အိန်္ဒိယနိုင်ငံ၊ ဟာယာနာမြို့ရှိ ကိုလ်ဟန်းကျေးရွာမှာနေထိုင်တဲ့ အသက် ခုနစ်နှစ်အရွယ် ကလေးငယ် တစ်ဦးဟာ အရာအားလုံးကို သိနေ တာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ ပါတယ်။ ကာတီရာ အမည်ရ ကလေးငယ်ဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ သတင်းတွေအပြင်၊ ပထ၀ီ၊ ဇီဝ၊ ငွေကြေးဆိုင်ရာ ကိစ္စရပ်များ ကိုလည်း သိရှိထားသူ ဖြစ်ပါတယ်။ သူ့ကို ဒေသခံ တွေက ဂူဂဲလ် အဖြစ် နောက်ပြောင် ခေါ်ဆိုကြ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူဟာ ဂူဂဲလ် ရှာဖွေရေး ၀က်ဘ်ဆိုက် လိုပဲ အရာအားလုံးကို သိထား တာကြောင့် ဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့ နိုင်ငံပေါင်း(၂၁၃) နိုင်ငံက သတင်းအချက်အလက် တွေကို သိရှိတဲ့အပြင် စီးပွားရေး ဆိုင်ရာ အချက်အလက်တွေ၊ နိုင်ငံရေး သတင်းတွေ၊ တိုင်းပြည်တစ်ပြည်မှာသုံးစွဲတဲ့ ငွေကြေး၊ ကိုးကွယ်သည့်ဘာသာ၊ ယဉ်ကျေးမှု၊ ရှေးဟောင်း အမွေအနှစ်စတဲ့ အရာ အားလုံးကို သိရှိထားပြီး ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူဟာ အိန်္ဒိယနိုင်ငံမှာ အထင်ရှားဆုံးသူ အဖြစ် ရပ်တည်နေပါတယ်။
သူဟာ ပုံမှန် ခရီးသွားလာလေ့ ရှိပြီး အိန်္ဒိယနိုင်ငံ တစ်ဝန်းမှာရှိတဲ့ကျောင်းတွေကို သွားရောက်ပြီး ကလေးငယ်တွေနဲ့ အမေးအဖြေ ကဏ္ဍတွေ ကို ပြုလုပ်လေ့ရှိ ပါတယ်။ သူ့ကို နားလည်ရခက်စေတဲ့ ဗဟုသုတ ဆိုင်ရာ မေးခွန်းတွေကို မေးမြန်းရာမှာ အခက်အခဲမရှိ ပြန်လည် ဖြေဆိုနိုင်တာ တွေ့ရ မှာ ဖြစ်ပါတယ်။ သူ့ကို အိန်္ဒိယ ရုပ်သံတစ်ခုက ဖိတ်ခေါ်ပြီး အစီအစဉ် တစ်ခု ပြုလုပ်ခဲ့ပါ တယ်။ ဒီအစီအစဉ်ကို အိန်္ဒိယ မင်းသားကြီး အမီတာဘဂျမ်း လည်း တက်ရောက်ခဲ့ ပါတယ်။ အမီတာ ဘဂျမ်းက ဒီကလေးငယ်ဟာ အရာအားလုံးကို သိရှိနေသူ ဖြစ်ကြောင်း တွစ်တာ ၀က်ဘ်ဆိုက်မှာ ချီးကျူး ရေးသား ဖော်ပြခဲ့ဖူးပါတယ်။ တကယ်တော့ ဒီကလေးငယ်ဟာ ဉာဏ်ရည် ကောင်းမွန်ခြင်း ဖြစ်ပြီး အရာ အားလုံးကို လေ့လာသင်ယူလေ့ ရှိပါတယ်။ ကလေး တစ်ယောက်ဖြစ်ပေမယ့် ဆော့ကစားတဲ့ အချိန်နည်းပါးပြီး အဘိုး ဖြစ်သူဆီ ကနေ သင်ယူမှုတွေ ပြုလုပ်လေ့ရှိ ပါတယ်။ သူ့ကို သိပ္ပံပညာရှင်၊ အာကာသယာဉ်မှူး စတဲ့ အလုပ်တွေကို စိတ်ဝင်စားသလားလို့ မေးမြန်းခဲ့ရာမှာ သူက လက်ရှိအချိန်မှာ ပညာကို သင်ယူနေဆဲ ဖြစ်ကြောင်း၊ အရွယ် ရောက်မှသာ လုပ်ကိုင်မယ့် အလုပ်ကို ဆုံးဖြတ် သွားမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ ပါတယ်။
အေသင်အောင်
http://www.messengernewsjournal.com/General/Eventure/detail.php?id=33699
No comments:
Post a Comment