Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 14, 2015

ရခိုင်တွင် ကမ်းရိုးတန်းသွား သင်္ဘောနစ်၍ ခရီးသည် ၁၀၀ ကျော်ပျောက်ဆုံးနေ

ရခိုင်ကမ်းရိုးတန်းသွား သင်္ဘောတစ်စီးကို တွေ့ရစဉ်။
မတ် ၁၄

ရခိုင်ပြည်နယ်တွင် ကမ်းရိုး တန်းသွား သင်္ဘောတစ်စီးနစ်ရာမှ ခရီးသည် အလောင်း ၂၃ လောင်းကို ရှာဖွေ တွေ့ရှိထားပြီး လူပေါင်း ၁၀၀ ကျော် ပျောက်ဆုံးနေကြောင်း သတင်း ရရှိသည်။

နစ်မြုပ်သော သင်္ဘောမှာ အောင်တံခွန် (၃) သဘောင်္ဖြစ်ပြီး တောင်ကုတ်မြို့မှ စစ်တွေသို့ ထွက်ခွာလာရာတွင် နောင်တော်ကြီး ပင်လယ် ကလိန်တောင်ဘက်ခြမ်းတွင် မတ်လ ၁၃ ရက်နေ့ ညနေ ၈ နာရီခွဲခန့် နစ်မြုပ်သွားခဲ့သည်ဟု သိရသည်။

“ အခု နောက်ဆုံးရတဲ့ သတင်းအရ အလောင်း ၂၃ လောင်း ရရှိပြီ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကယ်ဆယ်လို့ ရတာက လူပေါင်း ၁၇၅ ယောက် ရှိတယ်လို့ သိရပါတယ်။ သင်္ဘောပေါ်မှာ လူပေါင်း ၄၀၀ ကျော်ပါလာတယ်လို့ သိရပါတယ်” ဟု မြေပုံ ဒေသခံ ကိုမောင်မောင်က နိရဉ္စရာသို့ ပြောသည်။

ယခု ဆယ်ယူ ရရှိသော အလောင်းများထဲတွင် အမျိုးသမီးများပြီး လက်ဝတ်လက်စားများ ပါဝင်၍ မည်သူမှ အလောင်းများကို မကိုင်ရဲဘဲ ဖြစ်နေသည်ဟု သူက ဆက်ပြောသည်။

“ လက်ရှိ ရတဲ့ သတင်းအရ မြောက်ကြိမ် ပိုက်ဆိပ်နားမှာ မြုပ်တာပါ။ သင်္ဘောခန်းထဲမှာ ပိတ်ပြီး ပါသွားတဲ့ ခရီးသည်တွေကတော့ ရှာမတွေ့သေးဘူး။ သင်္ဘောကို ဖော်လို့ရမှ တွေ့နိုင်မယ်ထင်ပါတယ်” ဟု ကိုမောင်မောင်က ဆက်ပြောသည်။

မြေပုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက“ လူအများအပြား သေဆုံးတယ်ဆိုတာ သတင်း ရရှိပါတယ်။ ကြားရတာက ကျောင်းပိတ်လို့ ပြန်တဲ့ ဆရာ ဆရာမတွေ သင်္ဘောနဲ့ အတူ ပါလာတယ်လို့ သိရပါတယ်” ဟု ပြောသည်။

သင်္ဘောပေါ်တွင် ခရီးသည် ၄၀၀ ကျော်ပါလာပြီး ၀န်များကိုလည်း အဆမတန် တင်ဆောင်လာသည်ဟု ကြားသိရကြောင်း ဦးအောင်ဝင်းကဆိုသည်။

ယခု နစ်မြုပ်သွားသော အောင်တံခွန်သင်္ဘောများမှာ ဟောင်းနွမ်းနေသော သင်္ဘောတစ်စီးဖြစ်ကြောင်း၊ ယင်းသင်္ဘောတွင် ကုန်ပစ္စည်း အဆမတန် တင်ရာမှ နစ်မြုပ်ခြင်း ဖြစ်ကြောင်း မြေပုံ ဒေသခံ  ဒေါ်မပုချေက ပြောသည်။

ယခုအခါ ပြည်နယ် ၊ မြို့နယ် အဆင့် တာဝန်ရှိသူများ အပါအ၀င် ကျောက်ဖြူမြို့နယ် လူမှုအဖွဲ့အစည်းများမှ သင်္ဘောနစ်ရာ နေရာသို့ ရောက်ရှိနေပြီး ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သတင်း ရရှိသည်။

နိရဉ္စရာ
http://www.narinjara.com/burmese

No comments:

Post a Comment