Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 24, 2015

သိုက်ဆက်နန်းဆက် ကလေးနှစ်ယောက် အလှူအတွက် ရတက်မအေးနိုင်ဖြစ်ရတဲ့ မလ၀န်းကြည်ဖြူ


 အလှူအတန်းများစွာတွေ့မြင်ခဲ့ဖူးသော်လည်း ယခုတွေ့ရှိခဲ့သည့်အလှူမှာ လွန်စွာထူးခြားသည်။ ထူးခြားသည်ဆိုသည်မှာ ယခုအလှူသည် သိုက်နန်းရှင်ကလေး နှစ်ယောက်ကိုယ်စား လှူတန်းသောအလှူ ဖြစ်သည်။ အစ်မတော်ရှမ်းမလေးနှင့် မောင်တော်ချက်ဖောင်းအတွက် ရည်စူးလျက် အလှူပြုလုပ်ပေးသူမှာ အသက် ၂၃ နှစ်အရွယ် မလ၀န်းကြည်ဖြူ ဖြစ်သည်။
မလ၀န်းကြည်ဖြူသည် ရှမ်းမလေးနှင့်ချက်ဖောင်းတို့ ၂ ဦးကို သက်ရှိကလေး ၂ ယောက်ကဲ့သို့ပင် ပြုစုစောင့်ရှောက်ပေးလာခဲ့သည်မှာ ၂၀၁၂ ခုနှစ်ကတည်းက ဖြစ်သည်။

“ညီမ ဒီကလေးနှစ်ယောက်ကို ၂၀၁၂ ထဲကခေါ်ပြီး ပင့်ဆောင်ထားတာပါ။ အိမ်မှာ ကလေးတယောက်လိုလည်း ဝေယျာဝစ္စတွေ လုပ်ပေးပါတယ်။ အကျိုးဆက်အကြောင်းဆက် အမှီသဟဲပြုနေကြတော့ ယုံကြည်ပြီး ပြုစုစောင့်ရှောက်ထား ပါတယ်”ဟု မလ၀န်းကြည်ဖြူက ပြောသည်။ မန္တလေး ရွှေစာရံဘုရား၊ ပဲခူး ဒေးစွန်ပါစေတီတော်မြတ်နှင့် သင်္ဃန်းကျွန်း မြစာရံအေးစေတီတော်တို့တွင် အဆိုပါ ကလေးနှစ်ယောက်၏ နန်းတိုင်များရှိကြောင်းလည်း မလ၀န်းကြည်ဖြူက ပြောသည်။

“သူတို့ ၂ ယောက်ကို ကစားကွင်းတို့၊ ဘာတို့လိုက်ပို့တယ်။ ပြီးခဲ့တဲ့ သင်္ကြန်ကလည်း သူတို့ကိုရေပက်ခံလိုက်ပို့တယ်။ အကြီးမလေးက ၁၃ နှစ်နဲ့ အငယ်လေးက ၂ နှစ်။ အကြီးမလေးက ခုဆို ကျွန်မနဲ့ စကားတောင်ပြောနေပြီ”ဟု မလ၀န်းကြည်ဖြူ က ပြောသည်။ ကလေးများ၏ အသက်အရွယ်များကို အိပ်မက်အရ ဆက်သွယ်မှုမှတဆင့် သိရှိခြင်းဖြစ်ကြောင်း မလ၀န်းကြည်ဖြူ က ပြောသည်။
လောကီရေးရာကိစ္စရပ်များတွင် ကလေးငယ် ၂ ဦးထံမှ အကူအညီရလိုသူများ မလ၀န်းကြည်ဖြူမှတဆင့် ချဉ်းကပ် အကူအညီတောင်းခံလေ့ရှိသည်ဟု သူမက ပြောသည်။
“ညီမက ပိုက်ဆံလုံးဝ မကိုင်ဘူး။ သူတို့လိုချင်တဲ့ အကူအညီ အထမြောက် အောင်မြင်သွားရင် သူတို့ စေတနာရှိသလောက် ကလေး ၂ ယောက် ကိုရည်စူးပြီး အလှူအတန်းလုပ်လို့ရတယ်။ ဥပမာ ရပ်ကွက်ထဲက ကလေးတွေကို မုန့်ဝေတာ၊ အရုပ်ဝေတာမျိုးလည်း လုပ်လို့ရတယ်။”ဟု ယင်းက ပြောသည်။

ဧပြီလ (၇)ရက်နေ့က သင်္ဃန်းကျွန်း မြို့နယ်တွင်းရှိ မြစာရံအေးစေတီတော်တွင် ရှမ်းမလေးနှင့်ချက်ဖောင်းတို့ ၂ ယောက်အတွက် အလှူအတန်းပြုလိုကြောင်း မြစာရံအေးစေတီတော်ဘုရားဂေါပကအား သွားရောက်ပြောဆိုခဲ့ရာ ဂေါပကက ကျင်းပခွင့်မပြုခဲ့ဟု ဆိုသည်။ ထိုသို့ခွင့်မပြုသဖြင့် သံဃနာယကသို့ တင်ပြလျှောက်ထားရာ သင်္ဃန်းကျွန်းမြို့နယ် မဟနဥက္ကဋ္ဌ ဆရာတော်ဦးစန္ဒိမာကခွင့်ပြုသဖြင့် ကျင်းပခွင့်ခဲ့ရသည်ဟု လ၀န်းကြည်ဖြူက ပြောသည်။

“ညီမတို့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ(၂၅)တုန်းက အလှူတကြိမ် လုပ်ခဲ့ဖူးပါတယ်။ အယုတ်အလတ် အမြတ်မရွေး ထမင်းလှူဒါန်းခဲ့တယ်။ ကလေးတွေကိုလည်း အရုပ်နဲ့မုန့်တွေ ပေးဝေလှူဒါန်းခဲ့ပါတယ်။ ဖိတ်စာ ၄၀၀ ကို ဂေါပကလက်ထဲထည့်ပြီး ဖိတ်စာထဲတွင် လှူဖွယ်ကုန်သည်ထိလို့ရေးသားထားခဲ့ပါသည်။ ကိုယ့် ဒေသလည်းမဟုတ်တဲ့အတွက် ဘယ်လောက်ကုန်မယ်မသိလို့ အဲလိုရေးခဲ့ပါတယ်။ ညီမရဲ့လှူဖွယ်မကုန်ခင် နောက် အလှူရှင်တဦးကတက်လာပြီး ရင်ပြင်ပေါ်က ဖယ်ရှားပေးဖို့ ပြောပါတယ်။ အဲဒီမှာ ဂေါပကနဲ့ ညီမတို့ပုထုဇဉ်အနေနဲ့ ဒေါသထွက်မိပြောဆိုမိတယ်ပေါ့။ ဘုရားဂေါပက လူကြီးနဲ့ ညီမတို့ အတိမ်းအစောင်းလေးတွေဖြစ်ခဲ့ကြပါတယ်။ အလှူပွဲမပြီးမြောက်ခင် ဖယ်ရှားပေးခဲ့ရပါတယ်”ဟု ယင်းက ပြောသည်။ အဆိုပါအလှူပွဲကို နံနက် ၉ နာရီမှ နေ့လယ် ၁ နာရီခန့်အထိ ကျင်းပခဲ့ရသည်ဟုဆိုသည်။

“ဧပြီ (၇)ရက်လုပ်မည့်အလှူအတွက်သွားပြောတဲ့အခါ ပထမတခေါက်ကဖြစ်ခဲ့တာကို စိတ်ထဲမှာ ဘယ်လို သတ်မှတ်ထားလဲမသိဘူး။ ထွက်လည်း မတွေ့ဘူး။ ညီမအနေနဲ့ ခိုင်မာတဲ့ အကြောင်းပြချက် မသိခဲ့ရပါဘူး။ ညီမ သံဃနာယက ဘုန်းဘုန်းတွေဆီ လျှောက်လွှာသွားတင်ခဲ့ပါတယ်။ ခွင့်ပြုချက်ရတာနဲ့ ဂေါပကကိုသွားပြောတော့ သူက ပြောပိုင်ခွင့်မရှိတဲ့ အတွက်လုပ်ပါ။ သူအားမပေးဘူးလို့ပြော ပါတယ်”ဟု မလ၀န်းကြည်ဖြူက ပြောသည်။

မြစာရံအေးဘုရားသည် လက်ရှိတွင် စစ်တပ်ပိုင်မြေဟု သတ်မှတ်ထားသော်လည်း မိကျောင်းကန်သပိတ်သမားများက ဘိုးဘွားပိုင်မြေဟုဆိုကာ ရက်ရှည်သပိတ်မှောက်တောင်းဆိုမှုများပြုနေသည့် သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း(၁) ရပ်ကွက်တွင် တည်ရှိသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဂေါပက ဦးစိန်မင်းအားမေးမြန်းရာ “လူတကာလာတာပြောတာတွေကို ယုံလို့မဖြစ်ဘူး။ သူတို့ကလည်း ဟိုဝိဇ္ဇာက ဘာပြောတယ် ဘာညာပြောမှာလေ။ ကျွန်တော်ကလည်း သူတို့ပြောတာတွေ သိနိုင်အောင် ကျင့်ထားရတယ်။ အဲလိုကျင့်ထားမှ (၇)ရက်သားသမီး လာပြောမယ့်ဟာကို မိမိဉာဏ်နဲ့ဆုံးဖြတ်နိုင်မှာ။ ကျွန်တော် ဒီပွဲနဲ့ပတ်သက်ပြီး လုံးဝမပြောပါဘူး”ဟု ပြောသည်။

ဧပြီ(၇)ရက်နေ့တွင် မဟန၏ခွင့်ပြုချက်ဖြင့် ကျင်းပခွင့်ရခဲ့ပြီး အလှူသို့လာရောက်မည့်ကလေးများအတွက် အရုပ် (၂၀၀)နှင့် စားသောက်ဖွယ်ရာများ ပေးဝေလှူဒါန်းရန် စီစဉ်ခဲ့ကြသော်လည်း မြစာရံအေးဘုရားနားသို့ တစုံတယောက်၏ အမိန့်ကြောင့် မည်သူမှ ရောက်မလာခဲ့ကြကြောင်း မလ၀န်းကြည်ဖြူနှင့် မိခင် ဖြစ်သူတို့ကပြောသည်။ ယင်းကြောင့် လှူဖွယ် ကြက်သားပလာတာ၊ သာကူနှင့် ကစားစရာများအား ပဲခူးတိုင်း ဒေးစွန်ပါ စေတီတော်မြတ်သို့ နေ့တွင်းချင်း သွားရောက်လှူဒါန်းခဲ့ရကြောင်း မလ၀န်းကြည် ဖြူကပြောသည်။

“ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ ဘုရားပေါ်မှာ စတုဒိသာအလှူလုပ်တာကို ဘာကြောင့် နှောင့်ယှက်ချင်ရတာလဲ။ ညီမတို့ အလှူရှင်တယောက်အနေနဲ့ တော်တော်ခံစားရပါတယ်။ ကုသိုလ်လိုချင် လို့လုပ်တာ သူနဲ့ကိုယ်နဲ့ အကုသိုလ်တွေ ဖြစ်ကုန်တာပေါ့။ စိတ်မကောင်း ဖြစ်ရတယ်။”ဟု မလ၀န်းကြည်ဖြူ က သူမ၏ ခံစားချက်ကို ပြောပြသည်။

ဣန္ဒနီလာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment