ဆီးရီးယားနိုင်ငံရှိ အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ နှင့်အတူ ပူးပေါင်း၍ တိုက်ပွဲဝင်ရန် အတွက် လူသစ် စုဆောင်းပြီး ငွေကြေး ထောက်ပံ့မှုများ လုပ်ဆောင် နေသည်ဟု ယူဆရသူ ၁၄ ဦးကို ဆားဘီးယားနှင့် အယ်လ်ဘေးနီးယား နိုင်ငံတို့က တရားစွဲဆို ထားကြောင်း သိရသည်။
အဆိုပါ ၁၄ ဦးအနက် ငါးဦးကို ဆီးရီးယား နိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်ရန် လူသစ်များ စုဆောင်း၍ ငွေကြေး ထောက်ပံ့မှုများ လုပ်ဆောင် ခဲ့မှုဖြင့် တရားစွဲဆို ခဲ့ပြီးနောက် မတ် ၁၈ ရက်တွင် ဆားဘီးယား နိုင်ငံရှိ တရားရုံး တစ်ခု၌ ပထမဆုံး အကြိမ် အမှုကြားနာ ခဲ့ကြောင်း သိရသည်။
ထို့ပြင် ၄င်းတို့ ငါးဦးသည် ဆီးရီးယားရှိ အကြမ်းဖက် လေ့ကျင့်ရေး စခန်းများအတွက် အခြားနိုင်ငံများမှ လူသစ်များ အပါအဝင် ဆားဘီးယား နိုင်ငံသားများကို စုဆောင်း ပြီးနောက် ပဋိပက္ခ ဖြစ်ပွားနေသည့် နယ်မြေများသို့ ISIS အဖွဲ့နှင့်အတူ တိုက်ပွဲဝင်ရန် ပို့ဆောင်ခဲ့ကြောင်း ဆားဘီးယား အစိုးရရှေ့နေ တစ်ဦးက ပြောကြားသည်။
တစ်ချိန်တည်း မှာပင် ကျန်ကိုးဦး ကိုလည်း ဆီးရီးယား နိုင်ငံသို့ သွားရောက်ရန် လူသစ် ၇ဝ ကျော်ခန့်ကို စုဆောင်း ခဲ့မှုဖြင့် တရားစွဲဆို၍ အယ်လ်ဘေးနီးယား တရားရုံး တစ်ခုတွင် အမှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
#PyiChitThar

No comments:
Post a Comment