Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 10, 2015

ဖွဲ့စည်းပုံ ပြင်ချင်ရင် ပြင်ပေးနိုင်ဖို့လိုတယ်ဆိုတဲ့ သဘောတွေ ဆွေးနွေးခဲ့ကြတယ်


ဖွဲ့စည်းပုံ ပြင်ချင်ရင် ပြင်ပေးနိုင်ဖို့လိုတယ်ဆိုတဲ့ သဘောတွေ ဆွေးနွေးခဲ့ကြတယ် (Text Report)

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲကို လူပုဂ္ဂိုလ် ၆ယောက်ပါဝင်တဲ့ ဆွေးနွေးပွဲလုပ်ဖို့ ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းခဲ့ပြီး လပေါင်းအတန်ကြာမှ ပထမဆုံးကျင်းပတဲ့ ၆ပွင့်ဆိုင်ဆွေးနွေးပွဲမှာ သမ္မတ ဦးသိန်းစိန်ဘက်က ဘာပြင်ဆင်မှုမျိုးမှ မရှိဘဲ ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ ဆွေးနွေးပွဲအပေါ် ကျေနပ်တဲ့သဘောရှိတယ်လို့ ၆ပွင့်ဆိုင်မှာ တိုင်းရင်းသားကိုယ်စားလှယ်တွေရဲ့ ခေါင်းဆောင်အဖြစ် တက်ရောက်လာတဲ့ ဒေါက်တာအေးမောင်က ဧပြီ ၁ဝရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

"ကျနော်တို့ ချဉ်းကပ်တာက ၆ပွင့်ဆိုင်နဲ့ ချဉ်းကပ်တာ။ သမ္မတ သဘောတော့ ပေါက်သွားတယ်။ ၄၈ပွင့်ရဲ့ ထိရောက်မှုနဲ့ ၆ပွင့်ရဲ့ထိရောက်မှုကို သူသဘောပေါက်တယ်။ ဒါပေမယ့် ပထမဆုံးအကြိမ် ဆွေးနွေးပွဲမှာ သူ့ဘက်က ဘာပြင်ဆင်မှုမျိုးမှ မပါလာဘူး။ ဘာလို့လဲဆိုတော့ ၆ပွင့်ရဲ့ အဓိကဦးတည်ချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့။ ဟိုဖက်က ၄၈ဦးက အထွေထွေနိုင်ငံရေးပြဿနာနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တယ်၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်တယ်ဆိုတဲ့ဟာလေး သမ္မတကြီးစိတ်ထဲ ရောခဲ့တယ်ထင်တယ်" လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြေလည်မှုဖြစ်လာနိုင်ခြေရှိတယ်လို့ သူ့အနေနဲ့ထင်ပြီး ၆ပွင့်ဆိုင်တွေ့ဆုံဖို့ မဖြစ်နိုင်တော့ဘူး ထင်ထားတဲ့အနေအထားကနေ အခုလို ၆ပွင့်ဆိုင် ဖြစ်လာတာကိုကာ ၅ဝ%ကျော် အောင်မြင်နေပြီလို့ သူက မှတ်ချက်ပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခု ပထမဆုံးအကြိမ် ၆ပွင့်ဆိုင် ဆွေးနွေးပွဲအပေါ် ကျေနပ်တဲ့ပုံပေါ်နေပြီး ရွှင်ရွှင်ပျပျရှိနေတယ်လို့လည်း ဆိုပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရာမှာ အရေးကြီးတဲ့ပုဒ်မတွေ မပြင်နိုင်ဘဲ အရေးမပါတဲ့ပုဒ်မတွေကိုပဲ ပြင်ဆင်လိုက်နိုင်တယ်ဆိုတဲ့ အနေအထားမျိုးဖြစ်နိုင်၊ မဖြစ်နိုင်နဲ့ပတ်သက်ပြီး ဒေါက်တာအေးမောင်က "အခုကတည်းက ပြောလို့မရဘူး။ ဒါက အပေးအယူသဘော။ ဘာတွေကိုမရရင် ဘာဖြစ်မယ်ဆိုတာ ပြောလို့ မရဘူး။ လိုချင်တာက ဒါ ...၊ ဘာတွေကို အလျော့အတင်းလုပ်မှာဆိုတာကတော့ အပေးအယူတွေလုပ်ရမှာဖြစ်တယ်။ အခု ၆ပွင့်ဆိုင်ဆွေးနွေးပွဲကနေတစ်ဆင့် အားလုံးမျှော်လင့်တဲ့ရလဒ်တစ်ခုခု ရလာနိုင်တယ်"လို့ ဆိုပါတယ်။
သမ္မတဦးသိန်းစိန်က ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတွေ တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ဖို့၊ ရွေးကောက်ပွဲမတိုင်ခင်နဲ့ ရွေးကောက်ပွဲအလွန်မှာ တည်ငြိမ်အေးချမ်းရေး အရေးကြီးတဲ့အကြောင်းနဲ့ အဲဒါနဲ့ပတ်သက်လို့ သက်ဆိုင်ရာကဏ္ဍတွေမှာ အခြေခံဥပဒေကိုပြင်ဖို့လိုအပ်တယ်ဆိုရင် ပြင်သင့်ပြင်ထိုက်တာတွေကို ပြင်မယ်ဆိုတဲ့သဘောလေးတွေ ရှိကြတယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

"နိုင်ငံတော်သမ္မတမှာက သြဇာရှိတယ်၊ အာဏာရှိတယ်။ အဲဒီလိုပဲ ကာချုပ်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ရင် ဥပမာ တပ်မတော်သားတွေကို ခန့်အပ်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့ ကာချုပ်ရဲ့အောက်မှာ ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ တပ်မတော်သားတွေရှိတယ်။ အခြေခံဥပဒေကို ပြင်တဲ့အခါမှာ ပုဒ်မ ၄၃၆(ခ)အရ ၇၅ရာခိုင်နှုန်းကျော်ဖို့ လိုအပ်တယ်ဆိုရင် ကာချုပ်နဲ့သမ္မတရဲ့သြဇာသက်ရောက်မှုနဲ့ ညွှန်ကြားပေးမှဖြစ်တယ်ဆိုတဲ့ သဘောလေးကို လက်ခံကြပါတယ်။ အဲဒါကြောင့် အခြေခံဥပဒေကို ပြင်ချင်သလား၊ ပြင်ချင်ရင် Command တစ်ခုနဲ့ အခုနကလို ပြင်ပေးနိုင်ဖို့ လိုတယ်ဆိုတဲ့သဘောလေးတွေ ဆွေးနွေးခဲ့ကြတဲ့အထဲမှာ ပါတယ်"
Kamayut Media

No comments:

Post a Comment