Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 12, 2015

ယင်းတလဲတို့၏ ရပ်ရွာအေးချမ်းသာယာရေး ရေနတ်ပူဇော်ပွဲ

ဇန်နဝါရီလသည် ဆောင်းရာ သီကာလ ဖြစ်သော်ငြားလည်း ကယားပြည်နယ် ဘောလခဲဒေသ ဘက်မှာ ကတော့ နေရောင် တလက်လက်နဲ့ တောက်ပပြီး အပူပိုင်းဒေသ ဖြစ်သည့်အတွက် ပူပြင်းလွန်းနေ ပါသည်။

မရောက်ဖြစ်တာ ကြာပြီ ဖြစ်သည့် ကျမ၏ မွေးရပ်ဇာတိဖြစ်သော ဘောလခဲ မြို့ ကယားပိုင်းရပ်ကွက် ယင်းသလဲ လူမျိုးစုတို့နေထိုင်ရာ ရပ်ကွက်ကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အလည်တခေါက် ပြန်ရောက်ခဲ့သည်။ ရွာသို့ရောက်သည့် တချိန်တည်းမှာပင် ပွန်ချောင်းနံဘေးတွင် လူငယ်များ၊ ကလေးများ ၊ သက်ကြီးရွယ်အိုများက စုပြုံပြီး ဗုံမောင်းတီးခတ်ကာ တပျော်တပါးဆင်နွှဲနေကြသည်ကို မြင်တွေ့လိုက်ရသည်။

အကြောင်းမှာ ကျမတို့ နှစ်စဉ်နှစ်တိုင်း ရိုးရာဓလေ့ကျင်းပလေ့ရှိသည့် ယင်းတလဲဘာသာအားဖြင့် ( ဆူးထိုက်သဘကံ ) ဟု ခေါ်သည့် ရေနတ်ပူဇော်ပသခြင်းပင် ဖြစ်သည်။

ရပ်မိရပ်ဖတဦးဖြစ်သည့် ဦးဝင်းဇော်က “ ရပ်ရွာအေးချမ်းဖို့နဲ့ ဘေးအန္တာရယ်ကင်းဖို့နှစ်တိုင်းဒီနေရာမှာပဲ ဒီလိုနတ်ပူဇော်ပသကြပါတယ်။” ဟု ပြောပါသည်။

ယခုကဲ့သို့ နတ်ပူဇော်သည့်နေ့ရက်တွင် မည်သည့် လုပ်ငန်းခွင်မှမဝင်ကြဘဲ ရှောင်ကြဉ်ရာသဘောဖြင့် အိမ်တွင်နားနေကြသည့်အချိန်ဖြစ်သည်။ ရွာတွင်းတွင်လည်း လူငယ်များက ခြင်းတောင်းကိုယ်စီထမ်းကြ၍ တစ်အိမ်တက်တစ်အိမ်ဆင်း အိမ်တိုင်းစေ့ ရံပုံငွေနှင့် ပြောင်းကောက်ဖြင့် ပြုလုပ်ထားသည့် ခေါင်ဖတ်များကို လိုက်လံကောက်ခံနေကြသည်။

ကောက်ခံရရှိသည့် ခေါင်ဖတ်နှင့် ရံပုံငွေများသည် ရေနတ်ပူဇော်ပသသည့် ပွဲတွင်အသုံးပြုကြသည်။ ဘုံမောင်းတီးရာဆီကိုအနီးကပ်ရောက်သွားချိန်မှာ လူတစုက နတ်ပူဇော်ရန်နှင့် သက်ကြီးရွယ်အိုတွေအတွက် ဦးဦးဖြားဖြားသုံးဆောင်နိုင်ရန် ချက်ဖို့ပြုတ်ဖို့စနေကြသည်။

တချိန်ထဲမှာပင် ရေနတ်ဆရာက တောတောင်ရေမြေကို အပိုင်စိုးနိုင်သော နတ်ဒေဝါများအား တိုင်တည်လျှောက်ထားကာ တော လိုက်ခြင်း၊ ရေအန္တရာယ်၊ မီးအန္တရာယ် များကင်းရှင်းရန် ကြက်ဖဖြူကြီးတကောင်ကိုသတ်၍ ကြက်ရိုးထိုးမေးမြန်းတိုင်တည်နေသည်။ ကြက်ဖဖြူသည် မြင့်မြတ်ခြင်း၊ ဖြူစင်ခြင်း ၊ တိုင်းသိပြည်သိရှိခြင်း ဖြစ်သည်ဟု ယုံကြည်ယူဆကြသည်။

ကြက်ရိုးမှထွက်ရှိလာသော အဖြေကို ရွာလူထုများအား စုရုံးစေကာ ဆောင်ရန်၊ ရှောင်ရန်များကို အသိပေးဟောကြားသည်။ ထိုသို့ပြုလုပ်ပြီးသော် အသက်အရွယ်အလိုက် ထမင်းဝိုင်းစားသောက်ကြစေသည်။ ထမင်းဟင်းများစားသောက်ရာတွင် တစ်ဦးတစ်ယောင်ခြင်း မစားစေဘဲ နှီးဒေါင်းလန်းဖြင့်ထမင်းဟင်းများ စုပုံထားပေးကာစားစေသည်။


ထိုသို့ပြုလုပ်ရခြင်းမှာ တစ်ဦးကိုတစ်ဦး တန်းတူညီမျှမှု ရှိစေခြင်း ၊ စည်းလုံးညီညွတ်မှု ရှိုခြင်း၊ တစ်စိတ်တစ်ဝမ်းတည်း ရှိခြင်း၊ မျှဝေခံစားတက်ခြင်း ရှိသည် ဟုယူမှတ်ကြသည်။ ရေနတ်ဆရာကလည်း လူဦးရေ နည်းများပေါ်မူတည်၍ ကြက်သားလောက်အောင် တုံးပေးရသည်။ ထမင်းဟင်းစားသောက်ချိန်၊ နေဝင်နေချိန်တွင် သက်ကြီးရွယ်အိုများက ကလေးများကို “ စားသောက်လို့ဝရဲ့လား” ဟု မေးကြသည်။

ထိုအချိန်တွင် ကလေးငယ်များက “ မဝသေးပါ” ဟု ပြန်လည်ဖြေကြား ကြရသည်။ အဘယ်ကြောင့်ဆိုသော် တောလည်၍တောကောင်များ ရရှိလာစေရန် အတွက် တောတောင်ရေမြေ နတ်များက သူတို့ပိုင်ဆိုင်သည့် အကောင်များ၊ အသားများ၊ စားခြင်းဝပြီလား မေးမြန်းသည်နှင့် တူသည်ဟုယူမှတ်ကြသည်။

ထို့ကြောင့် မဝသေးပါဟု ဖြေကြားလျှင် နတ်များက တောကောင်များပေးသည်ဟု ယုံကြည်ကြသည်။ ကလေးလူကြီးအလိုက် စားသောက်ပြီးချိန်တွင် တောတောင်ရေမြေနတ်များ အေးချမ်းစွာ နေနိုင်ရန်အတွက် နှီးပြားများကို ကြိုးရှည်ကဲ့သို့ ဆက်စေကာ ရေနတ်ပူဇော်ရာနေရာတစ်ဝိုက်တွင် တားဆီးပိတ်ပေးထားကြသည်။


ထိုသို့ပိတ်ထားခြင်းသည်လည်း နတ်များ၊ တောကောင်များ ယဉ်ပါးလာအောင် အစာချကြွေးနေချိန် ဖြစ်သည်ဟု ဦးဝင်ဇော် က ပြောသည်။ တောလိုက်ပြီး ပြန်လည်ရောက်ရှိလာမှသာ ၎င်းနှီးပြားကို ပြန်လည်ဖွင့်ပေးရမည်ဟုဆိုသည်။ အားလုံးလုပ်ဆောင်ပြီးသွားသောအခါ ကျန်ရှိနေသေးသော ခေါင်ရည်ကို ရွာလယ်သို့ ထမ်းဆောင်လာကြသည်။ ထိုအချိန်တွင် ရွာ၏် ရိုးရာဓလေ့ အားလုံးကို လုပ်ဆောင်ပြီး သွား ပြီဖြစ်ကြောင်း ရွာလူထုများသိထားစေရန် ဗုံမောင်းများကိုတီးခတ်ပေးရသည်။

ရွာလူထုများက တီးခတ်သံများကြားရသောအခါ မိမိတို့အိမ်မှ ပြောင်းကောက်များယူဆောင်လာကြပြီး ရပ်ရွာစာရင်းကိုင်သူထံသို့ စာရင်းပေးသွင်းကာ ယူဆောင်လာသောပြောင်းကောက်ကို ပေးဆောင်ခဲ့ကြရသည်။

ရရှိလာသော ပြောင်းကောက်များကို ကေ့ထျိုးဘိုးခေါ်(လုဖု)၊ မြေယာပိုင်(ကံဖု)၊ ရေပိုင်ခေါ်(ထိုက်ဖု) အဖွဲ့များက နှောင်နှစ်တွင် မိမိတို့ထပ်ကျင်းပမည့် ရေနတ်ပူဇော်ပသခြင်းကို အလွယ်တကူအသုံးပြုနိုင်ရန်အတွက် ကောက်ခံထားခြင်းဖြစ်သည်။ နောက်နေ့နံနက် မိုးလင်းပေါက်သို့ ရောက်ရှိလာသောအခါ အမျိုးသားများဖြစ်ကြသော လူကြီး၊ လူငယ်များက တောလိုက်ရန် တက်တက်ကြွကြွဖြင့်ရွာလယ်သို့ စုရုံးရောက်ရှိလာကြသည်ကိုတွေ့ရသည်။


၎င်းတို့ထဲမှဦးဆောင်နိုင်သူတစ်ဦးကို နတ်ဆရာက ရွေးပေးရသည်။  ခေါင်းဆောင်အဖြစ်အရွေးခံရသူသည် ကြက်ပေါက်ငယ်တစ်ကောင်ကို ပြန်လည်ပေးဆောင်ရသည်။ ထိုကြက်ပေါက်ငယ်ကို မည်သည့်အရပ်ဘက်တွင် တောကောင်များရှိသည်ကို ကြက်ရိုးထိုး၍ ဗေဒင်မေးရသည်။

အဖြေထွက်ရှိလာသောအခါ ထွက်ရှိသောအရပ်ဘက်တွင် အဓိကထားပြီး တောလိုက်ကြသည်။ ရွာမှစတင်ထွက်၍ တော လမ်းဆုံးသို့ရောက်သော် ခေါင်းဆောင်ကလူစုစေပြီး တောလိုက်သည့် စည်းကမ်းများ၊ လိုက်နာရမည့်အချက်များကို မှာကြားပေးကာ ခေါင်းဆောင်ကသစ်ရွက်ကြီးတစ်ရွက်ကို ရှာ၍ကိုယ်စီယူဆောင်လာသော ထမင်းဟင်းများ၊ ကွမ်းများ၊ ရေများစသဖြင့် သစ်ရွက်ကြီးထဲသို့ အနည်းငယ်စီထည့်စေပြီး နတ်များအားတိုင်တည်ကြသည်။

ဒီလိုပြုလုပ်ခြင်းအားဖြင့် နတ်ဆိုးများသည် တောလိုက်ရန်ထွက်ကြသော လူတွေကို နှောက်ယှက်ခြင်းမပြုနိုင်ဟု ယုံကြည်ယူဆကြ သည်။ တောကောင်များရရှိလာပါလျှင် တောကောင်စသယ်ဆောင်လာသည့် နေရာမှစတင်ပြီး ဝါးဖြင့်ခုတ်ထားသောကိရိယာ ကိုတောလိုက်သူ မှန်သမျှ သံစုံတီးခတ်၍ ရေနတ်ပူဇော်ပသရာနေရာထိတိုင်အောင် အော်ဟစ်တီးခတ်လာကြသည်ဟု တောလိုက်သွားသည့် လူငယ်များထံမှတဆင့် သိရသည်။

ထိုသို့ပြုလုပ်ရခြင်းမှာ တောတောင်နတ်များ ၊ ရေနတ်ပူဇော်ရာတွင်ရှိနေကြသောနတ်များ ကြားသိစေရန်နှင့် ရွာတွင်ရှိနေကြသော အိမ်ရှင်မများ ကြားသိစေရန်ဖြစ်သည်ဟု ဆိုပါသည်။ တီးခတ်သံကြားရသည်နှင့် တစ်ပြိုင်တည်း ရွာတွင်ကျန်ရှိနေခဲ့သောအမျိုးသမီးငယ်များက ခေါင်၊ အရက်များကို ပြင်ဆင်ပြီး တောလိုက်ပြန်လာကြသည့် သူများကို ရေချောင်းသို့ လာရောက်တိုက်ကျွေးကြသည်။

ထိုအချိန်မှာဘဲ တီးခတ်သံကိုရပ်တန့်ထားပြီး ရေနတ်ဆရာသည် အသင့်ပြင်ဆင်ထားသော ခေါင်ရည်ဖြင့် ရေနတ်ပူဇော်ရာနေရာသို့ နတ်အပေါင်းအားတိုင်တည်ပူဇော်သည်ကို တွေ့ရသည်။

ရေနတ်ဆရာဖြစ်သူ ဦးရီရိုင်း(ခ) ဦးအောင်ခင်က ရေချောင်းဘေးတွင် တောကောင်များ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများဖြင့် ပူဇော်ပသထားသည့် ညောင်ပင်ပေါ်ဘက်တွင် မျက်နှာမူလျက် ယင်းတလဲဘာသာစကားဖြင့် “ ရွာကိုစောင့် ရှောင်ပေးပြီးတော့မှ ကလေးတွေအဲဒီမှာရေချိုးရင် ရေထဲမပါသွားအောင် ၊ ရွာတွေမီးမလောင်အောင်၊ စည်းလုံးညီညွန်မှုရှိအောင် စောင့်ရှောင့်ပေးပါ။” ဟု ဆုတောင်းသွားသည်။

ရွာသားအချို့ကလည်း ညပိုင်းတွင်ထမင်းဟင်းများ စားသောက်နိုင်ရန်အတွက် ဝိုင်းဝန်း ချက်ပြုတ်ကြသည်။ တောကောင်ကို ပစ်ခတ်နိုင်သောသူသည် တောကောင်၏ ပေါင်တစ်ဘက်ကိုပိုင်ဆိုင်ခွင့်ရသည်။ ကျန်သောပေါင်တစ်ဘက်ကို အိမ်ခြေအရေတွက်လိုက်၍ အိမ်တိုင်းစေ့ရန် ဝေခြမ်းပေးသည်။ ရွာသားအများစုက မိမိတို့အိမ်တွင် အသင့်ပြင်ဆင်ထားကြသော ထင်းပိုင်းဝါးပိုင်းခေါ်(ဖုံးတဒိတ်)၊ ကုက္ကားတို့ ကိုရွာလယ်ပိုင်းတွင် ယူဆောင်လာကြပြီး တောင်းကြီးထဲသို့စုပုံထားကြသည်။

ကုက္ကားကိုမူ တောင်း၏အထက်ပိုင်းတွင် ထိုးထားပေးရသည်။ အိမ်တိုင်းစေ့သွားသောအခါ ဗုံမောင်းဖြင့်တီးခတ်၍ ရေချောင်းဘက်သို့ သယ်ဆောင်သွားကြသည်။ နတ်ဆရာက ကြက်ငယ်တစ်ကောင်ကို တောင်းရဲ့ အလယ်ဗဟိုကုက္ကား ကြားတွင်ထားစေပြီး ရေလယ် သို့မျှောစေသည်။ထိုအချိန်တွင် တောလိုက်ပြန်လာကြသူများက တူးမီးသေနတ်ဖြင့် မျှော်ပါသွားသော ကြက်ကလေးကို ပစ်ကြသည်။

၎င်းကို ယင်းသလဲလူမျိုးများ၏ စုန်းမီးမူခေါ် မကောင်းသောအရာများကို ပို့ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။ ကြက်ပေါက်ကိုမှန်အောင် ပစ်ခတ်နိုင်သူသည် လက်ဖြောက်သူဟု နတ်ဆရာက သတ်မှတ်ပေးသည်။ ရေသို့မျှောလိုက်သော ထင်းဝါးပိုင်းခေါ်(ဖုံးတဒိတ်)များသည် အိမ်တွင် ပူပန်ခြင်း ၊စားမှား၊ပစ်မှားထားခြင်းများရှိလျှင် ရေနှင့်အတူမျှောပါသွားသည်ဟု ယုံကြည်ယူဆကြခြင်းဖြစ်သည်။ ကုက္ကားကို ထင်း၏အထက်ပိုင်းတွင် ထိုးထားရခြင်းမှာ ကုက္ကားသည် တန်ခိုးကြီးခြင်း၊ မွန်မြတ်ခြင်းဖြစ်သောကြောင့် နတ်သရဲများ၊ မကောင်းဆိုးဝါးများကြောက်ရွံ့သည်ဟု ယုံကြည်ကြသည်။

ထိုသို့ ပြီးစီးသွားပါက ရွာပြင်ဘက်သို့သွား၍ မီးတားလမ်းလုပ်ထားသောနေရာမှ စ၍တောဘက်သို့မီးရှို့ထုတ်ကြသည်။ ထိုသို့ပြုလုပ်ရခြင်းမှာ ရွာတွင်အပူအပင် ကင်းစင်ပြီး အပြစ်ကင်းစင်ကြသော ရွာသူရွာသားများအား ပြင်ပမှ မကောင်းသောအရာများ ကို တားဆီးခြင်း၊ မောင်းထုတ်ခြင်း၊ ကာကွယ်ခြင်းဟူ၍ မီးရှို့ထုတ်ကြသည်။

မီးရှို့ထုတ်ရာတွင်လည်း ဂျီ ၊အမဲသား ၊ ယုန်၊ ပဲပုတ်စသည့် လွဲမှားတတ်သည့်အကောင်ဟုယင်းတလဲအခေါ် (တဒိတ်မူဖ)ကိုလည်းမစားရန်ရှောင်ရှားကြရသည်။ ထိုသို့ပြုလုပ်ပြီးသွားချိန်သည် ကျမတို့ ရပ်ရွာတွင် အေးချမ်းလာခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းလာခြင်းစသည့် ကောင်းသော မင်္ဂလာများရရှိလာနိုင်မည်ဖြစ်ပါသည်။

Written by သီတာအောင်
ကန္တာရဝတီတိုင်း(မ်)
http://www.ktimes.org

No comments:

Post a Comment