Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 22, 2015

ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ကျွန်တော် အမှတ်(၁၀)


-----------------------------------------------------
ဇာဂနာ
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့စပြီး ဖွင့်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်
ဖြစ်မြောက်ရေး အဖွဲ့ ရုံးခန်းဟာ ခုတော့ ခြောက်ကပ်လို့ရယ်။ အစည်းအဝေးကို မလာကြတော့ပါဘူး။ ကျွန်တော်က လိုက်ခေါ်ရင်တောင် သူတို့ကို တာဝန်ပေး
ထားတာပဲ၊ တာဝန်ခံထားတဲ့ လူတွေလုပ်ကြပေါ့ဆိုတဲ့ တုန့်ပြန်မှုကို ပြန်ရခဲ့
ပါတယ်။
ကျွန်တော့ လက်ထဲမှာ ထွက်စာတွေလဲ ရောက်နေပါပြီ။ ဇော်သက်ထွေးကလဲ
ထွက်ချင်တယ်၊ ကိုဇင်ဝိုင်းကလဲ ထွက်ချင်တယ်။ အရိုင်းကလဲ ထွက်ချင်တယ်။ ဆက်လုပ်ချင်တဲ့သူတွေ နည်းနေပြီ။ ဘယ်လိုလုပ်ကြမလဲ။ ဦးမိုးသူဆို တစ်ခါမှ
မလာတော့ဖူး။ ဦးစိမ်းနီကလဲ စိတ်ပျက်လက်ပျက်နဲ့ မလာချင်တော့ဘူးတဲ့။
ဒီတော့ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။ ရုံးဝန်ထမ်းတွေကလဲ ထွက်စာ
တင်ပြီ။ ရုံးကို ပုံမှန်လာတာဆိုလို့ ဒါရိုက်တာ အိအိခိုင်ပဲ ရှိတော့တယ်။ အရပ်ရပ် အပြည်ပြည်ကလဲ သရော်နေပြီ။ ဗိုလ်ချုပ် အသက်တစ်ရာပြည့် မွေးနေ့မှာတောင်
ဒီဇာတ်ကားက ရိုက်ဖြစ်ဦးမှာလား။ ခင်ဗျားတို့ ရိုက်မနေကြပါနဲ့တော့ဗျာ။ အေးအေး
ဆေးဆေး နေကြပါတော့။ ဗိုလ်ချုပ်ကို အိုးမည်း မသုတ်ကြပါနဲ့တော့ဆိုတဲ့ ဝေဖန်
လှောင်ပြောင်မှုတွေကို နေ့တိုင်းခံ နေရတာပါ။
တကယ်ကတော့ ကိုယ့်ထမင်း ကိုယ်စားပြီး သူများအစော်ကား ခံနေရတဲ့ဘ၀ပါ။
ဒီကြားထဲ WORLD TIMEကဆောင်းပါး တစ်ပုဒ်ထဲမှာ ဗိုလ်ချုပ်ရုပ်ရှင်ကို အပြင်း
အထန် တိုက်ခိုက် ထားပြန်ပါလေရော။ အဆိုးဆုံးက ပြည်တွင်းက ဒါရိုက်တာ
MIDI Zဆိုသူက ပြောတဲ့ စကားဆိုပြီး ထည့်ထားပါတယ်။ ဒီနေရာကနေ မြန်မာ
ပြည် တနံတလျားက ပြည်သူတွေကို မေးလိုက်ချင်ပါရဲ့။မြန်မာ ဒါရိုက်တာ
Midi Z ဆိုတာ ကြားဖူးကြပါသလား။
သူက ကျွန်တော်တို့ အားလုံးဟာ synopsisဆိုတာ မသိဘူး။ treatmentဆိုတာ
မသိဘူး။ script ဆိုတာ မသိဘူးတဲ့။ Treatmentကို မသိဘူးဆိုတာ ကျွန်တော်
တရားဝင် ၀န်ခံပြီးသားပါ။ ဒါပေမဲ့ ကျန်တာတွေကို မသိဘူးဆိုတာမျိုးကတော့
စော်ကားလွန်းလှပါတယ်။ သူ့ကို ကျွန်တော်တို့ သိလဲမသိ ကြားလဲ မကြားဖူး
ပါဘူး။ ဘာဇာတ်ကား ရိုက်နေမှန်းတောင် မသိပါဘူး။ ဘယ်လိုဇာတ်ကားမျိုး
ရိုက်ဖူးမှန်းလဲ မသိပါဘူး။ အဆိုးဆုံးကတော့ ဒီဗိုလ်ချုပ်ဇာတ်ကားဟာ
ဒေါ်အောင်ဆန်းစုကြည် အတွက် မဲဆွယ်ဖို့ သက်သက်ပါတဲ့။
ကျွန်တော်တို့ ပြန်ကိုမရှင်းခဲ့ပါဖူး။ ရှင်းရလောက်တယ်လို့လဲ မထင်ပါဖူး။ သူ့အကြောင်း လေ့လာကြည့်တော့လဲ လားရှိုးမှာ မွေးပြီး တိုင်ဝမ်မှာကြီးတဲ့ တရုတ် တစ်ယောက်ပါ။ ရုပ်ရှင်လေးကားလောက် ရိုက်ဖူးပါတယ်။ မြန်မာပြည်အကြောင်း
ဆိုပြီး ရိုက်ထားတဲ့ ခတ်ချာချာ ရုပ်ရှင် နုတ်နုတ် ကလေးလဲ ပါလေရဲ့။ သူက
ကျွန်တော်တို့ကို ကင်မရာလဲ နားမလည်ဖူး၊ ဓါတ်ပုံပညာလဲ မသိဖူး၊ ခေတ်ပေ
နည်းပညာ ဆိုတာတွေနဲ့လဲ ဝေလာဝေးဆိုပြီး ပက်ပက်စက်စက်ကို ဝေဖန်
ထားရှာပါတယ်။
ဒီလိုပါပဲ၊ အဲဒီဆောင်းပါးထဲမှာ ဟောလီဝုဒ်က ဘီလ်ဘိုးလင်းနဲ့ ပြင်သစ်က
သီယာရိတို့ရဲ့ ဝေဖန်ချက်တွေကို ထည့်ထားပါတယ်။ ကျွန်တော် နားမလည်
တာက ကျွန်တော်တို့ ဘာမှမရိုက်ရ သေးပါဖူး။ ဘာမှလဲ မပြရသေးပါဖူး။
ဒါပေမဲ့ ဘာမှမတတ်ဖူးလို့ ဝေဖန်ခံနေရတာပါ။
သည်တော့ တစ်ဖွဲ့လုံးကို အရေးကြီးပါတယ်ဆိုပြီး ကျွန်တော် အစည်းအဝေး
ခေါ်ခဲ့ရပါတယ်။ တစ်ယောက်ချင်းစီကို ဖုန်းနဲ့ ဆက်ပြီး မဖြစ်မနေ လာကြဖို့
ဖိတ်ခေါ်ရပါတယ်။ အဲသည် အစည်းအဝေးမှာ ကျွန်တော်တို့ကို လူတွေက
တော်တော် အထင်သေးနေပြီ။ ကျွန်တော်တို့ အပေါ် ယုံကြည်ချက်တွေလဲ
ပျက်ယွင်းနေပြီ။ ကျွန်တော်တို့ တစ်ခုခု လုပ်ပြဖို့ လိုနေပြီ ဆိုပြီး တင်ပြ
ရပါတယ်။ အားလုံးကလဲ ဆန္ဒရှိကြပါတယ်။ တိုတို ပြောရရင် ဗိုလ်ချုပ်
အောင်ဆန်း TEASER ရိုက်ဖို့ အဖွဲ့က ဆုံးဖြတ်ချက် ချခဲ့တာပေါ့။
ဒါဆို ဘယ်အခန်းတွေ ရိုက်ကြမလဲ။ ဒီမိုကရေစီ နည်းကျကျ မဲခွဲ ဆုံးဖြတ်ကြ
ပါတယ်။ ဒီနေရာမှာ တစ်ခုဖြတ်ပြောချင်တာက TEASERဆိုတာ ရုပ်ရှင်
မဟုတ်ပါဖူး။ တကယ့် ရုပ်ရှင်ပြတဲ့ အခါမှာ အဲဒီအခန်းတွေ ပါချင်မှ ပါပါ့မယ်။
ကျွန်တော်တို့ ဒီလိုမျိုး ရိုက်တော့မယ်ဆိုတဲ့ အသိပေးလိုက်တဲ့ သဘောပါပဲ။
ဒီလိုနဲ့ အများမဲနဲ့ ရွေးချယ်လိုက်တော့၁။ ၁၉၄၆ စက်တင်ဘာ ၂၆ရက်နေ့မှာ
ဗိုလ်ချုပ်ကို ၀န်ကြီးချုပ် ခန့်လိုက်တယ်။ အိမ်ပြန်အလာမှာ ဗိုလ်ချုပ်ရဲ့ သမီး အထွေးဆုံးကလေး သေဆုံးသွားတယ်။ အဲဒီအခန်းကို ကန့်ကွက်သူမရှိ
ထောက်ခံကြတယ်။ ဗိုလ်ချုပ်ရဲ့ အမူအယာ ပေါ်လွံင်တယ်။ တိုင်းပြည်နဲ့ သမီးလေး
ရွေးချယ်တဲ့အခါ တိုင်းပြည်ကို သူရွေးခဲ့ရတယ်။ သူ့နှလုံးသားကို စတေးခဲ့ရတယ်။ တကယ်တမ်းတော့ သူ့ရင်မှာ မီးတွေ လောင်နေတယ်။ ဗိုလ်ထွန်းလှကို သူကြေကြေကွဲကွဲ ပြောခဲ့တယ်။ ဒီသမီးလေးကို ဖခင် တစ်ယောက် အနေနဲ့ တာဝန်မကျေခဲ့တာကို ၀မ်းနည်းပူဆွေး ပြောခဲ့ရှာတယ်။ ဒါပေမဲ့ တိုင်းပြည်ဟာ
သူ့ကို အလိုရှိနေတယ်။
၂။ ဗိုလ်ချုပ်နဲ့ ဒေါ်ခင်ကြည် မင်္ဂလာဆောင်ခန်း။ ဒါဟာအရေးကြီးတယ်။ ဟန်မ
လုပ်တတ်တဲ့ ဗိုလ်ချုပ်၊ မင်္ဂလာဆောင်လာတော့ ကားပျက်တာ ကိုယ်တိုင်
ဝင်တွန်းတဲ့ ဗိုလ်ချုပ်။ ဂျပန်ခေတ် ဆေးရုံ ခန်းမထဲ ၀င်လာတော့ ရွှေကြိုတားတာ
ကို ဘုမသိဘမသိ ဒါးနဲ့ ဖြတ်ပစ်ခဲ့တဲ့ ဗိုလ်ချုပ်။ ဒါတွေဟာ ရုပ်ရှင် သဘာဝနဲ့
တော်တော်ပြလို့ ကောင်းတဲ့ အခန်းတွေပါ။
အဲသည် နှစ်ခန်းကို အားလုံးက ရွေးချယ်ပြီး ရိုက်ကူးဖို့ ပြင်ဆင်ကြပါတော့တယ်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက် ဗိုလ်ချုပ် အောင်ဆန်းရဲ့ နှစ်တစ်ရာပြည့်
မွေးနေ့ပွဲမှာ အဲသည်နှစ်ခန်းကို တစ်နိုင်ငံလုံးကို ပြမယ်လို့ ကျွန်တော်တို့
ဆုံးဖြတ်ခဲ့ကြတာပေါ့။
နောက်တစ်နေ့မှာပဲ ဒါရိုက်တာ မြေနီသစ္စာက တော်ဝင်နှင်းဆီဆိုင်မှာ ဗိုလ်ချုပ်
အောင်ဆန်း ရုပ်ရှင်ကို ရာပြည့်အမှီ ပြသနိုင်ဖို့ စတင် ရိုက်ကူးတော့မယ်ဆိုပြီး
သတင်းစာ ရှင်းလင်းပွဲ လုပ်လိုက်ပါတော့တယ်။ ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်
မှာကတော့ ကျွန်တော်တို့ မလွှဲမကင်းသာ ဖယ်ထုတ်လိုက်ရတဲ့ မောင်ကျောက်ခဲ
ပါပဲ။ ဗိုလ်ချုပ်ကို ကိုယ်မှ မပိုင်တဲ့ဟာ။ ရိုက်ချင်တဲ့သူ ရိုက်ပေါ့။ ဘယ်သူရိုက်ရိုက်
ကျွန်တော် အားပေးပါတယ်။ ဒါပေမဲ့ ဆရာ မြေနီသစ္စာက (သေသွားပြီဖြစ်တဲ့)
ကျွန်တော့ အဖေနဲ့ အမေကို တိုင်တည်ပြီး ဆရာနန်းနဲ့ မမကြည်ရေ။ ဆရာ
တို့သား ဇာဂနာ ကတော့ဆိုပြီး ဆောင်းပါး တစ်ပုဒ် ရေးပြီး တုပ်ပြန်ပါလေရော။
ကျွန်တော်ဖြင့် နားကိုမလည်တာပါ။ ကျွန်တော်နဲ့ ဆရာ မြေနီသစ္စာနဲ့ဆိုတာ
ဘာပတ်သက်စရာမှ မရှိသလို လူချင်းတောင် ရေရေရာရာ မတွေ့ဖူးပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာ တစ်မျိုးသားလုံး ပိုင်ပါတယ်။ ဗိုလ်ချုပ်အကြောင်း
ရေးလိုက်ကြတဲ့ ဆောင်းပါးတွေ နည်းမှတ်လို့။ စာအုပ်တွေ နည်းမှတ်လို့။ ၂၀၁၂
ခုနှစ် နောက်ပိုင်းမှာ ကျွန်တော် စာရင်းပြုစု မိသလောက် ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီး
ထုတ်ဝေတဲ့ စာအုပ် ၁၅၂အုပ် ရှိပါတယ်။ ဟုတ်တာရော မဟုတ်တာတွေရော
ပါပါတယ်။
ဆရာ မြေနီသစ္စာ အနေနဲ့ ကျွန်တော်တို့ ဗိုလ်ချုပ်ရုပ်ရှင် အဖွဲ့ကို အားမလို
အားမရဖြစ်ပြီး ဂရုဏာ ဒေါသောနဲ့ ရေးတယ်လို့ပဲ မှတ်ယူထားလိုက်ပါတော့
တယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ ကျွန်တော်တို့ အများ သဘောတူ ရွေးချယ်လိုက်
တဲ့ ဗိုလ်ချုပ်ရုပ်ရှင် TEASER နှစ်ခန်းဟာ တစ်ခန်းမှ ရိုက်ခွင့် မရတော့ပါဖူး။
ဆက်ပါမည်
ဇာဂနာ
( Tomorrow သတင်းဂျာနယ်ပါ အခန်းဆက်ဆောင်းပါး )

No comments:

Post a Comment