Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 17, 2015

အောင်တံခွန် သင်္ဘောဝန်ထမ်းများ စည်းကမ်းချိုးဖောက်ခဲ့ကြောင်း စုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ပြောကြား


Tuesday, March 17, 2015
လူပေါင်း ၆၀ အလောင်းတွေ့ရှိထားပြီး ဆယ်နှင့်ချီ ပျောက်ဆုံးနေသေးသည့် အောင်တံခွန် (၃) သင်္ဘောနစ်မြုပ်မှုမှာ သင်္ဘောသားများ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်မှုကြောင့် ဖြစ်ကြောင်း အဆိုပါ နစ်မြုပ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးကိုကိုနိုင်က ပြောကြားသည်။
သင်္ဘောတွင် ကုန်ပစ္စည်းနှင့် လူများ အဆမတန် များပြားစွာ တင်ဆောင်လာကာ အန္တရာယ်များသည့် နေရာကို ဖြတ်သန်းလာခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“မနိုင်တဲ့ဝန်ကို ထမ်းထွက်သွားသလို ဖြစ်နေတယ်။ နောင်တော်ကြီး၊ နောင်တော်ငယ်ဆိုတဲ့ မြစ်ဝဟာ ပင်လယ်ဝ။ လှိုင်းအင်မတန်ကြီးတဲ့ မြစ်ပဲ” ဟု ဦးကိုကိုနိုင်က ပြောဆိုသည်။
သင်္ဘောတွင် ရေဝင်သည်ကို မည်သည့်နေရာက ဝင်နေသည်ဟု သင်္ဘောဝန်ထမ်းများ မသိရှိခဲ့ကြောင်း၊ ခရီးသည်များ ကိုယ်တိုင် သင်္ဘောက ရေကို ခပ်ထုတ်ရသည့် အခြေအနေ ဖြစ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
သင်္ဘောမှာ နှစ်ကာလကြာမြင့်စွာ အသုံးပြုထားပြီး ဖြစ်သည့် သင်္ဘောဖြစ်ကြောင်း၊ ကုန်နှင့် လူများစွာ တင်ဆောင်လာပြီး ညအမှောင်တွင် ဖြစ်သန်းလာချိန် ရာသီဥတုဆိုးရွား၍ လှိုင်းကြီးမှုနှင့် ရင်ဆိုင်ခဲ့ရကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်းက ဆိုသည်။
“သင်္ဘောက ကျောက်ဆူးကို တည့်တည့်မောင်းနှင်တဲ့အချိန်မှာ လှိုင်းတွေ ဝင်လာတယ်။ သင်္ဘောကပ္ပတိန်ရဲ့ သောက်စားထားတယ်ဆိုတဲ့ အချက်အမျိုးမျိုးတွေ သိလာရတယ်” ဟု ၎င်းက ပြောဆိုသည်။
သင်္ဘောနစ်မြုပ်ရသည့် အကြောင်းအရင်းများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က စုံစမ်းစစ်ဆေးပြီး အဖြေရှာမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။
“ဒီသင်္ဘော ဘာကြောင့် ရေနစ်ရသလဲ ဆိုတာကို အခု အသက်ရှင် ကျန်ရစ်သူတွေကိုလည်းပဲ ကျွန်တော်တို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က မေးမြန်းပြီး တိကျတဲ့ အဖြေမှန်ကို ရအောင် ဆောင်ရွက်ရမှာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
သင်္ဘောနစ်မြုပ်မှုကြောင့် အသက်သေဆုံးခဲ့ရသူ တစ်ဦးစီအတွက် ကျပ် ၁၁ သိန်းစီ မိသားစုကို ထောက်ပံ့ပြီး အသက်ရှင်ကျန်ရစ်ခဲ့သူများကို ကျပ်လေးသိန်း ထောက်ပံ့ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။
၎င်းတို့ကို ထောက်ပံ့ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ကျပ်သိန်း ၁၅၀၊ ကျောက်ဖြူ အများပိုင်ကုမ္ပဏီက ကျပ်သိန်း ၁၀၀၊ ကမ္ဘောဇဘဏ်ခွဲ (စစ်တွေ) က ကျပ်သိန်း ၁၀၀၊ ကိုရီးယားကုမ္ပဏီက ကျပ်သိန်း ၁၀၀၊ ငွေကျားကုမ္ပဏီက ကျပ်သိန်း ၅၀၊ အေးငြိမ်းကုမ္ပဏီက ကျပ်သိန်း ၅၀၊ MCM ကုမ္ပဏီက ကျပ်သိန်း ၅၀၊ ပတ္တမြားကုမ္ပဏီက ကျပ်သိန်း ၅၀၊ ဇေယျာကုမ္ပဏီက ကျပ်သိန်း ၂၀၊ မြင့်မြတ်ဦး ကုမ္ပဏီက ၁၀ သိန်း၊ ကျောက်ဖြူမြို့နယ် စေတနာရှင်များ၊ ဦးသန်းရွှေ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်၊ အောင်မြင်ဖြိုး မျက်မှန်ဆိုင် စသည်တို့မှ အလှူငွေများနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ကျပ် ၁၃၀ ဒသမ ၅ သိန်း အပါအဝင် ကုမ္ပဏီအချို့က လှူဒါန်းငွေ စုစုပေါင်း ကျပ်သိန်း ၁၃၈၄ ဒသမ ၅ သိန်းကို ပြန်လည်လှူဒါန်းခြင်း ဖြစ်သည်။
(ခင်မောင်အေး)
The Voice Weekly
အောင်တံခွန်(၃) သင်္ဘောနစ်မြုပ်မှုကို လွတ်မြောက်လာသူ လူငယ်တစ်ဦး ပြောပြချက်
======================================
# သင်္ဘောက ကျောက်ဖြူမှာ ဆိုက်ကပ်နေစဉ်ကပင် အပေါက်။
# ဒါကို ခရီးသည်တွေက မသိဘဲ လိုက်ပါလာတာ။
# ဒီလိုနဲ့ သွားနေရင်း တစ်နေရာအရောက်မှာ လှိုင်းကကြီးလာတော့ သင်္ဘောက ပိုလူးလာတယ်။(အောင်တံခွန်သင်္ဘောမှာ နှစ်ထပ်သင်္ဘောဖြစ်သည်။ကမ်းရိုးတန်းသွားရန် မသင့်တော်ပေ။)
# သင်္ဘောမှာ ရေဝင်မှုလည်း များလာလို့ သင်္ဘောအောက်ခန်းအထိ ရေကမြုပ်လာတယ်။
# ဒါကြောင့် မလှမ်းမကမ်းမှာ မြင်နေရတဲ့ ကျွန်းတစ်ကျွန်းကို ထိုးကပ်လိုက်ဖို့ ခရီးသည်တွေက ပြောကြတယ်။
# အဲဒီကျွန်းကိုမောင်းရင် နာရီဝက်ဘဲကြာမယ်။
# ဒါပေမဲ့ သင်္ဘောက အဲဒီကျွန်းကို မမောင်းဘဲနဲ့ ပုံမှန်လမ်းကြောင်းအတိုင်းဘဲ မောင်းနေတယ်။
# ဒီလိုနဲ့ `တစ်နာရီခွဲလောက်´ကြာမှ သင်္ဘောက မြုပ်တာ။
# မမြုပ်ခင်ကပင် သင်္ဘောသားတွေက အသက်ကယ်အင်္ကျီဝတ်ထားကြပြီ။
# ခရီးသည်တွေကိုတော့ ဘာမှမပေးဘူး။
# သင်္ဘောမြုပ်တော့ သင်္ဘောသားတွေက အရင်ခုန်ဆင်းသွားကြတယ်။
# ကျွန်တော်တို့က ကြက်ဥထည့်တဲ့ ဘန်းခံတွေကို ကိုင်ပြီး ရေကူးလာကြတာ။
………………………………………………………………………………………
အထက်ပါ စာများမှာ ဓာတ်ပုံပါလူငယ်မှ ပြောပြနေတာကို ဆီလျှော်အောင် ရေးသားထားခြင်း ဖြစ်ပါသည်။ရခိုင်စကားဖြင့် ပြောပြနေတာဖြစ်သဖြင့် ကျန်တိုင်းရင်းသားများ နာလည်မည်မဟုတ်ပါ။
ဖြစ်စဉ်တွင် တစ်ဦးတစ်ယောက်မှ သေစရာမလိုဘဲ/ သင်္ဘောမမြုပ်မှီ တစ်နာရီခွဲခန့်အထိ အချိန်ရနေပါလျှက်/ နာရီဝက်ခန့်မောင်းလျှင် ရောက်မည့်ကျွန်းကို တွေ့ခဲ့ပါလျှက် ခရီးသည်များ ဤမျှအထိ အသက်ဆုံးရှုံးမှု ဖြစ်သွားခဲ့ရသည်မှာ အလိုလိုနေရင်း အသတ်ခံရသလို ဖြစ်နေပါ၏။
HA DA YA
fb wall မှ ကူးယူတင်ပြသည်

No comments:

Post a Comment