CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, March 12, 2015
မြန်မာပြည်အတွက် ထုတ်လုပ်သည့် “ဘီ” တက်ဘလက် မိတ်ဆက်
ရန်ကုန် (မဇ္ဈိမ)။ ။ ကမ္ဘာကျော်နည်းပညာ ကုမ္ပဏီများဖြစ်သည့် မိုက်ကရိုဆော့ဖ်နှင့် အင်တဲလ်တို့က ပြည်တွင်းနည်းပညာကုမ္ပဏီ KMD နှင့် ပူးပေါင်းပြီး မြန်မာပြည်အတွက် ရည်ရွယ်ထုတ်လုပ်သည့် be Tablet 10 ကို မတ်လ ၁၀ ရက်က ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် မိတ်ဆက်ခဲ့သည်။
မြန်မာနိုင်ငံ ဈေးကွက်အတွက် KMD ၏ ကိုယ်ပိုင်ဒီဇိုင်းကို မိုက်ကရိုဆော့ဖ် နှင့် အင်တဲလ်တို့က OEM (original equipment manufacturer ) Project အဖြစ် ပထမဆုံး ထုတ်လုပ်ခြင်းဖြစ်သည်ဟု KMD နည်းပညာကုမ္ပဏီ၏ ဥက္ကဋ္ဌ ဒေါ်တင်တင်အေးက ပြောသည်။
ဒေါ်တင်တင်အေးက “ပြည်တွင်းဈေးကွက်မှာ ပြည်ပကတင်သွင်းတဲ့ ထုတ်ကုန်တွေကိုပဲ တင်သွင်းရောင်းချ နေပါတယ်။ မြန်မာနိုင်ငံရဲ့ နည်းပညာဈေးကွက်က သေးငယ်တဲ့အတွက် နိုင်ငံတကာထိပ်တန်းကုမ္ပဏီကြီးတွေက စိတ်မ၀င်စားခဲ့ကြ ပါ ဘူး။ အခု be Tablet 10 က မြန်မာနိုင်ငံအတွက် OEM ပရော့ဂျက်အနေနဲ့ ပထမဆုံးထုတ်လုပ်ခဲ့တာပါ” ဟု ဆိုသည်။
မိုက်ကရိုဆော့ဖ်၏ အရှေ့တောင်အာရှ ဈေးကွက်တာဝန်ရှိသူ Mr. Paul Wilson က “မြန်မာနိုင်ငံက အင်တာနက် ရရှိလာတာနဲ့အမျှ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေပါတယ်။ နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာ ထိရောက်စွာ အသုံးပြုနိုင်မယ့် be Tablet 10 ကို KMD နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်" ဟု ပြောခဲ့သည်။
KMD ၏ ဒါရိုက်တာ အဖွဲ့ဝင်ဖြစ်သည့် ကိုလွင်ထူးအောင်က "စစ်တမ်းတွေအရ ကမ္ဘာပေါ်မှာရှိတဲ့ ဝန်ထမ်းတွေရဲ့ ၆၀ ရာခိုင်နှုန်းက မိုဘိုင်း ထုတ်ကုန်နှစ်မျိုးနဲ့အထက် အသုံးပြုနေကြပါတယ်။ be Tablet 10 က အားလုံးကို တစ်ခုထဲမှာ အသုံးပြုနိုင်အောင် လုပ်ပေးထားပါတယ်" ဟု ဆိုသည်။
Be Tablet 10 သည် IPS Touch မျက်နှာပြင်အသုံးပြုထားပြီး Multi touch အသုံးပြုနိုင်မည်ဖြစ်သည်။ မျက်နှာပြင် အရွယ်အစား ၁၀ ဒသမ ၁ လက်မ ရှိမည်ဖြစ်ပြီး မျက်နှာပြင်အရည်အသွေး 1280*800 Pixel ရှိမည် ဖြစ်သည်။
Quad-Core Processor ကို အသုံးပြုထားပြီး RAM 2GB ပါဝင်မည် ဖြစ်သည်။ ယင်း Tablet တွင် GSM Sim Card ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်သည်။
ဖုန်းအတွင်း သိုမှီးနိုင်မှု 32 GB ပါဝင်မည်ဖြစ်ပြီး 64GB အထိ မြှင့်တင်အသုံးပြုနိုင်မည် ဖြစ်သည်။ ကင်မရာ အရည်အသွေး 5MP ရှိပြီး ရှေ့ကင်မရာ 2MP တပ်ဆင်ထားသည်။ ဘက်ထရီ အသုံးခံနိုင်မှုသည် သာမာန်အသုံးပြုမှုများအတွက် ၁၀ နာရီခန့် သုံးနိုင်မည် ဖြစ်သည်။
မြန်မာပြည်အတွက် ထုတ်လုပ်သည့် “ဘီ” တက်ဘလက် မိတ်ဆက်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 12, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment