Written by ဟိန်းကိုစိုး
ရန်ကုန် (မဇ္ဈိမ)။ ။ မည်သည့်ပါတီမျှ မဝင်ရောက်ထားသည့် အငြိမ်းစား
တပ်မတော်အရာရှိများကို ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး
ပါတီဝင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ကြံ့ခိုင်ရေး ပါတီဝင်အချို့က
ကမ်းလှမ်းစည်းရုံးနေသည်ဟု အမည်မဖေါ်လိုသူ အငြိမ်းစား ဗိုလ်ချုပ်တစ်ဦးက
မဇ္ဈိမကို ပြောသည်။
"တပ်ထဲမှာ တာဝန်ထမ်းဆောင်ရင်းသိတဲ့ သူငယ်ချင်းတွေက ခေါ်တာ၊ အချိန်ပို၊ အချိန်ပေးနိုင်ရင်တော့ ပြည်နယ် အဆင့်လောက်မှာဝင်မယ်၊ အခုထိတော့ လုံးဝမဆုံးဖြတ်ရသေးဘူး၊ မေလအတွင်းအပြီး ဆုံးဖြတ်မှာ" ဟု အမည်မဖေါ်လိုသည့် အငြိမ်းစား ဗိုလ်ချုပ်က ဆိုသည်။
လတ်တလောတွင် ကြံ့ခိုင်ရေး ပါတီဝင်အဖြစ် ရန်ကုန်တိုင်းအတွင်းတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် သူများတွင် တပ်မတော်အရာရှိဟောင်း သုံးဦးပါဝင်နေသည်ဟု ပါတီဗဟိုကော်မတီဝင်နှင့် ရန်ကုန်တိုင်း အတွင်းရေးမှူးဖြစ် ဦးသာဝင်းက ပြောသည်။
"တပ်မတော် အငြိမ်းစား အရာရှိဟောင်း သုံးဦးလောက်ပဲ ပါပါတယ်၊ အရင်လူတွေကတော့ အကုန်ပြန်ပါမှာပါ။ အသက်ကြီး ကျန်းမာရေး မကောင်းသူတွေ၊ နားချင်သူတွေပဲ ကျန်မယ်၊ အရင်အသင်း လက်ထက်ကတည်းက ပါခဲ့သူတွေ အရွေးခံမယ့်ထဲမှာပါတယ်" ဟု ဦးသာဝင်းက ပြောသည်။
ကြံ့ခိုင်ရေးပါတီသည် သက်ဆိုင်ရာ မြို့နယ်များမှ တင်ပြလာသည့် ကိုယ်စားလှယ်လောင်းများကို ဗဟိုအဆင့်မှ ထပ်မံရွေးချယ်ကာ မည်သူ ရွေးကောက်ပွဲဝင်သင့်သည်ကို ဇွန်လအတွင်း ဆုံးဖြတ်မည်ဖြစ်သည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းအတွင်း ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်မည့် ကိုယ်စားလှယ်လောင်း များကို ရွေးချယ်ပြီးစီးကာ ဗဟိုအဆင့်သို့ တင်ပြထားပြီဖြစ်ကြောင်း အခြားပြည်နယ်တိုင်းအားလုံးတို့လည်း ၂၀၁၄ခုနှစ်အကုန်ပိုင်းတွင်ပင် တင်ပြထားပြီးဖြစ်သည်ဟု ဦးသာဝင်း က ဆိုသည်။
အငြိမ်းစားဗိုလ်ချုပ်များဖြင့် ဖွဲ့စည်းထားသည့် အခြားသော ပါတီတစ်ခုဖြစ်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကမူ ယင်းတို့၏ ပါတီဝင်များကို ထိုသို့ကမ်းလှမ်းပါက လက်မခံဟု ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးထွန်းရီက ပြောသည်။
လက်ရှိအာဏာရပါတီဖြစ်သော ကြံ့ခိုင်ရေးပါတီသည် အငြိမ်းစား တပ်မတော် အရာရှိကြီးများဖြင့် ဖွဲ့စည်းထားသကဲ့သို့ လွှတ်တော်တွင်လည်း ရွေးကောက်ခံမဟုတ်သော တပ်မတော်သား လွှတ်တော်အမတ်များ ပါဝင်နေခြင်းကြောင့် စစ်မှန်သည့် ဒီမိုကရေစီ မဖြစ်ထွန်းနိုင်ဟု ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ သောင်းထွန်းက ဆိုသည်။
"တပ်အရာရှိဟောင်းတွေ ပြန်အရွေးခံတာ လက်ခံလို့ရတယ်၊ ဒါပေမယ့် တပ်က ပြည်သူ့ဝန်ထမ်းမဖြစ်မချင်း၊ လွှတ်တော်ထဲဝင်နေသရွှေ့သာ မြန်မာ့ဒီမိုကရေစီက တင်းကျပ်ပြည့်တယ်လို့ မဆိုနိုင်ဘူး၊ တပ်က နိုင်ငံကို ချစ်လို့ရတယ်၊ ဒါပေမယ့် ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ တန်းတူ၊ ရွေးချယ်ယှဉ်ပြိုင် ဆုံဖြတ်ခံခွင့်ရှိရမယ်" ဟု ပြောသည်။
ကြံ့ခိုင်ရေးပါတီသည် ၂၀၁၀ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး ကိုယ်စားလှယ်နေရာများ၏ ၇၆ ရာခိုင်နှုန်းကို ရရှိထားပြီး အစိုးရအဖွဲ့ ဖွဲ့စည်းထားနိုင်သည့် ပါတီလည်း ဖြစ်သည်။ ပါတီ၏ လွှတ်တော် ကိုယ်စားလှယ် အများစုသည်လည်း တပ်မတော်မှ အငြိမ်းစားအရာရှိများ ဖြစ်သည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ခုနှစ် အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာ ပထမအပတ်အတွင်း ကျင်းပသွားမည်ဟုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/43332-2015-04-21-10-19-25
No comments:
Post a Comment