Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, March 25, 2015

တံငါရွာမှ သူရဲကောင်းငါးဦး


Byအောင်သစ်လွင်ဟိန်းသာ
Issue No.
အတွဲ (၁၄)၊ အမှတ် (၄)
အောင်တံခွန်(၃)သင်္ဘောနစ်မြုပ်စဥ် ခရီးသွားများကို ကယ်တင်ခဲ့သူငါးဦး (ဓာတ်ပုံ−အောင်သစ်လွင်)

မတ်လ ၁၃ ရက် ည ၈ နာရီခန့်။ မြေပုံမြို့နှင့်ထိစပ်နေပြီး ယင်းမြို့နှင့်ပင် စက်လှေနှစ်နာရီခန့်မောင်းမှ ရောက်ရှိနိုင်သည့် မြန်မာ့ပင်လယ်ရေပိုင်နက်အတွင်း မြောက်ကြိမ်ကျန်းဟူသော လူသူကင်းမဲ့သောကျန်းအနီး ရေလုပ်သားငါးဦး စက်လှေငါးစီးဖြင့် ငါးဖမ်းပိုက်ချနေသည်။

လှိုင်းကြီးပြီး ရေစီးသန်သောကြောင့် သင်္ဘောကြီးများ ဖြတ်လေ့မရှိသော ထိုကျန်းဘက်သို့ အောင်တံခွန် (၃) ခရီးသည်တင်သင်္ဘော မီးထိုးပြီး မောင်းဝင်လာသည်။ ၎င်းရေလုပ်သားငါးဦးနှင့် ခန့်မှန်းပေ ၁,၀၀ဝ ခန့်အကွာသို့ ရောက်နေသော ထိုသင်္ဘောကို လမ်းမှားနေကြောင်း ဓာတ်မီးဖြင့် အချက်ပြလိုက်သည်။ သို့သော် မိနစ်ပိုင်းအကြာတွင် လူပေါင်းများစွာ၏ စူးစူးဝါးဝါးအော်သံနှင့်အတူ သင်္ဘောမီးရောင်ပါ ပျောက်သွားခဲ့သည်။

‘‘စူးစူးဝါးဝါးအော်သံအကျယ်ကြီး။ ဘယ်လိုအသံမှန်း ပြောလို့မတတ်ဘူး။ ကျန်တော်တို့ ငါးဖမ်းပိုက်တွေ လက်ထဲက လှတ်ချလိုက်ပြီး လူတွေ အော်သံကြားတဲ့နေရာကို စက်လှေမောင်းပြေးတာ’’ ဟု ရခိုင်တိုင်းရင်းသားအသံဝဲဝဲဖြင့် ဦးသန်းအောင်ကပြောသည်။

အပြောကျယ်သည့် ပင်လယ်ပြင်အတွင်း မြန်မာပြက္ခဒိန်လဆုတ် ၉ ရက်ညသည် အနီးအနားက တစ်စုံတစ်ရာကိုပင် သဲသဲကွဲကွဲ မြင်နိုင်စွမ်းမရှိသည့် မှောင်နှင့်မည်းမည်းအချိန်အခါ။ ပင်လယ်ထဲတွင်တော့ ကလေးငယ်မှသည် သက်ကြီးရွယ်အိုအဆုံး ကယ်ပါယူပါဟု အော်ဟစ်ငိုကွေးနေကြသည်။ ကမ္ဘာပျက်သလို ချောက်ချားဖွယ်ကောင်းသည့် အခြေအနေတွင် ပုံစံမျိုးစုံဖြင့် အသက်လုနေကြရသည့် လူများကို ကယ်တင်ရန် ၎င်းတို့၏ အသက်အန္တရာယ်ကိုပင် မေ့သွားကြောင်း ဦးကျော်ဆန်းမြင့်ကပြောသည်။

‘‘ရေထဲမှာ လူတွေ၊ ပစ္စည်းတွေ ပြန့်ကျဲနေတာ။ စက်လှေမောင်းဝင်ရင် ထိကုန်မှာစိုးလို့ ခါးကိုကြိုးချည်ပြီး ပင်လယ်ထဲ ဆင်းဆယ်တာ။ ကျန်တော်တို့ကိုလည်း ရေထဲကလူတွေက ဝိုင်းဆွဲကြတော့ အခန့်မသင့်ရင် အကုန်ဒုက္ခရောက်မှာ။ လူကြီး၊ လူငယ် မခွဲနိုင်ခဲ့ဘူး။ ရရာဆွဲတင်တာ’’ဟု ၎င်းကဆိုသည်။

ထို့နောက်တွင်တော့ ထိုရေလုပ်သားငါးဦးသည် ပင်လယ်ပြင်အတွင်း ဝရုန်းသုန်းကားဖြစ်နေသည့် ရာနှင့်ချီသော ခရီးသည်များအနက်မှ ခရီးသည် ၁၆၉ ဦး၏ အသက်ကို ငါးဖမ်းစက်လှေငယ်နှစ်စီးဖြင့် အခေါက်ခေါက်ဆယ်ယူကာ ကယ်တင်ခဲ့ကြသည်။ ထိုရေလုပ်သားငါးဦးကား မြေပုံမြို့နယ်မှ ရေလုပ်ငန်းအဓိကလုပ်ကိုင်သော အုန်းချောင်းရွာမှ ဦးသန်းအောင်နှင့် ၎င်း၏သားဖြစ်သူ မောင်ဇော်မျိုးသန်း၊ ဦးကျော်ဆန်းမြင့်နှင့် သားနှစ်ဦးဖြစ်သည့် မောင်အောင်မျိုးသန့်၊ မောင်သန်းကျော်မြင့်တို့ဖြစ်သည်။

အသက်(၅၀)ခန့်အရွယ် ဦးသန်းအောင်၊ ဦးကျော်ဆန်းမြင့်နှင့် လူပျိုပေါက်အရွယ် သားသုံးယောက်သည် မတ်လ ၁၃ ရက်ည မြန်မာ့ပင်လယ်ပြင်၏ သူရဲကောင်းများ ဖြစ်ခဲ့ပါသည်။

ရေထဲမျောနေသူ ခရီးသည်များထဲတွင် ရခိုင်မြေ၌ ကြီးပြင်းခဲ့သူများပီပီ ရေကူးကျမ်းကျင်သူများ၊ ပင်လယ်ပြင်သဘာဝကို အထာနပ်သူများပါဝင်ပါသည်။ သို့သော် ကလေးငယ်၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများက ပင်လယ်ထဲတွင် ဆွဲမိဆွဲရာဆွဲကြရင်း ရေကူးကျမ်းကျင်သူများပါ အနီးဆုံးကျန်းသို့ မကူးနိုင်ခဲ့။ ကိုယ်တိုင်ရေကူးကျမ်းကျင်ပြီး လူငါးဦး၏ ဆွဲဖက်ထားခြင်းခံရသည့် အသက်ရှင်လျက်လွတ်မြောက်လာသူ ကိုဆန်းဝင်းက ၎င်းတို့ကို ဦးသန်းအောင်တို့ငါးဦးက ကယ်ခဲ့ခြင်းဖြစ်ကြောင်းပြောသည်။

‘‘ကျန်တော်တို့ ရခိုင်မှာ ကြီးပြင်းတာ။ ရေကူးတတ်ရင်တောင် အဲဒီအချိန် ပင်လယ်ထဲမှာကူးကြည့်။ အမောဆို့သေမှာပဲ။ ကိုယ်ခန္ဓာမလှုပ်ရှားဘဲ ဒီအတိုင်းငြိမ်ပြီး ကယ်မယ့်သူ လာလိုလာငြား စောင့်ရတာ။ သူတို့ရောက်လာလို့။ မဟုတ်ရင် မနက်ထိ တောင့်မခံနိုင်ဘူး’’ဟုပြောသည်။

အဝတ်အစားမရှိတော့သော အမျိုးသမီးတစ်ဦးက စက်လှေပေါ်တက်ရန် ငြင်းဆန်သောကြောင့် အသက်ကသာ အရေးကြီးကြောင်း နားဝင်အောင်ပြောခဲ့ရကာ လှေပေါ်အရောက်တွင် ၎င်းတို့၏ပုဆိုးနှင့်အင်္ကျီတို့ကိုချတ်၍ ခန္ဓာကိုယ်ကို ပတ်ပေးခဲ့ရသည်။ အမျိုးသမီးအများစုမှာ အောက်ပိုင်းဝတ်ဆင်စရာများ မရှိကြတော့။ ကျန်းပေါ်အရောက်တွင် ၎င်းတို့ခြံုသည့် စောင်များ၊ ပုဆိုးများကို ဓားဖြင့်လှီးဖြတ်ကာ တစ်ဦးချင်းစီ၏ ခန္ဓာကိုယ်ကို လိုက်ပတ်ပေးခဲ့ရကြောင်း ဦးသန်းအောင်ကပြောသည်။

‘‘အရှက်က အသာထား၊ အသက်ရှင်ဖို့ အရေးကြီးတယ်ဆိုပြီး စက်လှေပေါ်ဆွဲတင်တာ။ ကျန်းပေါ်ရောက်ပြန်တော့လည်း သူတို့ကိုကြည့်ပြီး မျက်ရည်ကျရတယ်။ မိသားစုလေးယောက်လာတာ။ သုံးယောက်သေကျန်ခဲ့တဲ့လူ၊ အမေမတွေ့တော့ ငိုနေတဲ့သူ၊ သားသမီးတွေပါသွားလို့ ငိုနေတဲ့အဖေတွေ။ အရမ်းဝမ်းနည်းဖို့ကောင်းတယ်’’ဟု ဦးကျော်ဆန်းမြင့်ကပြောရင်း ယောကျ်ားရင့်မာကြီးဖြစ်သော်ငြား မျက်ရည်များဝဲလာသည်။

သူတို့ငါးဦးမှာ သင်္ဘောစမြုပ်သည့် ည ၈ နာရီခန့်မှ ညဥ့်သန်းခေါင် ၁၂ နာရီခန့်အထိ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ လှိုင်းကြမ်းကြမ်းထဲတွင် သင်္ဘောမြုပ်သည့်နေရာနှင့် မြောက်ကြိမ်ကျန်းကို စက်လှေနှစ်စီးဖြင့် အနည်းဆုံးငါးခေါက်စီ မောင်းနှင်ခဲ့ကြောင်း ပြောသည်။ ပင်လယ်တွင် မျောနေသောသူများ ရှိလိုရှိငြား အနီးဝန်းကျင်တွင် ပတ်ရှာခဲ့သည်။ ထို့နောက် ကျန်းပေါ်တွင် မီးဖိုကာ ၎င်းတို့ ကယ်ဆယ်ထားသူများအနီး တစ်ညလုံး စောင့်နေပေးခဲ့သည်။

ရင်ဆိုင်ခဲ့ရသည့် အတွေ့အကြံုနှင့် မြင်ကွင်းမှာ ဝမ်းနည်းစရာကောင်းလွန်းသောကြောင့် တစ်သက်လုံး မေ့နိုင်မည်မထင်ကြောင်း ဦးသန်းအောင်ကပြောသည်။

လူပျိုပေါက်သားသုံးဦးမှာလည်း လိပ်ပတ်လည်အောင် စကားမပြောတတ်သော်ငြား ဝမ်းနည်းနေသော အရိပ်အယောင်များမျက်နှာပေါ်တွင် အထင်းသားမြင်ရသည်။ နောက်တစ်နေ့နံနက်တွင် မြောက်ကြိမ်ကျန်းသို့ အစိုးရတာဝန်ရှိသူအချို့နှင့် ရဲတပ်ဖွဲ့ဝင်များ စက်လှေအကြီးသုံးစီးဖြင့် ရောက်လာကာ သူတို့အား မည်သို့မျပင်ပြောမသွားဘဲ ခရီးသည် ၁၆၅ ဦးကို ခေါ်ဆောင်သွားခဲ့လေသည်။ ထိုအချိန်တွင် ၎င်းတို့၏ ငါးဖမ်းစက်လှေနှစ်စီး ဝမ်းဗိုက်ပေါက်ကာ ရေဝင်နေလေသည်။ သင်္ဘောမှောက်ပြီး နောက်ရက်များတွင် ထွက်လာသော အစိုးရမီဒီယာများ၌လည်း သင်္ဘောနစ်မြုပ်ရာ ခရီးသွား ၁၆၉ ဦးကို ရေတပ်၊ ကြက်ခြေနီ၊ အစိုးရဌာနမှ တာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့အစည်းများ ကယ်ဆယ်ခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။ သို့သော် သူတို့ငါးဦးအကြောင်းကိုမူ သိရှိသူမရှိသလောက်ပင်။

‘‘ကျန်းနားမှာ ကျောက်ဆောင်တွေပေါတယ်။ ကမန်းကတန်း မောင်းနေရတာဆိုတော့ ဝင်တိုက်တော့တာပေါ့။ အခုတော့ ကုန်းပေါ်တင်ပြီး ပြင်နေရတယ်’’ဟု ပင်လယ်ကမ်းစပ်တွင် မှောက်ထားသည့် နီကြင့်ကြင့် လှေကိုယ်ထည်နှစ်ခုကို ညှန်ပြရင်း ဦးသန်းအောင်ကပြောသည်။

‘‘တံငါသည်အလုပ်ကရတဲ့ ဝင်ငွေက ထီထိုးသလိုပဲလေ။ ကံကောင်းမှ ငါးများများမိတာပါ။ စက်လှေပြင်မယ်ဆိုရင် ကြိုပြီးစုထားရတယ်။ အခုကတော့ မမျော်လင့်ဘဲဖြစ်တာ’’ ဟု စက်လှေပျက်စီးရခြင်းအကြောင်းကို ပြောသည်။ ရေလုပ်သားအနေဖြင့် ငါးဖမ်းစက်လှေအသေးတစ်စီးစီ ပိုင်ဆိုင်သော်လည်း ၎င်းတို့နေထိုင်ရာအိမ်မှာ အမိုးအကာကောင်းကောင်းမရှိ။ ယခုခေတ်တွင် ငွေသောင်းဂဏန်းခန့် ပေးဝယ်လျင် ရနိုင်သည့် တီဗီတစ်လုံးမရှိ။ စက်လှေနှစ်စီးကို ပြန်ပြင်ရန် ကုန်ကျမည့် ငွေကြေးပင် အခက်အခဲဖြစ်နေကြောင်းဆိုသည်။ ခရီးသည်များအား ကယ်ဆယ်ခွင့်ရသည့်အပေါ် ၎င်းတို့အတွက်ရော ရွာအတွက်ပါ ဂုဏ်ယူမိကြောင်း ပြောကြသည်။

အုန်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ရှေဟန်က အဆိုပါရေလုပ်သားငါးဦး၏ လုပ်ရပ်အတွက် ဂုဏ်ယူရကြောင်း ဝင့်ကွားစွာဆိုသည်။ ပင်လယ်ကမ်းခြေတွင်ရှိသည့် အုန်းချောင်းရွာသည် ဘေးပတ်ဝန်းကျင်ရွာအချို့နှင့် ကုန်းလမ်းပေါက်နေသည်ဖြစ်သော်လည်း အိမ်ခြေနှစ်ရာခန့်ရှိသည့် ၎င်းတို့ရွာတွင် စက်ဘီးတစ်စီးသာရှိသည်အထိ ချို့တဲ့ပါသည်။ တစ်ရွာနှင့်တစ်ရွာ သွားလိုပါက ကိုယ်ထူကိုယ်ထဖောက်ထားသည့် လမ်းမပေါ်မှ ခြေကျင်သွားလာနေကြပါသည်။

ရေလုပ်သား သားအဖငါးဦး၏ စွမ်းဆောင်နိုင်ခဲ့မှုကို ရခိုင်တိုင်းရင်းသားနှင့် လူမှုအဖွဲ့အစည်းများကပါ အသိအမှတ်ပြုပြီး ဂုဏ်ပြုပွဲပြုလုပ်ပေးမည်ဖြစ်ကြောင်း ရခိုင်ဒေသခံများအကြား ပြောဆိုနေကြလေသည်။

အစိုးရကလည်း နှစ်စဥ်ချီးမှင့်လေ့ရှိသည့် နိုင်ငံတော်သမ္မတ၏ စွမ်းဆောင်ရည်ဆုပေးရန် လျာထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။ ရန်ကုန်မှလာသည့် ဧည့်သည်များကိုပင် မြန်မာပြည်မှလာတာလားဟု မေးသည်အထိ ရိုးသားလွန်းသည့် ဦးသန်းအောင်နှင့် ဦးကျော်ဆန်းမြင့်တို့ကတော့ ထိုအကြောင်းအရာများကို နားလည်ပုံမရပါ။

၎င်းတို့၏လုပ်ရပ်အတွက် ဆုလဒ်တစ်ခုရမည်ဆိုလျင် နှစ်စဥ်ရေတိုက်စားခံနေရသည့် ရွာကုန်းမြေကို ကျောက်တုံးကျောက်ခဲများဖြင့် ရေကာတာလုပ်၍ ကာကွယ်ပေးစေလိုကြောင်းပြောသည်။ ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် သင်္ဘောများ အောင်တံခွန် (၃)သင်္ဘောကဲ့သို့ ထပ်မံမကြံုစေလိုကြောင်း ပြောပါသည်။
http://7daydaily.com/story/34386#.VRKdeuGIXao

No comments:

Post a Comment