Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 23, 2015

ဖမ်းဆီးထားသည့် ကျောင်းသား ၃ ဦးကို ပုဒ်မ ၁၈ ဖြင့် ထပ်မံ တရားစွဲ



ဖမ်းဆီးခံ ကျောင်းသားများ စတုတ္ထအကြိမ်မြောက် ယနေ့ရုံးထုတ် မြင်ကွင်း (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)


အမျိုးသား ပညာရေး ဥပဒေပြုပြင်ရေး ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံထားရသည့် ကျောင်းသား ၃ ဦးကို ပုဒ်မ ၁၈ ဖြင့် ထပ်မံ တရားစွဲလိုက်ပြီး ဖမ်းဆီးထားသူများ အားလုံးကို လက်ပံတန်းမြို့နယ် တရားရုံး၌ စစ်ဆေးမှု ပြုနေရာမှ သာယာဝတီ တရားရုံးတွင် ပြောင်း လဲ စစ်ဆေးရန် ယနေ့အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

“ကျင့်ထုံး ဥပဒေပုဒ်မ ၂၃၄ အရ အမှု ၃ မှု တူနေရင် ၁ မှုတည်း ပေါင်းရမှာကို အခုလို အမှုပေါင်းစုံ လိုက်လုပ်နေတာက မဟုတ် တော့ ဘူး။ တမြို့နယ်စီမှာ အမှု လိုက်ဖွင့်နေတာက တရားစီရင်ရေး မမြောက်ဘူး။ တရားစွဲ ခံထားရတဲ့သူတွေလည်း လူ့အခွင့်အရေး ချိုးဖောက်ခံနေရသလို ဖြစ်နေပြီ”ဟု ကျောင်းသားများအား ကူညီဆောင်ရွက်နေသည့် ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြော သည်။
ဖမ်းဆီးခံထားရသည့် ကျောင်းသားခေါင်းဆောင် ကိုနန္ဒစစ်အောင်နှင့် မဖြိုးဖြိုးအောင် တို့ကို ဗိုလ်တထောင်မြို့နယ် ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် လည်းကောင်း၊ ပန်းပဲတန်းမြို့နယ် ရဲစခန်းက မဖြိုးဖြိုးအောင်နှင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ကျောင်းသား ကိုဖြိုးဓန တို့ကို ပုဒ်မ ၁၈ ဖြင့် လည်းကောင်း ဧပြီ ၂၂ ရက် က ထပ်မံ တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်ဟု လည်း ၎င်းက ဆိုသည်။
ယနေ့ လက်ပံတန်း တရားရုံး၌ ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် ရုံးချိန်း၌ ဖမ်းဆီးခံထားရသည့် ကျောင်းသား နှင့် ၀န်းရံသူ ၇၀ ၊ အာမခံ ရရှိထားသူ ၁၁ ဦး၊ စုစုပေါင်း ၈၁ ဦး၏ အမှုများကို လာမည့် ဧပြီ ၃၀ ရက်မှ စတင်ပြီး သာယာဝတီ တရားရုံးတွင် ပြောင်းလဲ စစ်ဆေးရန် တရားသူကြီးက အမိန့် ချမှတ်လိုက်သည်။
“ရုံးပြောင်းတာကတော့ လုံခြုံရေး အရလို့ သူတို့ဘက်က ပြောကြတယ်။ အခုထိတော့ ရုံးချိန်းတွေပဲ ရှိဦးမယ်။ အဓိကကျတဲ့ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးကို မပြင်ဆင်ဘဲ ဒီလိုလုပ်နေရင်တော့ ဒီကိစ္စတွေက ဆက်ဖြစ်နေမှာပဲ။ ထောင်တွေလည်း ဆန့်တော့မှာ မဟုတ်ဘူး”ဟု ဦးရောဘတ်စန်းအောင် က ပြောသည်။
ဆန္ဒပြ ကျောင်းသားခေါင်းဆောင်များ ဖြစ်သည့် ကိုကျော်ကိုကို၊ ကိုမြတ်သူအောင်နှင့် ကိုရဲရင့်ကျော်တို့ကို ဖမ်းဆီးရန် စောင့်ဆိုင်း နေ သည့်အတွက် တရားရုံးက စွပ်စွဲချက်များသာ တင်ထားပြီး ရုံးထုတ်စစ်ဆေးမှုများ မပြုလုပ်သေးကြောင်း ဖမ်းဆီးခံ ကျောင်းသားများ၏ ရှေ့နေများက ပြောဆိုသည်။
ဖမ်းဆီးခံကျောင်းသား တဦးဖြစ်သည့် ကိုဖြိုးဓန က“၄ ရက်နေ့တုန်းက ဆန္ဒပြမှုနဲ့ ကျနော့်ကိုထပ်ပြီးတရားစွဲတယ် ပြောတာပဲ။ လက် ပံတန်းမှာ စွဲထားတဲ့ အမှုတွေဆိုရင် မဟုတ်မဟတ်တဲ့ အမှုတွေနဲ့ ဆွဲထားတာပဲ။ တရားစွဲချင်တဲ့သူတွေ စွဲသလိုကို ဖြစ်နေတာ၊ ဥပဒေ တခုကို လုပ်ချင်သလို လုပ်နေတာ”ဟု ယနေ့ရုံးချိန်း အပြီးတွင် မီဒီယာများကို ပြောသည်။
ယနေ့ လက်ပံတန်းတရားရုံးတွင် ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် ရုံးချိန်းတွင် ကျောင်းသားမိဘများနှင့် ဝန်းရံပြည်သူများက “မတရား ဖမ်းဆီးခံရသည့် ကျောင်းသားများကို လွတ်မြောက်မှုပေး”ဟု ရေးထားသည့် စာတန်းပါ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဖမ်းဆီးခံထားရသည့် ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို ချက်ချင်းလွှတ်ရန် တောင်းဆိုကြပြီး ခွပ်ဒေါင်းအလံကို လွှင့်ထူခဲ့ကြ သည်။
ဖမ်းဆီးခံထားရသူများသည် သာယာဝတီ အကျဉ်းထောင်ထဲတွင် ရေမသန့်ရှင်းမှု ပြဿနာနှင့် အိပ်ချိန်တွင် ခြင်ထောင် ထောင်ခွင့်မပြု သည့် အခက်အခဲတချို့ကို ကြုံတွေ့နေရသည်ဟုလည်း ပြောဆိုကြသည်။
ဖမ်းဆီးခံရသော ကျောင်းသားကျောင်းသူ ၇၀ ကို ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေး၌ ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့်ပေးပြီး နောက် ဆက်လက် ပါဝင်နေမှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ် ဖြစ်စေမှု ပုဒ်မ ၁၄၇၊ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းကို နာကျင်စေမှု ပုဒ်မ ၃၃၂ နှင့် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲဆိုခြင်း ခံထားကြရသည်။
အာမခံ ရရှိထားသည့် ကျောင်းသား ဝင့်ထည်ကောင်းမြတ် အပါအဝင် ၁၁ ဦးကို ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့်ပေးပြီးနောက် ဆက်လက်ပါဝင်နေမှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ် ဖြစ်စေမှု ပုဒ်မ ၁၄၇ တို့ဖြင့် လက်ရှိအချိန်၌ တရားစွဲဆိုထားကြောင်း သိရသည်။

No comments:

Post a Comment