Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 12, 2015

လက်ပတ်နီဝတ် အရပ်သားသတင်းကိုလိုက်သော သတင်းထောက် ရိုက်နှက်ခံရ


 ကျောင်းသားသပိတ်ကို လက်ပံတန်း၌အကြမ်းဖက်ဖြိုခွင်းခံရမှုနောက် သတင်းထောက်တစ်ဦး သာယာဝတီ ထောင်၌ ဖမ်းဆီးခံထားရစဉ်အတွင်း မတ် ၁၁ရက်တွင်နောက် ထပ်သတင်းထောက်တစ်ဦးကို လက်ပတ်နီဝတ် အရပ်သားများက ဖြားယောင်းခေါ်ဆောင်ကာ တံခါးပိတ်ရိုက်နှက်ခြင်း၊ ပစ္စည်း အဓမ္မယူငင်ခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
လက်ပတ်နီထံမှ သတင်း သွားယူသူ သတင်းထောက်တစ်ဦးကို ယင်းလက်ပတ်နီ၏ အ ပေါင်းအပါများက ကိုယ်ထိလက်ရောက်ရိုက်နှက်ခဲ့ပြီး အသံဖမ်းစက်ကိုပါ အဓမ္မယူငင်သွားသည်ဟု ပေါ်ပြူလာသတင်းဂျာနယ်က အတည်ပြုသတင်းထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင်  ‘‘ထိုအခါ ၎င်းတို့အားလုံးက လက်ဖက်ရည်ဆိုင်တွင်ပြော၍ မရကြောင်း၊ ၎င်းတို့နှင့်လိုက်ခဲ့ရန် ခေါ်သဖြင့် နေအိမ်တစ်အိမ်သို့ လိုက်သွားခဲ့ရာ အိမ်ထဲအရောက်တွင် ထပ်မံရောက်လာသူနှစ်ဦးအနက် တစ်ဦးက အိမ်တံခါးပိတ်၍ အခြားတစ်ဦးက ကိုအောင်ဇော်ထူးအား နားထင် တစ်ချက်၊ ဇက်ပိုးတစ်ချက် ရိုက်လေသည်။ ထို့နောက်‘‘မင်းတို့က ငါတို့ကို ကူညီမယ့်ကောင်တွေမဟုတ်ဘူး။ မီးမွှေးမယ့်ကောင်တွေ။ မင်းတို့ကို ဘယ်လိုယုံရမလဲ’’ဟုပြော၍ ကျန်တစ်ဦးမှာ ကျောပိုးအိတ်ကိုဆွဲယူ မွှေနှောက်ရှာဖွေ၍ အတွင်းမှ အသံဖမ်းစက်နှင့် ဖုန်းကိုယူကာ ဖုန်းတွင်းမှ ဆော့ဖ်ဝဲအချို့ကို ဖျက်ပစ်ပြီး ဖုန်းကိုပြန်ပေးသော်လည်း အသံဖမ်းစက်ကိုမူ ပြန်မပေးတော့ဘဲ ယူထားလိုက်ကာ ပြန်လွှတ်လိုက်ကြောင်းသိရသည်’’ ဟုပါရှိသည်။
‘‘အခုဟာက သင်ခန်းစာပဲ။ သာမန်လူတွေနဲ့ တွေ့ဆုံမေးမြန်း ရာမှာ ကိစ္စမရှိပေမယ့် ခုလိုလက်ပတ်နီလို လူစားမျိုးတွေနဲ့ တွေ့ တော့မယ်ဆိုရင်တော့ အနည်းဆုံး နှစ်ယောက်လွှတ်ရမယ်။ ပြီးတော့ သူတို့ခေါ်တဲ့နေရာတိုင်းကို လိုက်မသွားဘဲ အများသူငါ မြင်ကွင်းမှာပဲ တွေ့ရမယ်။ ပြီးတော့ မူလဆုံရပ်ကနေ နောက်ထပ်နေရာ ပြောင်းတော့မယ်ဆိုရင် သတင်းထောက်က သူ့အထက်အယ်ဒီတာကို လိုက်သွားသင့်၊ မလိုက်သွားသင့်ပြန်ပေးရမယ်’’ ဟု ပေါ်ပြူလာသတင်းဂျာနယ် ထုတ်ဝေသည့် Asian Fame Media Group မှ တည်းဖြတ်မှုနှင့် နည်းပညာဆိုင်ရာဒါရိုက်တာ ဦးဖိုးနိုင်လင်းက ပြောသည်။
‘‘အခုက ဖြစ်နိုင်တာတွေအများကြီး။ တစ်ခုနဲ့တစ်ခုအားလုံး ဆက်စပ်နေတယ်။ အကြမ်းဖက်သူတွေကို မီဒီယာက မှတ်တမ်းတင်ဖွင့်ချတယ်။ အဲဒါဆို သူတို့ကလည်းနိုင်တဲ့ခါမှာလုပ်မှာပဲ။ ရဲကလည်း လုပ်မှာပဲ။ တခြားဟာထက် သူတို့လုပ်ရပ်ကို မှတ်တမ်းတင်တဲ့ သူတွေကို ရန်ပြုမှာပဲ။ မီဒီယာကို ပြန်ပြီးပစ်မှတ်ထားနေတယ်။ အခုက အရေးတကြီးပိုပြီး သတိထားဖို့လိုနေတယ်။ ရဲကလည်း ရဲမို့လို့။ အခုစွမ်းအားရှင်ပဲပြောပြော လူမိုက်တွေက မီဒီယာကြောင့် သူတို့ လုပ်ရပ်တွေပေါ်ပြီး သူတို့အကျိုးယုတ်မှာစိုးလို့ ရန်ပြုမှာပဲ’’ဟု မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာ ယီ)မှ သတင်းစာဆရာ ဦးမြင့် ကျော်ကပြောသည်။
သတင်းထောက်များအနေ ဖြင့် လုပ်ဖော်ကိုင်ဖက်အဖော်များ နှင့် သွားလာသတင်းလိုက်ရန်၊ သတိထားရန်ပိုလိုအပ်လာနေသကဲ့သို့ သတင်းဌာနများအနေဖြင့်လည်း တာဝန်ယူမှုရှိရန်၊ သတင်းမြေပြင် မဆင်းမီ သတင်းထောက်အား လုံခြုံရေးဆိုင်ရာ သင်ကြားပေးရန် အစရှိသည်တို့ လိုအပ်နေကြောင်း ဦးမြင့်ကျော်ကအကြံပြုသည်။
ပေါ်ပြူလာဂျာနယ်သတင်းထောက်ဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းလင်းဖော်ပြရာ၌ ‘‘Popular News’’ ဂျာနယ်မှ သတင်းထောက် ကိုအောင်ထူးဇော်သည် မတ်လ ၅ရက် မြို့တော်ခန်းမရှေ့ဝယ် အကြမ်းဖက်ရာတွင် ပါဝင်ခဲ့သူ လက်ပတ်နီဝတ် တစ်ဦးနှင့် အဆက်အသွယ်ရရှိခဲ့ပြီး ၎င်းချိန်းဆိုရာ လှိုင်သာယာမြို့နယ်သို့ မတ် လ ၁၀ ရက် နံနက်က သွားရောက်ခဲ့သည်။ ထိုသို့သွားရောက်ရာတွင် ယင်းလက်ပတ်နီက မြို့ တော်ခန်းမရှေ့ဖြစ်ရပ်၌ ၎င်းနှင့် ပါဝင်သူနှစ်ဦးကိုပါ ခေါ်ပေးမည် ဖြစ်ကြောင်းပြောပြီး ခဏမျှအကြာတွင် ထိုသူနှစ်ဦးရောက်လာကြသည်ဟု ဖော်ပြထားသည်။
ပေါ်ပြူလာသတင်းထောက် ကိုအောင်ဇော်ထူးက မတ်လ ၁၁ ရက်တွင် လှိုင်သာယာမြို့မရဲစခန်းသို့ သွားရောက်ကာ တိုင်ကြား အမှုဖွင့်သဖြင့် ရဲစခန်းက (ပ)၃၅၂/၁၅၊ ပုဒ်မ ၃၄၂၊၃၈၄၊ ၃၂၃တို့ဖြင့် အမှုဖွင့်ပေးခဲ့သည်ဟုဆိုသည်။
မတ်လ ၁၀ရက်က လက်ပံတန်းမြို့တွင် အမျိုးသားပညာရေးဥပဒေ ဆန့်ကျင်ဆန္ဒပြသူကျောင်းသားများကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းနှိမ်နင်းမှုပြုလုပ်ခဲ့ပြီး နိုင်ငံ ပိုင်မီဒီယာ၏ ထုတ်ပြန်ချက်အရ လူပေါင်း ၁၂၇ဦးကို ဖမ်းဆီးခံခဲ့ရသည်။ ယင်းအနက် သည်ရီပိုတာ အပတ်စဉ်ဂျာနယ်မှ အကြီးတန်းသတင်းထောက် ကိုဖြိုးအောင်မြင့်လည်း ဖမ်းဆီးခံထားရသည်။ မတ် ၁၁ရက်တွင် အချို့ကို ပြန်လွှတ်ပေးသော်လည်း ၎င်းလွတ်မလာခဲ့ပေ။ ၎င်းသည် သာယာဝတီထောင်တွင် ရှိနေပြီး မတ်လ ၁၂ ရက်တွင် ပြန်လွှတ်ပေးမည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက စာနယ်ဇင်း ကောင်စီအား အကြောင်းကြားလာသည်ဟု ဆိုသည်။
http://7daydaily.com/story/33576#.VQGXIY7F-So

No comments:

Post a Comment