Mahmud Bikhit (ဝဲ) နဲ့ လှေရဲ့ ကပ္ပတိန် Mohammed Ali Malek တို့ နှစ်ဦး ဖမ်းဆီးခံ နေရပါ တယ်။ (Credit: Reuters) |
လှေပေါ် ပါလာသူ လူပေါင်း ၈၀၀ လောက် သေဆုံးပြီး ၂၇ ယောက် လောက်သာ အသက်ရှင် ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ် လှေရဲ့ ကပ္ပတိန် Mohammed Ali Malek နဲ့အတူ အသက် ၂၅ နှစ်အရွယ် ဆီးရီးယား နိုင်ငံသား Mahmud Bikhit ကိုလည်း ဖမ်းဆီးထားပါတယ်။
လူတွေ အဆမတန် တင်လာတဲ့ လှေကို သင်္ဘောတစ်စင်းနဲ့ ဝင်တိုက်အောင် မှားယွင်းစွာ မောင်းနှင်တယ် ဆိုပြီး ကပ္ပတိန်ကို စွပ်စွဲတာ ဖြစ်ပါတယ်။
ဒါ့အပြင် လှေပေါ် လိုက်ပါလာသူတွေ စိုးရိမ်စိတ်နဲ့ ဝရုန်းသုန်းကား ဖြစ်တာကလည်း လှေကို တိမ်းမှောက်စေတဲ့ အချက်မှာ ပါဝင်တယ်လို့ သုံးသပ်ကြပါတယ်။
လူပေါင်း ရာနဲ့ချီကို လှေအမှုထမ်းက လှေရဲ့ ဝမ်းဗိုက်ထဲမှာ သော့ခတ်ပြီး လှောင်ထးသလို ဖြစ်နေတဲ့အတွက် လှေတိမ်းမှောက်ချိန်မှာ သေဆုံးမှု များပြားတာ ဖြစ်ပါတယ်။
ဖမ်းဆီးထားတဲ့ နှစ်ယောက်ကို လာမယ့် သောကြာနေ့ကျရင် တရားရုံးမှာ ဆင့်ခေါ် စစ်ဆေးဖို့ ရှိနေပါတယ်။
အီတလီ ဝန်ကြီးချုပ်ကတော့ လူတွေကို လှေရဲ့ ဝမ်းဗိုက်ထဲ သော့ခတ်ပြီး တင်ဆောင်လာတာဟာ ၁၈ ရာစုတုန်းက တည်ရှိခဲ့တဲ့ ကျွန်ရောင်းဝယ်ရေး ပုံစံလို ဖြစ်နေတယ်လို့ ပြောသွားခဲ့ပါတယ်။
လှေပေါ် လိုက်ပါလာသူတွေဟာ လစ်ဗျားနိုင်ငံက စက်ရုံစုတ် တစ်ခုမှာ တစ်လလောက် လူစု စောင့်ဆိုင်းပြီးမှ လှေပေါ် တက်ခွင့် ရကြတာ ဖြစ်ပါတယ်။
ဥရောပ သမဂ္ဂက လှေတွေနဲ့ ရောက်လာတဲ့ လူတွေရဲ့ ပြဿနာကို ထိရောက်စွာ မဖြေရှင်းလို့ အခုလို ဖြစ်ရတယ်ဆိုပြီး ကုလသမဂ္ဂက ဖိအားပေး ပြောဆိုထားပါတယ်။
ဒီလို ဖိအားပေးမှုကို လျော့ချတဲ့အနေနဲ့ အီးယူကလည်း အချက် ၁၀ ချက်ပါတဲ့ လုပ်ဆောင်စရာတွေကို ချမှတ်ပြီး လုပ်ဆောင်ဖို့ သဘောတူခဲ့ကြပါတယ်။
သြစတြေးလျအစိုးရကလည်း အီးယူအနေနဲ့ နယ်စပ်လုံခြုံရေး ပေါ်လစီကို တင်းကြပ်ဖို့ လိုအပ်ပြီလို့ ပြောလိုက်သလို သြစတြေးလျရဲ့ ပေါ်လစီကို လေ့လာလိုတယ်ဆိုရင်လည်း ချပြနိုင်ကြောင်း ကမ်းလှမ်းထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
No comments:
Post a Comment