CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, April 27, 2015
ဗိုလ်ချုပ်မှူးကြီးနှင့် တစ်နေ့စာအလွဲများ
“မနက် ၆ နာရီခွဲ မင်္ဂလာဒုံလေတပ်စခန်းက လေယာဉ်တက်မယ်” ဟု တပ်မတော်အရာရှိတစ်ဦးက ချိန်းဆိုထားသည့်အတွက် ယင်းအချိန်မတိုင်မီ ခပ်စောစောကပင် လေတပ်စခန်းသို့ ရောက်ရှိနေသော်လည်း နံနက် ၈ နာရီထိုးသည့်တိုင် လေယာဉ်က မထွက်။
လောက်ကိုင်ဒေသတွင် တိုက်ပွဲဝင်နေသော ရှေ့တန်းရောက် တပ်မတော်သားများထံသို့ ရန်ကုန်မြို့မှ စားသောက်ဖွယ်ရာများ လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့် ပေးပို့ရန် စီစဉ်ထားခြင်းဖြစ်ပြီး ထုပ်ပိုးထားသည့် ထောပတ်ထမင်း၊ ကြက်သားဟင်း၊ အချိုရည်နှင့် ကိတ်မုန့်များအတွက် လေယာဉ်မဆံ့၍ သတ်မှတ်ချိန်အမီ ထွက်ခွာရန် နှောင့်နှေးနေခြင်း ဖြစ်သည်။
သို့သော် မကြာမီပင် ယင်းပြဿနာကို ဖြေရှင်းလိုက်ပြီး တပ်မတော် (လေ) က လေယာဉ်တစ်စင်းကို ခရီးစဉ်အတွင်း ထပ်မံလိုက်ပါရန် ညွှန်ကြားခြင်းဖြင့် အသင့်ပြင်ပြီး စားသောက်ဖွယ်ရာအချို့ မကျန်ခဲ့စေရန် စီစဉ်လိုက်သည်။
တပ်မတော် (လေ) ၏ ဗီအိုင်ပီ လေယာဉ်တစ်စင်းဖြစ်သည့် ATR-42 ဖြင့် စားသောက်ဖွယ်ရာများကို တင်ဆောင်၍ နံနက် ၇ နာရီခန့်တွင် လားရှိုးမြို့သို့ ထွက်ခွာသွားပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်နှင့် သတင်းမီဒီယာသမားများမှာ Beach လေယာဉ်ငယ်ဖြင့် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် လောက်ကိုင်ခရီးစဉ်ကို စတင်ခဲ့သည်။
မှိုင်းညို့ညို့ ရာသီဥတုနှင့် မိုးတိမ်တိုက်များအကြား နှစ်နာရီနီးပါးအကြာ ပျံသန်းပြီးနောက် လားရှိုးလေဆိပ်သို့ ရောက်လျှင် ရောက်ချင်းပင် အသင့်စောင့်ဆိုင်းနေသည့် မော်တော်ယာဉ်များဖြင့် လားရှိုးမြို့ တပ်မတော်ဆေးရုံသို့ အသော့နှင်ကြသည်။
“သြော် မီဒီယာတွေ ရောက်လာပြီ။ ဝင်ကြ ဝင်ကြ” ဟု ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် ဗိုလ်ချုပ်ကြီးအချို့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒဏ်ရာရ စစ်သည်များအနီး မီဒီယာများ ဝင်ရောက်နိုင်စေရန် လမ်းဖယ်ပေးရင်း ဖိတ်ခေါ်သည်။
ဆေးရုံတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်ခေါင်းဆောင်များ ကြိုတင်ရောက်ရှိနေပြီး တစ်ခန်းဝင် တစ်ခန်းထွက် ဒဏ်ရာရ အရာရှိစစ်သည်များကို ထောက်ပံ့ငွေနှင့် လက်ဆောင်များ ပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေအဖြစ် စစ်ဆင်ရေး ဒဏ်ရာရ အရာရှိစစ်သည်များအတွက် ပြည်သူလူထုအလှူငွေမှ ကျပ်ဆယ်သိန်းနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိသားစုမှ ကျပ်သုံးသောင်းကျစီ။
“ဘယ်ဇာတိလဲ၊ အိမ်ထောင်ရှိလား၊ မိသားစုရော ဘယ်မှာနေလဲ၊ သိရောသိကြပြီလား၊ သက်သာလား၊ ဘာလိုလဲ” စသည်ဖြင့် စစ်သည်တစ်ဦးချင်းစီကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသေးစိတ် မေးမြန်းပြီး ရပ်ဝေးမှ စစ်သည်အချို့ကိုလည်း မိသားစုနှင့်နီးရာ ဆေးရုံများသို့ ပြောင်းရွှေ့ပေးရန် တစ်ပါတည်း ညွှန်ကြားသည်ကို တွေ့ရသည်။
လားရှိုးဆေးရုံက ခပ်ကျဉ်းကျဉ်း။ တပ်မတော်ခေါင်းဆောင်နှင့် ပရိသတ်အင်အားက နည်းလှသည် မဟုတ်။ မီဒီယာများလည်း အတင်းတိုးဝှေ့၍ သတင်းဓာတ်ပုံ ရယူရသလို ဗိုလ်ချုပ်မှူးကြီး၏ ပြောစကားနှင့် ဒဏ်ရာရစစ်သည်က ဖြေကြားသည့် တိုက်ပွဲအခြေအနေတို့ကို နားစွင့်ရသည်။
“ကြိုက်တာမေးကြပါ။ မြင်တာတွေ့တာ အကုန်ရေးလို့ ရပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတင်းမီဒီယာများကို အာမဘန္တေခံရင်း နှုတ်ဆက်သည်။
သို့သော် ...
“ခင်ဗျားတို့က ပြောလည်း နားမလည်ဘူး” ဟု တူမောရိုး သတင်းထောက်ကို ဆတ်ခနဲ ဆောင့်ဆွဲလိုက်ရင်း တပ်မတော် အရာရှိကြီးတစ်ဦးက မာန်မဲလိုက်သည်။
သူ၏စွပ်စွဲချက်က လူနာဆောင်တစ်ခုသို့ ဗိုလ်ချုပ်မှူးကြီး မဝင်ရောက်မီ အခန်းဝအနီးမှ စောင့်ကြိုဓာတ်ပုံရိုက်ကူးသည့် သတင်းထောက်မှာ တပ်/ချုပ်နှင့် အလွန်နီးကပ်နေသည့် အတွက်ဟု ဆိုသည်။
“ဘာတွေလဲဗျာ။ သူတို့လည်း ခေါ်လာသေးတယ်။ ဒီရောက်တော့လည်း အနီးကပ်လို့ အဝေးခွာလို့နဲ့” ဟု မီဒီယာအဖွဲ့ဝင် အချို့က ပြိုင်တူညည်းညူလိုက်သည်။
ယင်းအဖြစ်ကို ဗိုလ်ချုပ်မှူးကြီးကတော့ မသိရှာ။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ခရီးစဉ်တွင် တပ်/ချုပ်ကိုယ်တိုင် ဖိတ်ခေါ်မှုဖြင့် လိုက်ပါခဲ့ပြီး သူ၏ဘေးတစ်လျှောက် အနီးကပ်လိုက်ပါ၍ သတင်းဓာတ်ပုံရယူခြင်း အပြန်အလှန် ပြောဆိုသည်များကို နားစွင့်မှတ်သားခြင်း ဆောင်ရွက်နေသည့် သတင်းမီဒီယာကို တာဝန်ရှိ တပ်မတော်အရာရှိတစ်ဦး၏ ရန်သူသဖွယ် ဆက်ဆံပုံက ပုံပျက်ပန်းပျက်။
ဒဏ်ရာရ စစ်သည်များကို ကြည့်ရှုပြီးနောက် လားရှိုးမှ လောက်ကိုင်သို့ ရဟတ်ယာဉ်များဖြင့် ခရီးဆက်ရန် ပြင်ကြပြီ။ သို့သော် မှိုင်းညို့ညို့ ကောင်းကင်က ပိုမိုမှောင်မိုက်လာပြီး မိုးစက်မိုးပေါက်တို့ဖြင့် ရှေ့တန်းသွားမည့် ရဟတ်ယာဉ်တို့ကို တားဆီးလိုက်သည်။
စောင့်သည်။ တစ်နာရီ၊ နှစ်နာရီ။ ရာသီဥတုက မျက်နှာသာမပေး။ လောက်ကိုင်သို့ ချီတက်ရေး အစီအစဉ် ဖျက်သိမ်းလိုက်ပြီး သတင်းမီဒီယာများကို ဆေးရုံသို့တစ်ဖန် စေလွှတ်၍ မေးလိုသည်များ မေးမြန်းနိုင်ရန် ထပ်မံစီစဉ်ပေးပြီး လားရှိုးမှပင် လှည့်ပြန်ရန် တပ်မတော်ခေါင်းဆောင်များက ဆုံးဖြတ်လိုက်သည်။
“တပ်မှူးကို ဟိုကောင်တွေ သတ်ချင်နေပြီ။ ဒဏ်ရာရနေပါတယ်ဆိုမှ ရှေ့တန်းကို ပြန်သွားမယ်ချည်းပဲ သူက ပြောနေတယ်။ တိုက်ပွဲဆိုတာ ပန်းနဲ့ ပေါက်တာမှ မဟုတ်တာ။ ဘယ်သူမှ ပြန်မသွားချင်ဘူး” ဟု စစ်ဆေးရုံမှ တာဝန်ရှိတပ်မှူးကို ရည်ညွှန်း၍ ဒုတိယဗိုလ်မှူးကြီးတစ်ဦးက မှတ်ချက်ပြုသည်။
ဒဏ်ရာရစစ်သည်များ ဒဏ်ရာပျောက်ကင်းလျှင် ရှေ့တန်းသို့ တစ်ဖန်ပြန်၍ တိုက်ပွဲဝင်ဦးမည်ဟု ဆိုစကားအပေါ် ၎င်းက အထက်ပါအတိုင်း လှောင်ပြောင်ခြင်း ဖြစ်ပြီး အတည်ပြောခြင်းလော နောက်ပြောင်သည့် အနေဖြင့် ပြောခြင်းလော ဟူသည်ကိုမူ အရာရှိကြီးများသာ သိပေလိမ့်မည်။
“ခြေထောက်လေး နည်းနည်းကြွပေးပါ။ ဒါသိမ်းချင်လို့”
ခြေထောက်ဒဏ်ရာဖြင့် လူနာခုတင်ထက်တွင် မှိန်းစက်နေသော စစ်သည်တစ်ဦး ကို ဆေးရုံဝန်ထမ်း ဖြစ်ဟန်တူသူ အမျိုးသမီးတစ်ဦးက ပြောဆိုခြင်း ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး ဆေးရုံသို့ လာစဉ်က လူနာခုတင် အသီးသီးတွင် တွေ့မြင်လိုက်ရသော စစ်ရောင်မွေ့ရာနှင့် ဂွမ်းစောင်ကြားများမှာ တပ်မတော်ခေါင်းဆောင်များ လားရှိုးမြေမှ မထွက်ခွာမီပင် ပြန်လည်သိမ်းဆည်းခံလိုက်ရသည်။
သမ္မတဦးသိန်းစိန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်စဉ်ကလည်း အလားတူဖြစ်ရပ် ပေါ်ပေါက်ခဲ့ပြီး လူနာခုတင်ထက်မှ အသစ်စက်စက် အခင်းထည်များကို သမ္မတကြီး ယူသွားပြီဟုပင် အငေါ်တူးခဲ့ကြသေးသည်။
သတင်းမီဒီယာတို့ ဆေးရုံသို့ တစ်ကျော့ပြန်ချိန်တွင် စစ်သည်တို့၏ ဒဏ်ရာများကို သန့်စင်ခြင်း ဆေးထည့်ခြင်းများ ပြုလုပ်နေချိန်ဖြစ်၍ တိုက်ပွဲဒဏ်ရာအချို့က အတိုင်းသား။
“အား...”
လက်တွန်းလှည်းပေါ်ရှိ စစ်သည်တစ်ဦးက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ရင်း အံကြိတ်နေသော်လည်း နာကျင်မှုကို မခံရပ်နိုင်သဖြင့် အော်သံထွက်လာသည်။ ခြေထောက်မှ အရိုးပင်ပေါ်နေသည့် ဒဏ်ရာကို သူနာပြုစစ်သည်က ဂွမ်းဖတ်ဖြင့် ပယ်ပယ်နယ်နယ် သန့်စင်နေခြင်း ဖြစ်ပြီး အံကြိတ်ခံနေသည့် ဒဏ်ရာရစစ်သည်ကို မြင်ရသည်က မသက်သာလှ။
သတင်းသမားအားလုံး၏ မျက်နှာအသီးသီးက ညှိုးငယ်လှသည်။ လောက်ကိုင်ခရီးစဉ် ပျက်ပြယ်သလို ဆေးရုံထက်မှ အနိဋ္ဌာရုံများက သူတို့ကို စိတ်ပျက်အားလျော့စေပြီ ဖြစ်သည်။
“သူ့ဒဏ်ရာဆိုရင် ကျွန်တော်တို့ စစ်သားအချင်းချင်းတောင် မကြည့်ရဲဘူး” ဟု ဒုတိယတပ်ကြပ်တစ်ဦးက အခန်းထောင့်တစ်နေရာတွင် ခြေထောက်ပတ်တီးဖြင့် လဲလျောင်းနေသော စစ်သည်တစ်ဦးကို မေးငေါ့ပြရင်း မှတ်ချက်ပြုသည်။
ဒဏ်ရာက သေနတ်ဒဏ်ရာ။
“ဒဏ်ရာတွေက လက်နက်ကြီးထိတာ များတယ်။ စနိုက်ပါကြောင့် ကျတာများတယ်။ သေနတ်ဒဏ်ရာရတာ နည်းတယ်။ သူကတော့ အနီးကပ်တိုက်ရင်း သေနတ်မှန်တာ” ဟု အဆိုပါ ဒုတပ်ကြပ်က ရှင်းပြသည်။
လားရှိုးဆေးရုံရှိ လူနာအရာရှိ စစ်သည်အများစုမှာ သင်္ကြန်မတိုင်မီနှင့် သင်္ကြန်ကာလ ကိုးကန့်စခန်းသိမ်း တိုက်ပွဲများတွင် ဒဏ်ရာရရှိခြင်းဖြစ်ပြီး ယင်းတို့အဆိုအရ ရှေ့တန်းတိုက်ပွဲများက မထောင်းတာလှ။
“(တောင်) ကုန်းတိုင်းမှာ ဒီကောင်တွေ ရှိတယ်။ လက်နက်ကလည်း ဘာပေါသလဲ မမေးနဲ့” ဟု ဒဏ်ရာရ စစ်သည်တစ်ဦးက ဆိုသည်။
ထို့အပြင် လက်ဖြောင့်စနိုက်ပါနဲ့ အသေခံတပ်သားများက တပ်မတော်စစ်သည်များကို အကြီးအကျယ် ဒုက္ခပေးနေခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
“စခန်းတစ်ခုကို ဆုတ်မယ်ဆိုရင် သူတို့တပ်သားအချို့ကို စိတ်ကြွဆေးပေး၊ သံကြိုးနဲ့ အခိုင်အမာချည်၊ လက်နက်အပြည့်အစုံနဲ့ တောင်ကုန်းမှာ ထားခဲ့တယ်။ သူတို့သေမှ အဲဒီစခန်းရမယ်ဆိုတဲ့ သဘောပေါ့” ဟု အဆိုပါ စစ်သည်က ရှေ့တန်းအခြေအနေကို ပုံဖော်ပြသည်။
ပြင်ဦးလွင် စစ်ဆေးရုံတွင် တက်ရောက်ကုသနေသည့် တပ်ကြပ်ကြီးတစ်ဦးကလည်း ယင်းစကားကို ထပ်လောင်းအားဖြည့်သည့်အလား။
“သူတို့မှာ လက်နက်ခဲယမ်း အပြည့်အစုံနဲ့။ စိတ်ကြွဆေးဆိုလည်း စိတ်ကြိုက်သုံး။ ကျွန်တော်တို့က ရေတောင်သောက်စရာ မရှိဘူး” ဟု လောက်ကိုင်ဒေသတိုက်ပွဲ တစ်ခုတွင် ဦးခေါင်းကို လက်နက်ငယ်ထိမှန်ခံရသူ တပ်ကြပ်ကြီး ပြုံးဇော်ဦးက ဆိုသည်။
“ရေတောင် သောက်စရာမရှိဘူး” ဆိုသည့် တပ်ကြပ်ကြီး၏ စကားကြောင့် ယင်းနံနက်က ထောပတ်ထမင်း၊ ကြက်သားဟင်းတို့ လေယာဉ်ပေါ်တင်ရန် ပြင်ဆင်ရင်း ယခင်က နာမည်ကျော် တပ်မ (၈၈) ၏ တပ်မမှူး တာဝန်ယူခဲ့သူ ဗိုလ်ချုပ်တစ်ဦး၏ ပြောစကားကို အမှတ်ရလိုက်သည်။
“ကျွန်တော်တို့တုန်းကသာ ဒီလိုထောက်ပံ့မှုမျိုးရရင် KIA ကို အရုပ်ရေးပြရမယ်” ဟု တပ်မတော်က ရှေ့တန်းရောက် စစ်သည်များကို ထောက်ပံ့ပေးမှုကို သူက ညွှန်းဆိုသည်။
သို့သော် ...
တပ်ကြပ်ကြီး ပြုံးဇော်ဦး၏ ဦးခေါင်းဒဏ်ရာမှာ သင်္ကြန်မတိုင်မီတစ်ရက် ဧပြီလ ၁၂ ရက်နေ့က ဖြစ်ပွားသည့် ချင်းရွှေဟော်ခွင် တိုက်ပွဲတွင် လက်နက်ငယ်ထိမှန်ခဲ့ခြင်း ဖြစ်သည်။
သူတို့ခြေမြန်တပ်ရင်းက ကိုးကန့်တပ်ဖွဲ့၏ စခန်းကုန်းတစ်ခုကို သိမ်းပိုက်ရန် အတက်မိုးရွာချသလို ဘေးပတ်လည် တောင်ကုန်းများဆီမှ ရန်သူ့လက်နက်ကြီး ယ်များ လွင့်ပျံ့လာသည်ကို ရင်ဆိုင်လိုက်ရသည်။
“ကျောပေးပြီးကို ဆင်းပြေးရတယ်” ဟု ရန်သူ့တောင်ကုန်းပေါ်မှ ကစဥ့်ကလျား ဆုတ်ခွာခဲ့ရပုံကို တပ်ကြပ်ကြီး ပြုံးဇော်ဦးက ဖောက်သည်ချသည်။
ဦးခေါင်းကို လက်နက်ငယ်ထိမှန်သည့် ဒဏ်ရာတစ်ခုသာ ရသည်ဆိုသော်လည်း ခြေထောက်နှစ်ဖက်စလုံးတွင် ပွန်းရာပဲ့ရာတွေက ဗရပွ။
“ကျောက်တောင်တွေဆိုတော့ ရှတာလေ။ မရဘူး ခံရတာပဲ” ဟု သူကဆိုသည်။
သူ၏ အဆိုအရ ကိုးကန့်တပ်ဖွဲ့တွင် အမျိုးသမီးများနှင့် ကလေးများပင် ပါဝင်တိုက်ခိုက်နေပြီး လက်နက်ခဲယမ်းများကို ထရပ်ကားကြီးများဖြင့် သယ်ပို့၍ အင်အားဖြည့်ဆည်းပေးနေသည်ကိုပင် အတိုင်းသား တွေ့မြင်ရကြောင်း တပ်ကြပ်ကြီးက အခဲမကျေဟန် ဆိုသည်။
ယင်းသို့ လက်နက်ခဲယမ်းများကို ထရပ်ကားကြီးများဖြင့် သယ်ပို့အင်အား ဖြည့်နေသည်ကို အတိုင်းသားမြင်ရပါလျှင် တပ်မတော်က မည်သည့်အကြောင်းကြောင့် လက်နက်ကြီးဖြင့် မပစ်ခတ်ပါသလဲဟူသော မေးခွန်းကိုမူ တပ်ကြပ်ကြီး ပြုံးဇော်ဦးက အံကြိတ်ရင်း အဖြေပေးသည်။
“ပစ်လို့ မရဘူးဗျ။ ဟိုဘက်ထဲကို ကျမှာကြောက်လို့”
နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး ဖြစ်ပွားနေသည့် လက်နက်ကိုင်တိုက်ပွဲက မြန်မာ့တပ်မတော်မှ ပစ်ခတ်သည့် လက်နက်ကျည် တစ်ဖက်နိုင်ငံသို့ မကျရောက်စေရန် သတိထားနေရသည်က တိုက်စစ်ကို အားလျော့စေသည်။ သို့သော် တစ်ဖက်နိုင်ငံကို ခြေကုပ်ယူကာ လက်နက်ကြီးငယ်များ အလျှံပယ်သုံး၍ တပ်မတော်စစ်ကြောင်းများကို တိုက်ခိုက်နေခြင်းအတွက် နှစ်နိုင်ငံအစိုးရတို့၏ စဉ်းမျဉ်းစည်းကမ်း ဆိုသည်က အစရှာမရဘဲ တပ်ကြပ်ကြီး ပြုံးဇော်ဦးတို့အတွက် တရုတ်ကို ဒေါသပွားစေတော့သည်။
“ဒီကောင်တွေ အတူတူပဲ။ အကုန်တိုက်မှရမယ်” ဟု သူက ဆိုသေးသည်။
လားရှိုးမှသည် ပြင်ဦးလွင်သို့ ပြန်လှည့်ခဲ့သော တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ခေါင်းဆောင်များ ပြင်ဦးလွင် စစ်ဆေးရုံသို့ ရောက်ရှိသည့်အခါ တပ်ကြပ်ကြီးအနားကို ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်လာပြီး ဒဏ်ရာအခြေအနေနှင့် တိုက်ပွဲအနေအထားကို မေးမြန်းခဲ့သည်။
“မိသားစုနဲ့ အဆက်အသွယ်ရလား။ မင်းမှာဖုန်းရှိလား” ဟု ဗိုလ်ချုပ်မှူးကြီးက တပ်ကြပ်ကြီးကို မေးခွန်းထုတ်သည်။
“ဖုန်းက တိုက်ပွဲမှာ ကျကျန်ခဲ့တယ်” ဟု ကျောပေး၍ပင် ပြေးဆင်းရသည်ဆိုသော တိုက်ပွဲအခြေအနေကို ပြန်ပြောင်းအောက်မေ့ရင်း သူ၏ မိုဘိုင်းလ်ဖုန်း ပျောက်ဆုံးခဲ့ပုံကို တပ်ကြပ်ကြီးက အဖြေပေးသည်။
“အေး မင်းဖုန်း ငါပြန်ပေးမယ်။ ငါ ဗိုလ်ဘဝတုန်းကလည်း အဲဒီလိုပဲ ရှေ့တန်းမှာ ဘောပင်ပျောက်ဖူးတယ်။ ငါ့တပ်မှူးက ပတ်ကားတစ်ချောင်း ပြန်ပေးလို့ရတယ်။ မင်းဖုန်းကိုလည်း ပြန်ပေးမယ်။ ဘာအမျိုးအစားလဲ”
“C8813”
“ဟာ မင်းဖုန်းက ညံ့တယ်။ သိပ်မကောင်းဘူး။ ငါမင်းကို ဖုန်းအကောင်းစား ပြန်ပေးမယ်” “ကိုညိုစော ဒီမှာ ဖုန်းတစ်လုံးပေးရမယ် မှတ်ထားပါဦး” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လူဗိုလ်ပရိသတ်အလယ်တွင် တပ်ကြပ်ကြီး ပြုံးဇော်ဦးကို ကတိပြုရင်း တစ်ပြိုင်နက်ပင် လိုက်ပါလာသည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောကို မှာကြားသည်။
ယင်းနောက် ပြင်ဦးလွင် အမှတ် (၁) စစ်ဆေးရုံကြီးအတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ တစ်ခန်းဝင် တစ်ခန်းထွက် လူနာမေး လက်ဆောင်ပေးရင်း စကားစမြည်ဆိုကြသည်။ လုပ်ငန်းရှင်အချို့လည်း ကပ်လျက်လိုက်ပါ၍ ဒဏ်ရာရ စစ်သည်များကို စာအိတ်ဖြူဖြူများဖြင့် ထောက်ပံ့ငွေနှင့် လက်ဆောင်အချို့ ပေးအပ်သည်ကို တွေ့ရသည်။
ပြင်ဦးလွင်စစ်ဆေးရုံရှိ လူနာစစ်သည် အချို့မှာ အသက်ပင်လုနေရဆဲ အနေအထား။ လက်နက်ကြီးထိမှန်၍ ဝမ်းဗိုက်၊ ခြေထောက်၊ ခါးဒဏ်ရာမျိုးစုံ။ ယင်းအပြင် ကိုးကန့်တိုက်ပွဲတင် မဟုတ်ဘဲ ကချင်လက်နက်ကိုင် KIA နှင့် တိုက်ပွဲဖြစ်ပွားရာမှ ဒဏ်ရာရရှိခဲ့သူ စစ်သည်အချို့ ပါဝင်သည်။
ဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့ဝင်များ တစ်ခန်းဝင် တစ်ခန်းထွက် လူနာမေးရင်းပင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတစ်ယောက် မိုဘိုင်းလ်ဖုန်း ပါကင်ဗူးတစ်ခုကို လက်၌ ကိုင်ရင်း တပ်ကြပ်ကြီး ပြုံးဇော်ဦးထံ ရောက်ရှိသွားသည်။ သူ၏လက်ထဲတွင် ဖုန်းအသစ်တစ်လုံး၊ ဆင်းမ်ကတ်တစ်ခုနှင့် ငွေဖြည့်ကတ်တစ်ခု။
“MEC လိုင်းကတ်နဲ့ တစ်သောင်းတန် ငွေဖြည့်ကတ်ပါတယ်နော်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက စကားပါးရင်း ဖုန်းကို တပ်ကြပ်ကြီးထံ ပေးအပ်လိုက်ပြီး နှုတ်ဆက်ထွက်ခွာသွားသည်။
“ဟင် တပ်/ချုပ်ကြီးပြောတော့ အကောင်းစားပေးမယ်ဆို” ဟု သူနာပြုစစ်သည်နှစ်ဦးက အသစ်စက်စက် မိုဘိုင်းလ်ဖုန်းကိုဖွင့်၍ ဆင်းကတ်နှင့် ငွေဖြည့်ကတ်တို့ကို တစ်ပါတည်း ထည့်သွင်းပေးရန် ဟန်ပြင်ရင်း အာမေဋိတ်စကား ဆိုသည်။
တပ်ကြပ်ကြီး ပြုံးဇော်ဦး တိုက်ပွဲအတွင်း ကျကျန်ခဲ့သည်က Huawei အမှတ်တံဆိပ် C8813 ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး ပြန်ပေးမည်ဆိုသည့် အကောင်းစားဖုန်းက COOLPAD တံဆိပ်။ ဈေးနှုန်းက ကွာသည်။ မကောင်းစားသည့်အပြင် ပို၍ဈေးပေါသည့် ဖုန်းတစ်လုံးကို တပ်ကြပ်ကြီး ပြုံးဇော်ဦး ကျေးဇူးတင်စွာ လက်ခံလိုက်ရသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ လူဗိုလ်ပရိသတ်အလယ်တွင် အားမာန်အပြည့်ဖြင့် မိမိလက်အောက်ငယ်သား တပ်မတော်သားကို အားပေးနှစ်သိမ့်ထောက်ပံ့မှုက မိနစ်ပိုင်းအတွင်းပင် မည်မျှအောင်အောင်မြင်မြင် အကောင်အထည်ပေါ်သည်ကို တွေ့မြင်ရခြင်းက အရာရှိငယ်နှစ်ဦးကို စိတ်ပျက်စေဟန်ရှိသည်။
တပ်ကြပ်ကြီး ပြုံးဇော်ဦးကတော့ဖြင့် မရယ်မပြုံး။ မျက်ဝန်းများက ရှေ့တန်းစစ်မြေပြင်သို့ အခဲမကျေစွာ ပြန်အောက်မေ့နေသည့်ဟန်။
ယင်းနောက် အခြားအခန်းတစ်ခုအတွင်း စစ်ဆင်ရေး ဒဏ်ရာရ စစ်သည်များကို သတင်းမီဒီယာအဖွဲ့များ လိုက်လံကြည့်ရှုရင်း မန်စီခွင်တွင် KIA နှင့် တိုက်ပွဲဖြစ်၍ ဒဏ်ရာရခဲ့သော တပ်မတော်သား အချို့နှင့် စကားလက်ဆုံကျကြသည်။
မန်စီဒေသ တိုက်ပွဲတစ်ခုတွင် လက်နက်ကြီးထိမှန်၍ ညာဘက်လက်မောင်းရိုးကျိုးကြေ ဒဏ်ရာဖြင့် လက်တစ်ဝက် ဖြတ်လိုက်ရသော ကရင်တိုင်းရင်းသား စစ်သည်တစ်ဦးက ပြုံးရွှင်စွာပင် စကားတုံ့ပြန်သည်။
သူတို့ တိုက်ပွဲဖြစ်သည့်နေရာက မန်စီ။ လောက်ကိုင်ဒေသတိုက်ပွဲများ မဟုတ်။ သူ၏ အဆိုအရ မန်စီခွင်တွင် KIA စခန်းအများအပြား ရှိနေပြီး KIA စခန်းတစ်ခုသို့ တပ်သားစမောင်ကိုတို့ စစ်ကြောင်းတိုက်ရန်အသွား လမ်းခုလတ်တွင် KIA တပ်ဖွဲ့များက ကြားဖြတ်စောင့်ကြို တိုက်ခိုက်ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။
သူအပါအဝင် အရာရှိတစ်ဦးနှင့် စစ်သည်ဆယ်ဦး ဒဏ်ရာရရှိခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွာခဲ့ရသည်။
“ကျွန်တော်တို့က လှုပ်ရှားစစ်ကြောင်းလေ။ သူတို့စခန်းကို သွားတိုက်ဖို့ ညွှန်ကြားရင် သွားတိုက်ရတာပေါ့။ အဲ့ဒီနေ့က သွားတာ KIA စခန်း ဘယ်နားရှိမှန်း မသိလိုက်ဘူး။ အင်အားအလုံးအရင်းနဲ့ ကြားကဖြတ်တိုက်ခံရလို့ ပြန်ဆုတ်ခဲ့ရတယ်” ဟု တပ်သား စမောင်ကိုက ရှင်းပြသည်။
သူ၏ လက်တစ်ဖက်တွင် ဒဏ်ရာရခဲ့ပြီး ယင်းဒဏ်ရာဖြင့် တောတွင်းမှ မြို့ပေါ်သို့ သုံးရက်ခန့် ခြေလျင်ခရီးဆက်ခဲ့ရာ ဆေးရုံမရောက်မီ လက်မှဒဏ်ရာက ပုပ်ပွနေခဲ့ပြီ ဖြစ်ကြောင်း သူက ပြန်ပြောင်းပြောဆိုသည်။
“ဖြစ်ရင်တော့ ဒီလိုပဲ။ ထမ်းစင်နဲ့ ခြေလျင်သွားကြရတာပဲ။ ဆေးရုံရောက်ဖို့ ကြာတယ်။ ရဟတ်ယာဉ်နဲ့ လူနာကောက်တာတော့ မရှိဘူး။ စခန်းတွေက နီးနီးကပ်ကပ် ရှိနေကြတော့ ပစ်ခံရမှာလည်း စိုးရိမ်ရမှာပေါ့” ဟု ဧရာဝတီတိုင်း မြောင်းမြဇာတိ တပ်သားစမောင်ကိုက ဆိုသည်။
သူ၏ရှေ့တွင်တော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်သားစမောင်ကိုအား ဆုချီးမြှင့်နေသည့် ဓာတ်ပုံတစ်ခု တွေ့ရသည်။
“သင်္ကြန်တုန်းက သီချင်းဆိုတာ။ ရှာပုံတော်မင်းသားကြီးသီချင်း။ အဘဆုချတာ” ဟု သူက ဓာတ်ပုံကိုညွှန်ရင်း ရှင်းပြသည်။
စကားကောင်းစတွင် ဗိုလ်မှူးအဆင့် အမျိုးသမီး စစ်သည်တစ်ဦး ချဉ်းကပ်လာပြီး ခုတင်နှစ်ခုကြား မတ်တပ်ရပ်၍ စကားစကို ဖြတ်လိုက်သည်။
“မီဒီယာ မဟုတ်လား။ ဘယ်ကလဲ။ သိပ်အများကြီး မမေးပါနဲ့။ အကူအညီတောင်းတာပါ” ဟု ဆက်တိုက်ဆိုရင်း စကားပြောခွင့် မပေးတော့။
တပ်သားစမောင်ကို၏ တိုက်ပွဲအတွေ့အကြုံနှင့် ဘဝတစ်စိတ်တစ်ပိုင်းမှာ လမ်းခုလတ်တွင်ပင် နှုတ်ပိတ်ခံလိုက်ရသည်။
“ခုက အများကြီး ပွင့်လင်းမြင်သာ ရှိလာပါတယ်။ ဆေးရုံလည်း လာကြပါတယ်။ ဒါပေမဲ့ တချို့မီဒီယာတွေက တစ်လွဲပုံဖော်တာတွေ ရှိတယ်လေ။ ဒါကြောင့် အကူအညီ တောင်းတာပါ။ စစ်သည်တွေလည်း ရှေ့တန်းမှာ တကယ်ကိုစွန့်လွှတ်ပြီး တိုက်ပွဲဝင်နေရတာ။ ဒါတွေကို အမှန်အတိုင်းသိစေချင် အားပေးစေချင်တယ်” ဟု ဗိုလ်မှူးအဆင့် အမျိုးသမီးဆေးအရာရှိက ပြောဆိုရင်း ထပ်မံမေးမြန်းခြင်း မပြုရန်သာ ကိုယ်အမူရာ နှုတ်အမူရာတို့ဖြင့် ဟန့်တားလျက် ရှိသည်။
မကြာမီ တပ်/ချုပ်နှင့် အဖွဲ့ဝင်များ လူနာကြည့်ပြီး၍ ပြန်လည်ထွက်ခွာရန် ဟန်ပြင်သည်ကို တွေ့ရပြီး “လာ လာ သွားရအောင်” ဟု အဆိုပါ ဆေးအရာရှိက တစ်ပါတည်း ခေါ်ဆောင်ရင်း ဆေးရုံအပေါ်ထပ်မှ ဆင်းခဲ့ကြသည်။
အောက်ထပ်သို့ အရောက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရပ်တန့်၍ မီဒီယာတွေ ကြိုက်သလိုမေးကြပါ။ ရေးကြပါ။ အကုန်မေးလို့ရတယ်။ လေယာဉ်ကလည်း ရန်ကုန်ကို ကြိုက်တဲ့အချိန် ပြန်ထွက်လို့ရတယ်။ စိတ်ကြိုက်မေးပါ။ (ရန်ကုန်) တိုင်းမှူး ကျန်ခဲ့မယ်။ ပြီးရင် အတူတူပြန်ကြပေါ့” ဟု နှုတ်ဆက်စကားဆိုရင် လူဗိုလ်ပရိတ်သတ်တို့ကို နှုတ်ဆက်ရင်း ထွက်ခွာသွားသည်။
တပ်/ချုပ်ယာဉ်တန်း ဆေးရုံဝသို့ မရောက်မီပင် သတင်းမီဒီယာ ယာဉ်တန်းက ထွက်ခွာဖို့ အသင့်ဖြစ်နေပြီ။ မီဒီယာသမားများလည်း ခပ်သုတ်သုတ် နေရာယူရပြီ။ မေးချိန်မရှိ၊ မေးခွင့်မရှိ။ “ကြိုက်သလိုမေး၊ ပြန်ချင်တဲ့အချိန် ပြန်လို့ရတယ်” ဟု ဆိုသော တပ်/ချုပ်၏ စကားသံပင် လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေး။ သို့သော် သြဇာသက်ရောက်မှုမှာ အေးစက်စက်။
ခရီးစဉ်တစ်လျှောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အရာရှိစစ်သည်များအပေါ် နွေးထွေးဂရုစိုက်မှုနှင့် မီဒီယာအပေါ် အလေးထားမှုကို သတင်းမီဒီယာ တစ်ဖွဲ့လုံး တစ်ညီတစ်ညွတ် အသိအမှတ်ပြုကြသည်။ “တပ်ချုပ်က တကယ်တော်တယ်” ဟူသည့် မှတ်ချက်က သူတို့နှုတ်ဖျားမှ တစ်ညီတစ်ညွတ်။
သို့သော် ...
ဤသို့သော်မှာ အသံတိတ် မှတ်ချက်ဖြစ်သော်လည်း မီဒီယာတစ်ဖွဲ့လုံး နားလည်ကြသည်။
သင်္ကြန်ကာလတွင် တပ်မတော်စစ်ကြောင်းများက ကိုးကန့်ဒေသကို ထိုးစစ်ဆင်၍ ဖုန်ကြားရှင်၏ စခန်းကုန်းများကို ဆက်တိုက်သိမ်းပိုက်နေကြောင်း တပ်မတော်က ရက်ဆက်သတင်းထုတ်ပြန်သည်။ တပ်မတော်၏ အဆိုအရ ကိုးကန့်ဒေသတွင် ဖုန်ကြားရှင်တို့ ခြေကုပ်မကျန်တော့။ တောင်ကုန်းအားလုံးနီးပါး သိမ်းပိုက်ရရှိပြီး ဖြစ်သည်။
သို့သော်...
“တောင်ကုန်းတိုင်းမှာ ဒီကောင်တွေ ရှိတယ်။ တောင်ကုန်းတွေက မရေမတွက်နိုင်အောင်ပဲ” ဟူသည့် သင်္ကြန်အကြိုတွင် ဒဏ်ရာရခဲ့သည့် တပ်ကြပ်စစ်သည်တစ်ဦး၏ စကားသံက နားထဲတွင် ပဲ့တင်ထပ်လျက်။
နော်ကိုကို
http://thevoicemyanmar.com/index.php/article/item/6607-bgm
ဗိုလ်ချုပ်မှူးကြီးနှင့် တစ်နေ့စာအလွဲများ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 27, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment