Written by တင်ညွန့်
အသက်ကြီးသွားရင် ကျောင်းသားမဟုတ်တော့ဘူးတဲ့။ ဘယ်က ပေါကြောင်ကြောင် အတွေးတွေဝင်လာပြီး ပြောနေသလဲမသိဘူး။ မြန်မာနိုင်ငံမှာ ငယ်မှ ကျောင်းသား၊ ကြီးရင်ကျောင်းသားမဟုတ်ဘူးဆိုတဲ့ ဉာဏ်တိမ်တဲ့ အတွေးတွေနဲ့ ပြောနေတာကိုက ပညာရေးမှာ Life long learning ဆိုတာကို မသိဘဲ ပြောနေတယ်ဆိုတာ အထင်အရှားပဲ။ အသက်ကြီးရင် လေ့လာစရာ မလိုတော့ဘူး၊ ကိုယ့်ကိုယ်ကိုယ် မဟာပညာရှိတွေလို့ ထင်သွား တာကြောင့် ဒီတိုင်းပြည်မှာ ကြာလေချဉ်လေ သံပရာသီးတွေ ဖြစ်ကုန်ကြတာ။
ပညာဆိုတာ အရွယ်နဲ့ မဆိုင်ဘူးဗျ။ အသက်ကြီးမှ ပညာတတ်တယ်ဆိုတာ ပေါတောတော အယူအဆတွေ။ ဘဝတစ်လျှောက်လုံး လေ့လာသင်ယူခြင်း မရှိရင် အလကားပဲ။ အရွယ်နဲ့ ပညာမဆိုင်ဘူး။ ငယ်လို့လည်း အထင်သေးလို့ မရဘူး။ ကြီးပြီးတော့ အထင်ကြီးစရာ မရှိတာတွေလည်း အများကြီး။
ပညာရေးမှာ Life long learning ဆိုတာ ရှိပါတယ်ဗျာ။ မသေမချင်း သင်ယူနေကြရမှာပါ။ သင်ယူတယ် (learn) ဆိုတာ မသိချင်ယောင် ဆောင်တဲ့သူတွေကို ပြောရဦးမယ်။ Learn ဆိုတာ "acquire information or skill: to acquire knowledge of a subject or skill through education or experience" ပါခင်ဗျာ။ ဘဝတစ်လျှောက်လုံးနဲ့ ဆိုင်ပါတယ်။ သင်ယူနေသမျှ သင်တန်သား။ သင်ယူနေသမျှ ကျောင်းသား တွေပါ။
ပညာရေးမှာ နိုင်ငံရေးလုပ်တယ်ဆိုတဲ့ ပုဒ်ထီးပုဒ်မတွေ တပ်ပြီး ကျောင်းထုတ်ခြင်း ခံထားရတဲ့ ကျောင်းသား တွေ အများကြီးပဲ။ ခင်ဗျားတို့ အစိုးရလောက် ရက်စက်တဲ့ အစိုးရ ရှိမယ်တောင် မထင်ဘူး။ တက္ကသိုလ်ဆိုတဲ့ အထဲကို သင်ယူဖို့ ရောက်လာရင်သူ့ဘာသာ ဘာသင်သင်၊ ဘာလေ့လာလာပေါ့။ လူ့အခွင့်အရေးအရလည်း သူဘာသင်ချင်တယ်ဆိုတာ ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိနေတာပဲ။ ဒါငါ့တက္ကသိုလ်၊ နိုင်ငံရေးမလုပ်နဲ့၊ နိုင်ငံရေး လုပ်ရင်ထွက်လို့ ပြောဝံ့တဲ့ ကျောင်းဆရာတွေရဲ့ ပါးစပ်တွေကိုသာ အံ့သြမိတာပါ။
တက္ကသိုလ်ဆိုတာ ထောင်မဟုတ်ဘူး။ ပညာအခွင့်အလမ်းကို အဆင့်အတန်းရှိရှိ ရှာနိုင်အောင် လမ်းဖွင့် ပေးထားရမယ့်နေရာ။ ဟိုဟာမလုပ်ရဘူး၊ ဒီဟာ မလုပ်ရဘူး၊ ဟိုဟာ သင်လို့ မရဘူး၊ ဒီဟာ သင်လို့ မရဘူးဆိုပြီး ပိတ်ပင်ထားလို့ ဒီလိုတွေ ဖြစ်နေရတာ။ ပုံစံအတိုင်းနေ၊ ပုံစံအတိုင်းထိုင်၊ ပုံစံအတိုင်းလုပ်ဆိုရင် ဘယ်လိုနေရာဖြစ်သွားမလဲ။
ကိုယ်လိုချင်တဲ့လမ်းကြောင်းအတိုင်း၊ ပုံစံခွက်ထဲထည့်ရိုက်ချင်ရင် ကိုယ်ပိုင် ideology ကျောင်းထောင်ပြီး တက်ခိုင်းပေါ့။ ဥပမာ ခင်ဗျားတို့ခုဖွင့်ထားတဲ့ စစ်တက္ကသိုလ်တွေဆိုတာလည်း ကိုယ်ပိုင် ideology တွေ ချပေးနိုင်ဖို့ ဖွင့်ထားတာပဲ မဟုတ်လား။ ဒါပေမဲ့ တက္ကသိုလ်ဆိုတာ အဲဒီ စစ်ကျောင်းနဲ့ မတူဘူးဗျ။ လွတ်လပ် ခြင်းနဲ့ လွတ်လပ်မှုကို မြတ်နိုးခြင်း၊ ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ဘဝကိုအခြေချခြင်းဆိုတာတွေက တက္ကသိုလ်တွေမှာ ရှိနေအောင်ကို လုပ်ပေးထားရမှာ။
အထူးသဖြင့် ကျောင်းပြီးသွားလို့ ဘဝတက္ကသိုလ် (ထောင်ကို မဆိုလိုပါ) မှာ ဝင်ရောက်လှုပ်ရှား နေရသူ တွေမှာလည်း Life long learning ဆိုတာတွေ လုပ်နေကြရတယ်။ ဘဝတစ်လျှောက်လုံး လေ့လာသင်ယူနေ သမျှ ကျောင်းသားပဲ။
ဒါကြောင့် ကျွန်တော် ထာဝရကျောင်းသား…
၁၃.၃.၂၀၁၅
No comments:
Post a Comment