီနှစ် မေလမှာပဲ NLD ဥက္ကဋ္ဌ အောင်ဆန်းစုကြည်နဲ့ တခြားအဖွဲ့ဝင် ၃၃ ယောက်ဟာ လွှတ်တော်တွင်းမှာ အမတ်များအဖြစ်နဲ့ ကျမ်းသစ္စာကျိန်ဆို ကတိပြုခဲ့ ကြပါတယ်။
အဲဒီနှစ်ထဲမှာပဲ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့အဖြစ်အပျက် တစ်ခု ရှိခဲ့ပါသေးတယ်။ အမေရိကန်သမ္မတ ဘားရက်ခ်အိုဘားမား ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲမှာ ပြန်လည် အရွေးခံပြီးတဲ့နောက်မှာ အရှေ့တောင်အာရှ သုံးနိုင်ငံကို သူရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ အဲဒီထဲကမှ မြန်မာနိုင်ငံဟာ သူ့အတွက် အရေးကြီးဆုံးပါ။
ဆယ်စုနှစ်ပေါင်းများစွာထိ မြန်မာနိုင်ငံဟာ တရုတ်အတွက်ဆို အိမ်နီးချင်းကောင်း ဖြစ်နေခဲ့ပါတယ်။ မကြာသေးမီ နှစ်များတုန်းက မြင်တွေ့ခဲ့ရတဲ့ လျင်မြန်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် မြန်မာနိုင်ငံနဲ့ အနောက်နိုင်ငံတွေရဲ့ ဆက်ဆံရေးဟာ တိုးတက်လာခဲ့ပါတယ်။ ဒါတွေကြောင့် တရုတ်-မြန်မာ ဆက်ဆံရေးမှာ အခြေအနေသစ်တွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဆိုလိုတာက တရုတ်နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် တရုတ်အနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရာမှာ မူဝါဒအသစ်တွေ လိုအပ်လာပါပြီ။ ဒါကြောင့်ပဲတရုတ်ဟာ ပထမဆုံးအဆင့် အနေနဲ့ အာရှရေးရာ အထူးကိုယ်စားလှယ်အဖွဲ့ တည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံနဲ့ တရုတ်ဆက်ဆံရေးကို ဦးစားပေး လုပ်ကိုင်စေခဲ့ပါတယ်။
ပြည်တွင်းမီဒီယာသမားများ အပြောအရ တရုတ်ဟာ မြန်မာအတိုက် အခံနဲ့ ဆက်ဆံရေးခိုင်မာအောင် ကြိုးစားနေပါပြီ။ ၂၀၁၅ နောက်ပိုင်းမှာ ဒီနှောင်တွယ်မှုတွေက အရေးပါလာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ ယေဘုယျ အားဖြင့်တော့ အနောက်တိုင်းက မီဒီယာတွေကလည်း ၂၀၁၅ ရွေးကောက်ပွဲသာ စီစဉ်ထားတဲ့အတိုင်း လုပ်ဖြစ်ခဲ့မယ်ဆိုရင် အောင်ဆန်းစုကြည် အကြီးအကျယ် နိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အရေးကြီးဆုံးပုဂ္ဂိုလ် တစ်ယောက်ဖြစ်လာမယ်လို့ ယုံကြည်ထားကြပါတယ်။
တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်လာပြီဆိုရင် စုကြည်နဲ့ သူ့ရဲ့ အတိုက်အခံပါတီ NLD ဟာ အရေးကြီးဆုံးသော ကိန်းရှင် (Variables) တွေပါ။ လွန်ခဲ့တဲ့လေးနှစ်ကျော်က ဆယ်နှစ်ကြာ နေအိမ်အကျယ်ချုပ်ကာလ အဆုံးသတ်ချိန်ကစလို့ နိုင်ငံရေးထဲ ပြန်ဝင်လာခဲ့ပြီး မြန်မာ့ဒီမို ကရေစီ ဖြစ်စဉ်ရဲ့ အကျော်ကြားဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။ စုကြည်ဟာ အခုဆိုရင် နိုင်ငံတကာကရော ပြည်တွင်းကပါ အသိအမှတ်ပြုထားခြင်း ခံရတဲ့ အတိုက်အခံခေါင်းဆောင်ပါ။ သူမအသက် ၇၀ ခန့်ရှိပြီ ဆိုပေမယ့် နို်င်ငံတကာ စင်မြင့်ထက်မှာ မကြာမကြာ တွေ့နေရဆဲဖြစ်ပြီး အမေရိကန်၊ ဥရောပနဲ့ အိန္ဒိယတို့ရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ အဆက်အသွယ်ရှိသူ ဖြစ်ပြီး သူမအတွက်ဆို လိုလိုလားလား ပြောဆိုပေးချင်သူတွေပါ။ အနောက်ကလူတွေ စုကြည်ကိုမြင်တဲ့အမြင်က “မြန်မာနိုင်ငံရဲ့ အာဏာရှင်စနစ်ကြီး တစ်ခုလုံး လုံးဝရပ်တန့်သွားအောင် လုပ်နိုင်သူ” ဆိုတာမျိုး ဖြစ်သလို မြန်မာရဲ့ တံခါးပိတ် စီးပွားရေးစနစ်ကြီးကို အနောက်ကမ္ဘာအတွက် တဖြည်းဖြည်းချင်း ဖွင့်ပေးမယ့်သူလို့လည်း အနောက်ကစီးပွားရေး လုပ်ငန်းရှင်တွေ မျှော်လင့်နေကြပါတယ်။
အနောက်တိုင်းရဲ့ စုကြည်အပေါ် နှစ်သက်သဘောကျမှုနဲ့ ယှဉ်ရင် သူမနဲ့ တရုတ်ဆက်ဆံရေးဆိုတာ သိပ်ပြီး မပြောပလောက်ပါဘူး။ အခုထက်ထိတော့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဟာ သူမနဲ့ တွေ့ဆုံဖို့ ဖိတ်ကြားခြင်းခံရတာမျိုးသာ ရှိခဲ့ပါတယ်။ စုကြည်အနေနဲ့ တရုတ်နိုင်ငံကို သွားပြီး တရုတ်ထိပ်တန်း ခေါင်းဆောင်တွေနဲ့ တိုက်ရိုက် ဆက်သွယ်တော့မယ် ဆိုရင် ဒါဟာအနည်းငယ်တော့ ထူးဆန်းတယ်လို့ ထင်ရမှာပါ။ သို့သော်ငြားလည်း မြန်မာနိုင်ငံရဲ့ ပြည်တွင်း အခြေအနေအရပ်ရပ်နဲ့ နိုင်ငံတကာ အခြေအနေများအရ ဆိုရင် တရုတ်အနေနဲ့ စုကြည်ရဲ့ NLD နဲ့ဆက်ဆံရေးကို တိုးတက်နီးကပ်အောင် လုပ်ရမယ်ဆိုတာ ထင်ရှားလာပါတယ်။ လာမယ့်နှစ် အနည်းငယ်အတွင်းမှာ အစိုးရနဲ့ဆက်ဆံရေး လမ်းကြောင်းတွေ ကောင်းမွန် ပွင့်လင်းနေဖို့အတွက် တရုတ်အတွက် အကောင်းဆုံး မျှော်လင့်ချက်ဟာ NLD ပါပဲ။ တရုတ်အနေနဲ့ အောင်ဆန်းစုကြည်နဲ့ သူ့ပါတီ NLD နဲ့ ဆက်ဆံရေး မဖြစ်မနေ တိုးမြှင့်သင့်တဲ့ အချက်ကြီး အနည်းဆုံးသုံးချက် ရှိပါတယ်။
ပထမဆုံးအနေနဲ့ အောင်ဆန်းစုကြည်နဲ့ ဒီထက်မက ဆက်သွယ် ဆက်ဆံမယ်ဆိုရင် ဒါဟာတရုတ်နိုင်ငံရဲ့ မိမိကိုယ်မိမိယုံကြည်မှုနဲ့ ပွင့်လင်းမှုကို ပြရာ ရောက်ပါတယ်။ (၁၈) ကြိမ်မြောက် တရုတ်ပါတီကွန်ဂရက်က ပြောခဲ့တဲ့အတိုင်းပါပဲ။ နိုင်ငံရေးပြေးလမ်းတွေမှာ တရုတ်နိုင်ငံအနေနဲ့ လုံလောက်တဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှုကို ပြရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးနဲ့ နိုင်ငံရေးအဖွင့် ကာလအတည်းက အတွေ့အကြုံများအရ ဆိုရင် တရုတ် သံတမန်လုပ်ငန်းတွေဟာ သိသာထင်ရှားတဲ့ သံတမန်ရေးရာတွင် မိမိကိုယ်ကိုယ် ယုံကြည်မှု (Diplomatic Confidence) ကို လုံလောက်စွာ ပြသနိုင်ရတော့မှာ ဖြစ်ပါတယ်။ အိမ်နီးချင်းမြန်မာနိုင်ငံရဲ့ ရှုပ်ထွေးတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်တဲ့နေရာမှာ တရုတ်ရဲ့ မူဝါဒတွေဟာ ပြောင်းလွယ်ပြင်လွယ်ဖြစ်ပြီး အခြေအနေနဲ့ လိုက်လျောညီထွေ ပြုပြင်နိုင်ရမှာ ဖြစ်ပါတယ်။
အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးတိုးမြှင့်ခြင်းဟာ အနောက်နိုင်ငံသားတွေရဲ့အမြင်တစ်ခုဖြစ်တဲ့ “တရုတ်ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းရန်ခက်ခဲနေတတ်တဲ့ Failed Countries လို့ခေါ်တဲ့ ကျဆုံးနိုင်ငံ တွေနဲ့သာ သံတမန်ဆက်ဆံရေး တည်ဆောက်နိုင်တယ်” ဆိုတဲ့အမြင် ကိုလည်း ကုစားနိုင်မှာ ဖြစ်ပါတယ်။ စုကြည်ကို လက်ခံလိုက်လို့ကတော့ တရုတ်ဆိုရင် အမြဲတမ်း ကြောက်စရာကောင်းတဲ့ နိုင်ငံအဖြစ် အမြဲ ရှုမြင်ချင်လေ့ရှိတဲ့ အနောက်တိုင်းမီဒီယာတွေ ဘာပြောလို့ပြောရမှန်းမသိ ဖြစ်သွားအောင် လုပ်နိုင်မှာပါ။ တစ်ချိန်တည်းမှာပဲ တခြားသော ဒေသ တွင်းနိုင်ငံတွေ အနေနဲ့လည်း တရုတ်ရဲ့ အရှေ့တောင်အာရှရေးရာ မူဝါဒဟာ ပိုမိုပွင့်လင်းလာပြီး Inclusive သဘောဆန်တယ်လို့ မြင်လာကြမှာပါ။ ဒီလိုမြင်လာခြင်းဟာ နိုင်ငံချင်း ဆက်ဆံရေးကို ခိုင်မာစေမှာဖြစ်သလို တရုတ်ရဲ့ သံတမန် ပုံရိပ်သစ်ကို တည်ဆောက်နိုင်လာမှာပါ။
ဒုတိယအချက်ကတော့ စုကြည်နဲ့ ပတ်သက်လာနိုင်ခဲ့ခြင်းက မြန်မာပြည်တွင်းမှာ ရှိတဲ့ တရုတ်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ထားလာနိုင်မှာ ဖြစ်ပါတယ်။ လူတချို့ကလည်း တရုတ်ဟာ သူ့ရဲ့ မူဝါဒတစ်ခုဖြစ်တဲ့ တခြားနိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး ဆိုတာကို မြန်မာနဲ့ဆက်ဆံရေးမှာ ဆက်လက်ပြီး လက်ကိုင်ထားသင့်တယ်။ လက်ရှိအစိုးရနဲ့ပဲ ဆက်လက် ဆက်ဆံနေသင့်သေးတယ်လို့ ငြင်းခုံကြဖူး ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ပြောတဲ့ အမျိုးသားအကျိုးစီးပွားမှာ ပါတဲ့ အကျိုးဆိုတဲ့ အရာတွေဟာလည်း သိပ်တော့ အရေးမပါလှပါဘူး။ လက်ရှိ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ၂ နှစ် အချိန်တုန်းကလောက်လို အပြောင်းအလဲ လုပ်ဖို့ ကြောက်ရွံ့နေတဲ့ နိုင်ငံတစ်နိုင်ငံ မဟုတ်တော့သလို နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှု တွေကြောင့် ချည့်နဲ့နေတဲ့ နိုင်ငံတစ်နိုင်ငံ၊ တရုတ်နဲ့မှ မဆက်ဆံရင် ဆက်ဆံစရာနိုင်ငံ မရှိတော့တဲ့ နိုင်ငံမျိုးလည်း မဟုတ်တော့ပါဘူး။ ၂၀၁၁ မှာတုန်းက မြန်မာနိုင်ငံဟာ တရုတ်ရဲ့ ရေအားလျှပ်စစ် စီမံကိန်း တစ်ခုကိုရပ်တန့်ဖို့ “ပြည်သူလူထုရဲ့သဘောထားအရ ဆိုတဲ့ ဖဲချပ်” ကိုသုံးခဲ့ပါတယ်။ အခုအခါမှာတော့ အနောက်နိုင်ငံတွေရဲ့ ချီးမွမ်းမှုနဲ့ ဂရုစိုက်မှုကို ခံရဖို့အတွက် “ဒီမိုကရေစီဆိုတဲ့ဖဲချပ်” ကို ထုတ်သုံးနေတာပါ။
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ နောက်ကြောင်းပြန်လှည့်မှာ မဟုတ်ပါဘူး။ စုကြည်ရဲ့ အတိုက်အခံပါတီ အာဏာမရခင် အချိန်လေးကပဲ ကိစ္စရှိတာပါ။ အတိုက်အခံနဲ့ ဆက်ဆံရေး အစောဆုံး လုပ်နိုင်ခြင်းအားဖြင့် တရုတ်နိုင်ငံအနေနဲ့ စောစောစီးစီး ယုံကြည်မှု တည်ဆောက်နိုင်မှာဖြစ်ပြီး ဒီယုံကြည်မှုကပဲ တရုတ်ရဲ့ မြန်မာပြည်တွင်း အကျိုးစီးပွားကို အကာအကွယ်ပေးမှာ ဖြစ်ပါတယ်။
တတိယအချက်ကတော့ စုကြည်ကို ချဉ်းကပ်နိုင်ခဲ့ပြီဆိုရင် တရုတ်ဟာ မြန်မာနိုင်ငံမှာ အနောက်နိုင်ငံတွေနဲ့ ပိုမို ယှဉ်ပြိုင်လာနိုင်မှာ ဖြစ်ပါတယ်။ အခုမြန်မာနိုင်ငံဟာ စတင် ပွင့်လင်းလာနေပါပြီ။ အနောက်နိုင်ငံတွေ အရင်က ထိန်းသိမ်းထားခဲ့တာတွေ ဖျက်ခဲ့ပါပြီ။ အနောက်တိုင်းက ခေါင်းဆောင်တွေလည်း အရင်က တံခါးပိတ်ထားတဲ့ နိုင်ငံကို လာရောက်ခဲ့ကြပြီး အရင်က သူတို့အာဏာရှင်လို့ သတ်မှတ်ခဲ့တဲ့အစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုတွေ လုပ်ခဲ့ကြပါပြီ။ အနောက်နိုင်ငံက လူတွေတောင် လက်ရှိမြန်မာအစိုးရနဲ့ ထိတွေ့ ဆက်ဆံနိုင်သေးတာ တရုတ်အနေနဲ့ စုကြည်နဲ့ ထိတွေ့ဖို့ရာ ဘာမှ ရှုပ်ထွေးစိတ်ပူနေဖို့ မလိုပါဘူး။ တရုတ်အနေနဲ့ စုကြည်ရဲ့ အတိုက်အခံပါတီရဲ့အသုံးဝင်မှုကို အမြင် ကျယ်ကျယ်နဲ့ ထည့်သွင်းစဉ်းစားဖို့ လိုလာပါပြီ။
တစ်ချိန်တည်းမှာပဲ တရုတ်ဟာ စုကြည်နဲ့ ဆက်ဆံရေးခိုင်မာအောင် လုပ်နိုင်ခဲ့ပြီဆိုရင် ဒီလုပ်ရပ်ဟာ လက်ရှိအစိုးရကို သူတို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ၊ အနောက်ကမ္ဘာနဲ့ နီးကပ်မှုများကြောင့် တရုတ်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အကျိုးစီးပွားတွေကို ထိခိုက်ခံမှာ မဟုတ်ဘူးဆိုတဲ့ သတိပေးမှုတစ်ခု ဖြစ်သွားမှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ တရုတ်ဟာ မြန်မာနဲ့ပတ်သက်ပြီး သူ သေချာပြင်ဆင်ထားပြီး လွှမ်းမိုးပြရမှာ ဖြစ်ပါတယ်။
အမှန်တကယ်တော့ အောင်ဆန်းစုကြည် မိသားစုဟာ တရုတ်နိုင်ငံနဲ့ နက်ရိုင်းတဲ့ ပတ်သက်မှုတွေ ရှိပါတယ်။ သူမကိုယ်တိုင်ဟာလည်း တရုတ်ဆန့်ကျင်သူ Anti-China မဟုတ်ပါဘူး။ အန္တရာယ်ရှိသူ တစ်ယောက်လည်း မဟုတ်ပါဘူး။ ယုတ်စွအဆုံး သူမဟာ အနောက်ကမ္ဘာရဲ့ မဟာမိတ်တောင် မဟုတ်ပါဘူး။ သူမဘဝမှာ သူမလိုချင်ခဲ့တာတွေ၊ သူမ ရှာဖွေခဲ့တာတွေ၊ သူမရုန်းကန်ခဲ့တာတွေ အားလုံးဟာ သာမန် နိုင်ငံသားတစ်ယောက်ရဲ့ သာမန်တောင်းဆိုမှု တွေပါ။ သူမ လိုချင်တာဟာ သူမအဖေ အရင်းခေါက်ခေါက် အောင်ဆန်းလိုချင်ခဲ့တဲ့ “လူသားတွေ ပြီးပြည့်စုံပြီး ဒုက္ခကင်းရေး” ကိုအမြန်ဆုံးရဖို့ပါပဲ။ တကယ်တော့ သူမ ကိုယ်စားပြု တောင်းဆိုနေတဲ့ အရာတွေရဲ့ အတိုင်းအတာ ပမာဏတစ်ခုထိဟာ တရုတ်အစိုးရလည်း လိုချင်တဲ့ အရာတွေပါပဲ။ နှစ်ဖက်လုံးရဲ့ ဘုံအကျိုးစီးပွားတွေ ပါသလို ပူးပေါင်းဆောင်ရွက်လို့ ရမယ့် အရာတွေလည်း ပါပါတယ်။
အကယ်၍ တရုတ်ဟာ မိုင်ပေါင်းထောင်ချီဝေးတဲ့ ဆီးရီးယားက အတိုက်အခံတွေ ဆီတောင် ရောက်နိုင်သေးတယ်ဆိုရင် အိမ်နီးချင်းနိုင်ငံ တစ်ခုက အတိုက်အခံကို လျစ်လျူရှုစရာအကြောင်းကို မရှိပါဘူး။ အဲဒီ နိုင်ငံဟာလည်း တရုတ်နိုင်ငံရဲ့အစွန်းဘက်ပိုင်းဒေသတွေရဲ့ လုံခြုံရေး အပေါ် အကျိုးသက်ရောက်မှုများတဲ့ နိုင်ငံပါ။ စုကြည်နဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိခြင်းဟာ တရုတ်ရဲ့ မြန်မာပြည်တွင်း အကျိုးစီးပွားကို ထိန်းသိမ်းဖို့ရာအတွက် မရှိမဖြစ် လိုအပ်တဲ့အရာပါ။ စုကြည်နဲ့နှောင်တွယ်မှုတွေ၊ ချိတ်ဆက်မှုတွေ တည်ဆောက်နိုင်ခြင်းဖြင့်သာ တရုတ်နဲ့ မြန်မာ ဆက်ဆံရေးကို ရန်လိုမှုအနည်းဆုံးနဲ့ ပုံမှန်အတိုင်းအနေအထားတိုင်း ရှိနေစေမှာ ဖြစ်ပါတယ်။
(၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ထုတ် The Diplomat သတင်းစာပါ ဆောင်းပါးရှင် ဘေဂျင်းအခြေစိုက် ဂျာနယ်လစ် Mu Chunshan ၏ Three Reasons China Should Welcome Aung San Su Kyi ဆောင်းပါးကို ဆီလျော်အောင်ပြန်ဆိုသည်။)
ကျော်စောဟန်
တရုတ်နိုင်ငံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုသင့်တဲ့ အကြောင်းအရင်း သုံးချက်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 03, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment