Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 10, 2015

ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ကျွန်တော် (၉) - ဇာဂနာ


ရုပ်ရှင်ဇာတ်ကား တစ်ခုအတွက် မူအားဖြင့် ထုတ်လုပ်သူ တစ်ယောက်နဲ့ ဒါရိုက်တာ တစ်ယောက်ဆို လုံလောက်ပါတယ်။ ဟောလီးဝုဒ်မှာကတော့ ထုတ်လုပ်သူက အရမ်းကြီး အရေးပါတယ်။ မြန်မာပြည်က ထုတ်လုပ်သူဆိုတာ ပိုက်ဆံထုတ်တဲ့သူကို ခေါ်နေကြတာပါ။ သူတို့ဆီက ထုတ်လုက်သူကတော့ ရုပ်ရှင်ဇာတ်ကားကို အောင်အောင်မြင်မြင် ထုတ်နိုင်တဲ့သူကို ပြောတာပါ။ အဲဒီ အခြေခံ သဘောတရားကစလို့ လွဲနေတာပါ။

ကျွန်တော်တို့ အဖွဲ့ ဖွဲ့တုန်းက ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာ တစ်ယောက်ရဲ့လက်ထဲကို အပြီးအပြတ် အပ်လိုက်တော့မယ် ဆိုတဲ့ ဆုံးဖြတ်ချက် ရှိပြီးသားပါ။ ဒါပေမဲ့ ဘယ်သူရိုက်မှာလဲ။ ဘယ်သူ တာဝန်ခံမှာလဲ။ မြန်မာပြည်မှာရော ဗိုလ်ချုပ်အောင်ဆန်းကို တကယ် မြတ်မြတ်နိုးနိုး လေ့လာထားတဲ့ ဒါရိုက်တာ ဘယ်သူရှိသလဲ။ ဒါဟာ တကယ့် အရေးအကြီးဆုံး ပြဿနာ တစ်ခုပါ။ တစ်ချို့က ဒါရိုက်တာ ကိုယဉ်အောင် (မန္တလေး)ကို ညွှန်တယ်။ ကျွန်တော် ဆက်သွယ်ခဲ့ပေမဲ့ သူက ကျန်းမာရေး အကြောင်းပြပြီး ငြင်းခဲ့ပါတယ်။

ဆရာကြီး ဦးဝင်းဖေကိုလည်း ကျွန်တော် ကမ်းလှမ်းခဲ့ပါတယ်။ ဆရာကြီးကလဲ သူ့အသက်အရွယ်ကို အကြောင်းပြပြီး ငြင်းခဲ့ပါတယ်။ နောင်တော့ ဆရာကြီးက အင်တာဗျူး တစ်ခုမှာ သူဘာကြောင့် မရိုက် ခဲ့တာလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြလိုက်ရင် ချက်ချင်း သဘောပေါက်ပြီး သည်ဇာတ်ကားကို ရိုက်တော့မှာ မဟုတ်ဖူးလို့ ပြောခဲ့ပါသေးတယ်။ ဆရာကြီးရဲ့ အကြောင်းပြချက်ကို ကျွန်တော်တို့ သိခွင့်မရခဲ့ပါဖူး။ ဆရာကြီးက ကျွန်တော်တို့ဟာ ဗိုလ်ချုပ်နဲ့ ဒေါ်ခင်ကြည်ကိုပဲ ရွေးထားတယ်လို့ ဝေဖန်ခဲ့ပါသေးတယ်။ အမှန်ကတော့ သည်လို မဟုတ်ရပါဖူး။ ဗိုလ်ချုပ် နေရာမှာ သရုပ်ဆောင်ဖို့ ကျော်ကျော်မျိုး၊ ဒေါ်ခင်ကြည်နေရာ အတွက် ဇာခြည်လင်းတို့ကိုသာ အသစ်အဖြစ် ရွေးထားတာပါ။ ကျန်တဲ့ ဆရာသခင်မြတို့ ဦးရာဇာတ်တို့၊ သခင်သန်းထွန်း၊ သခင်နုတို့ နေရာတွေ အတွက် နာမည်ရပြီးသား၊ သရုပ်ဆောင် တတ်တဲ့သူတွေကို လျာထားပြီးသားပါ။ ဆိုပါတော့၊ သခင်သန်းထွန်း နေရာ အတွက် သရုပ်ဆောင် နေမင်း၊ ဒေါက်တာဘမော် နေရာအတွက် သရုပ်ဆောင် ရန်အောင် စသဖြင့် ကျွန်တော်တို့ ရွေးထားပြီးသားပါ။

ချုပ်ရရင် ကျွန်တော်တို့ သိသလောက် တတ်သလောက် ပြင်ဆင်ခဲ့ပါတယ်။ လိုအပ်တာတွေ ရှိမှာပါ။ ရှိတယ်လို့လဲ ၀န်ခံပါတယ်။ ဒီလိုရှိတာတွေကို ၀ိုင်းဝန်း.. အကြံပေးပြီး ပူးပေါင်း လုပ်ဆောင် လိုက်ကြရင် သိပ်ကောင်းမှာပဲလို့ ကျွန်တော် တွေးမိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရင်ဆိုင်ရတာက အပြစ်ပြော ခံရတာနဲ့ မကောင်းပြော ခံရတာ တွေချည်းပါပဲ။ သည်လို ဒဏ်ပေါင်းမျိုးစုံ ရင်ဆိုင်ခဲ့ရပေမဲ့ ကျွန်တော်တို့ စိတ်မပျက်ခဲ့ပါဖူး။ မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ခိုင်မြဲတဲ့ ဇွဲသတ္တိ အပြည့် ရှိပါတယ်။ ဒါပေမဲ့ မဖြစ်မနေ လူသုံးယောက် စာရင်းပေးပါလို့ တောင်းလာခဲ့တဲ့ အခါမှာတော့ ကျွန်တော်တို့ စိတ်တွေ ညှိးချုံးခဲ့ကြပါတော့တယ်။

ဒီဇာတ်ကား ဖြစ်မြောက်ဖို့ ကျွန်တော်တို့ တခြား ဘာမှမလုပ်ဘဲ နှစ်နှစ်လုံးလုံး ငုတ်တုပ်ထိုင် နေခဲ့တာ အတွက် ဆုလာဘ်က ဒါတဲ့လား။ မိသားစုအတွက် အချိန်မပေးဘဲ၊ စီးပွားရေး ဘာတစ်ခုမှ မလုပ်နိုင်ဘဲ ဒီဇာတ်ကားထဲမှာပဲ လုံးဝ မြုပ်နှံထားလိုက်ခဲ့တာ အတွက် ရရှိခဲ့တဲ့ အဖြေက ဒါပဲတဲ့လား။

ကျွန်တော်တို့ တစ်ဖွဲ့သားလုံး ဘာအဖြေမှ ပြန်မပေးနိုင်လောက်အောင် ကြေကွဲခဲ့ကြပါတယ်။ ဒါနဲ့ပဲ ကျွန်တော်တို့ ကိုယ်တိုင် ဘာမှ မဆုံးဖြတ်ပါရစေနဲ့၊ ဒေါ်အောင်ဆန်းစုကြည် ကြိုက်သလိုသာ ဆုံးဖြတ်ပါဆိုပြီး ဖြေလိုက် ရပါတော့တယ်။

အရင်တုန်းက အန်တီ့ဆီ သွားရင် တပြုံတမကြီး ဖြစ်ခဲ့ပေမဲ့ သည်တစ်ခါမှာတော့ ခုနှစ်ယောက်ထဲပဲ သွားကြပါတော့တယ်။ ပြန်ရလာတဲ့ အဖြေကတော့ ဒါရိုက်တာ တာဝန်ခံ မင်းထင်ကိုကိုကြီး၊ ထုတ်လုပ်မှု တာဝန်ခံ အိအိခိုင်နဲ့ ဇာတ်ညွှန်း တာဝန်ခံ ကိုမော်လင်းဆိုပြီး တာဝန်ပေးတာ ခံလိုက်ကြ ရပါတယ်။ အန်တီ့ဆီကို မသွားခင်တုန်းကတော့ တစ်ဖွဲ့လုံး သဘောတူ ဆုံးဖြတ်ထားခဲ့ကြတာက တစ်ဖွဲ့လုံးကို တာဝန်မပေးပဲ သုံးယောက်ထဲကိုပဲ ရွေးချယ်ခဲ့ရင် လက်မခံဘဲ ငြင်းခဲ့ကြဖို့ပါ။ ဖြစ်ချင်တော့ အန်တီ ပြောတာကိုသာ နားထောင်ခဲ့ရပြီး တစ်ခွန်းမှ ပြန်ပြောခွင့် မရခဲ့ကြပါဖူးတဲ့။

ဒါကိုမသိတဲ့ လူတစ်ချို့ကတော့ တကဲ့ပဂေး ဒါရိုက်တာတွေ ဖြစ်တဲ့ မောင်မျိုးမင်း၊ ၀ိုင်းတို့ကို ဘာလို့ တာဝန် မပေးတာလဲ၊ ပြီးတော့ ဇာတ်ညွှန်း တာဝန်ခံကို ရုပ်ရှင်နဲ့ တစ်စက်မှ မရင်းနှီးတဲ့ ကိုမော်လင်းကို တာဝန်ပေးတာ ဘာကြောင့်လဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးလို့လားဆိုတဲ့ မေးခွန်းတွေကို ကျွန်တော်တို့ ဖြေနိုင်စွမ်း မရှိခဲ့ပါဖူး။ တစ်ခါ ဘာဆက်လုပ်ရမှန်းလဲ မသိတော့ပါဖူး။ သူတို့ သုံးယောက်ကို ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ လက်ထဲ ထိုးအပ်လိုက်ဖို့သာ ရှိတော့တာပေါ့။ ဒီလိုနဲ့ ၂၀၁၄ ခုနှစ်ရဲ့ နှစ်အစပိုင်းမှာပဲ ကျွန်တော်တို့ ရုပ်ရှင် ရုံးခန်းကြီး ခြောက်ကပ် သွားပါတော့တယ်။ အဆိုးဆုံးကတော့ ကျွန်တော်တို့ရဲ့ ပြဿ          နာတွေကို မသိနိုင်တဲ့ မြန်မာပြည်သူ အများစုက ဗိုလ်ချုပ်အောင်ဆန်းတော့ ဒုတိယ အကြိမ် အလုပ်ကြံခံရချေပြီလို့ ဝေဖန်ခံရ တော့တာပါပဲ။

(ဆက်ပါမည်)
ဇာဂနာ
http://www.tomorrow.com.mm/?q=articles/1570

No comments:

Post a Comment