Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 20, 2015

NLD ပါတီ ရုံးချုပ် အဆောက်အအုံသစ် ဆောက်လုပ်ခွင့် Earth Force Dragon ရရှိ


Friday, February 20, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အသစ်ပြန်လည် ဆောက်လုပ်မည့် ပါတီရုံးချုပ် အဆောက်အုံကို Earth Force Dragon (ကမ္ဘာမြေစွမ်းအားနဂါး) ကုမ္ပဏီကို ဆောက်လုပ်ခွင့် ပေးထားကြောင်း ပါတီ၏ ရုံးသစ်ဆောက်လုပ်ရေး ကော်မတီထံမှ စုံစမ်းသိရသည်။
ပါတီရုံးသစ်ကို ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်းရှိ ရုံးဟောင်းမြေနေရာတွင် ဆောက်လုပ်မည်ဖြစ်ပြီး လာမည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် စတင်ပန္နက်ချမည် ဖြစ်သည်။

သို့သော် လက်ရှိတွင် အဆောက်အအုံ ဆောက်လုပ်ရေးအတွက် ဆောက်လုပ်ခွင့် လျှောက်ထားဆဲဖြစ်ပြီး အဆိုပါနေရာသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ကန့်သတ်ထားမှုကြောင့် ခြောက်ထပ်အမြင့်ထိသာ ဆောက်လုပ်နိုင်မည် ဖြစ်ကြောင်း အဆိုပါ ကော်မတီအဖွဲ့ဝင် ဦးထွန်းလှိုင်က The Voice သို့ ပြောဆိုသည်။
“စဆောက်တာကတော့ ပါမစ်ကျတဲ့နေ့ စဆောက်မှာပဲခင်ဗျ ပါမစ်မကျသေးဘူးခင်ဗျ တင်ထားတုန်းပဲ။ ဒါပေါ့ ပန္နက်ချတာကတော့ အစိုးရနဲ့ မဆိုင်ဘူးလေ” ဟု ၎င်းက ပြောဆိုသည်။
ရုံးသစ်ကို အဆောက်အအုံ အကြမ်းထည်အတွက် ကျပ်သိန်း နှစ်ထောင့်ငါးရာ ဝန်းကျင် သုံးစွဲသွားမည်ဖြစ်ကာ အပြီးသတ် မွမ်းမံပြင်ဆင်ခြင်းအတွက် ကျပ်သိန်းတစ်ထောင်ခန့် ထပ်မံကုန်ကျဖွယ်ရှိပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီ သြဂုတ်လအတွင်းတွင် အောက်ဆုံးသုံးထပ်ကို ပြီးစီးအောင် ဆောက်လုပ်ပေးရန် ကုမ္ပဏီနှင့် ညှိနှိုင်းထားကြောင်း ၎င်းကဆိုသည်။
“Election (ရွေးကောက်ပွဲ) က သိပ်နီးလာတယ်။ တစ်လအလိုတို့ Election အတောအတွင်းရယ်ကို ဆောက်လုပ်ရေးက နည်းနည်းရပ်ရင် ရပ်ရလိမ့်မယ်။ ကျွန်တော်တို့ဆီမှာ လူတအား လာတယ်လေ” ဟု ဦးထွန်းလှိုင်က ပြောကြားသည်။
၁၉၉၈ ခုနှစ် တပ်မတော်က အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက ၂၅ နှစ်ကျော်ကြာ အသုံးပြုလာသည့် ရုံးချုပ် အဆောက်အအုံဟောင်းကို ခေတ်အခြေအနေအရ လိုအပ်ချက်များ ရှိလာခြင်းကြောင့် အသစ်ဆောက်လုပ်ခြင်း ဖြစ်ကြောင်း ပါတီထံမှ သိရသည်။
ရုံးချုပ်နေရာနှင့် ပတ်သက်၍ ယခင်ပိုင်ရှင်ဟောင်း ဖြစ်သူတို့က ပိုင်ဆိုင်မှု အငြင်းပွားမှု ပေါ်ပေါက်ခဲ့ရာ အဆိုပါ ပြဿနာသည် တစ်ဖက်သတ် ဖြစ်ပွားခဲ့သည့် အမှုကိစ္စဖြစ်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောဆိုသည်။
ရုံးချုပ်ဆောက်လုပ်ခွင့် ရရှိခဲ့သည့် Earth Force Dragon ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရာ အဆိုပါကိစ္စနှင့် ပတ်သက်၍ လတ်တလော ဖြေကြားနိုင်ခြင်း မရှိဘဲ အသေးစိတ်အချက်အလက်များကို မကြာခင် သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။
The Voice Weekly

No comments:

Post a Comment