Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 3, 2015

Airbus ကုမ္ပဏီက လေယာဉ်စီးခရီးသည်များ အသုံးပြုနိုင်မည့် ကွန်ပျူတာဖန်သားပြင်ပါ ပြတင်းပေါက်များကို တပ်ဆင်ရန် မူပိုင်ခွင့်တင်





Airbus လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီက လေယာဉ် ထုတ်လုပ်ရေးတွင် တိုးတက်မှုကြီး တစ်ခု ဖြစ်လာစေမည့် လိုက်ပါ စီးနင်းသူများ အတွက် ကွန်ပျူတာ ဖန်သားပြင် ပါသော ပြတင်းပေါက် များကို လေယာဉ်သစ် များ၌ တပ်ဆင်သွား နိုင်ရန် အမေရိကန် နိုင်ငံ၌ မူပိုင်ခွင့် လျှောက်ထား ကြောင်း သိရသည်။

Airbus ကုမ္ပဏီက အဆိုပါ ကွန်ပျူတာ ဖန်သားပြင် ပေါ်၌ ၄င်းတို့၏ ခရီးသည်များ သွားရောက်မည့် နေရာဒေသများမှ မြင်ကွင်းများနှင့် လည်ပတ်စရာ နေရာများကို လေယာဉ်ပေါ်တွင် ပြသ၍ မိတ်ဆက်ပေး နိုင်ရန် ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် ပြင်သစ်နိုင်ငံ၊ ပါရီမြို့သို့ လေယာဉ်ဖြင့် ပျံသန်းနေသော ခရီးသည် တစ်ဦးက အီဖဲလ် မျှော်စင် ကဲ့သို့ ပါရီ၏ အရေးပါသော နေရာများကို လေယာဉ်ပေါ်မှ ကြိုတင်လေ့လာ ထားနိုင်မည် ဖြစ်သည်။ ခရီးသည် များက ၄င်းတို့၏ ဖန်သားပြင်ကို အသုံးမပြု လိုသောအခါ များတွင် သာမန် လေယာဉ် ပြတင်းပေါက် ကဲ့သို့ အပြင်ကို ဖောက်ထွင်း တွေ့မြင်နိုင်ရန် ပြောင်းလဲ နိုင်သည်။

Airbus သည် ၄င်း နည်းပညာကို လေယာဉ် ပြတင်းပေါက် များတွင် တပ်ဆင်နိုင်ရန် ကြိုးပမ်းနေသည့် အပြင် လေယာဉ်၏ အမိုးတွင်ပါ ဖောက်ထွင်း မြင်ရသော ဖန်သားပြင်များ တပ်ဆင် နိုင်ရန်လည်း စမ်းသပ်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေရန် အတွက်လည်း Airbus ၏ လေယာဉ်များမှာ စွမ်းအင်ရရှိ နိုင်ရန် အဆင့်မြင့် နည်းပညာများ အသုံးပြုပြီး ဆန်းပြားသော ပုံစံရှိ သည့် လေယာဉ်ကို 3D ပုံနှိပ် နည်းပညာဖြင့် ထုတ်လုပ် ထားကာ ကုန်ပစ္စည်း ကုန်ကျမှုကို လျှော့ချ သွားမည် ဖြစ်သည်။ ခရီးသည် တင်ဆောင်ခန်းရှိ အသုံးအဆောင် ပစ္စည်းများကို လျှပ်စစ်မီး ပေးနိုင်ရန် အတွက် ခရီးသည် ထိုင်ခုံများက ခရီးသည် တို့၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်သော ကိုယ်အပူချိန်ကို စုပ်ယူ၍ လျှပ်စစ်စွမ်းအင်သို့ ပြောင်းလဲ ပေးနိုင်မည် ဖြစ်သည်။ Airbus သည် လေယာဉ်စီး နေသော ခရီးသည် များက ဘေးပတ်လည် တွေ့မြင် စေနိုင်ရန် လေယာဉ်၏ အမိုးထိ ရောက်သော ပြတင်းပေါက် များကို ယခင်နှစ်များ ကတည်းက ပုံစံရေးဆွဲ ခဲ့ကြောင်း သိရသည်။

ပုံစံ ရေးဆွဲထားသည့် Airbus လေယာဉ်၏ ဘေးနံရံများမှာ လေအပူချိန်ကို ထိန်းချုပ် ပေးနိုင်မည် ဖြစ်ပြီး အထက် ဖော်ပြပါ အတိုင်း ခရီးသည်များ ဘေးပတ်လည်ရှိ မြင်ကွင်းများကို ကြည့်ရှုနိုင်ရန် ဖောက်ထွင်း မြင်နိုင်သော ဖန်သားပြင် တစ်ခုသို့လည်း ပြောင်းလဲ နိုင်စွမ်း ရှိသည်။ ခရီးသည် အုပ်စုများကို ခွဲခြား သတ်မှတ်ရာတွင် အပန်းဖြေသည့် အဖွဲ့ကို လေယာဉ်၏ ရှေ့တွင် လည်းကောင်း၊ အလုပ်အတွက် စီးနင်းနေသည့် အဖွဲ့ကို လေယာဉ်၏ နောက်ပိုင်းတွင် လည်းကောင်း ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

#PyiChitThar
 
 

No comments:

Post a Comment