Saturday, February 7, 2015
နေပြည်တော် ကောင်စီနယ်မြေအတွင်း စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှ ဗိုလ်ကြီးတစ်ဦးက ဇနီးဖြစ်သူအား ဓားဖြင့် ၁၇ ချက် မသေမချင်း ထိုးသတ်မှု ဖေဖော်ဝါရီ ၅ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ပျဉ်းမနား မြို့မရဲစခန်းမှ သိရသည်။
ပျဉ်းမနားမြို့
ပေါင်းလောင်း(၂)ရပ် ရွာကောက်ရပ်ကွက် ယုဇနဈေးထောင့်ရှိ “မြင့်မြတ်”
တည်းခိုခန်းအနီး ပေါင်းလောင်း (၁၁) လမ်းမှ သဲပုံနံဘေးတွင် ည ၁၁ နာရီ၌
အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးနေသဖြင့် သက်ဆိုင်ရာ
တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်မှာ သေဆုံးသူ မ...(၃၄) သည် “မြင့်မြတ်” တည်းခိုခန်း အခန်းအမှတ် D 7 တွင် နေပြည်တော် စက်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှ ဒုတပ်ဖွဲ့မှူး ဗိုလ်ကြီးဟိန်းသူနှင့်အတူ ယင်းတည်းခိုခန်း၌ လေးရက်တည်းခိုခဲ့ကြောင်း၊ ယင်းတည်းခိုခန်းမှအထွက် လမ်းပေါ်အရောက်တွင် ဗိုလ်ကြီးဟိန်းသူနှင့် ဇနီးဖြစ်သူတို့ လူမှုရေးကိစ္စများဖြင့် ရန်ဖြစ်ခဲ့ကြောင်း သိရသည်။
ထိုအချိန်တွင် ဗိုလ်ကြီးဖြစ်သူမှ အသင့်ယူလာသော အလျား ငါးလက်မ၊ ဗျက် တစ်လက်မ၊ အ၀ါရောင် ကော်ရိုးတပ် လေးလက်မရှိ စတီးဓားဖြင့် ဇနီးဖြစ်သူ၏ ယာဘက်လည်ပင်းအား နှစ်ချက်၊ ယာမေးရိုးဘေးအား သုံးချက်၊ ယာနားနောက်အား နှစ်ချက်၊ ယာဘက် ရင်ညွန့်အား နှစ်ချက်၊ ဦးခေါင်းနောက်စေ့အား တစ်ချက်နှင့် နောက်ကျောပြင်အား ခုနစ်ချက် ထိုးသတ်ခဲ့ရာ စုစုပေါင်းဓားဒဏ်ရာ ၁၇ ချက်ရရှိပြီး ယင်းနေရာ၌ ပက်လက်အနေအထားဖြင့် သေဆုံးသွားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
သေဆုံးသူ မ...မှာ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၌ နေထိုင်သူဖြစ်ပြီး ယင်းခန္ဓာကိုယ်၌ ရှာဖွေစဉ် တွေ့ရသော အနီရောင် လက်ကိုင်ဖုန်းတစ်လုံး၊ ငွေကျပ် ၅၀၀၀ တန်တစ်ရွက်၊ ဗိုလ်ကြီးဟိန်းသူ၏ မှတ်ပုံတင်၊ အပြာရောင် ဘောပင်တစ်ချောင်း၊ ကွမ်းစားဆေး နှစ်ဘူးနှင့် ဖုန်းအားသွင်းကြိုး နှစ်ချောင်းတို့အား သက်သေများရှေ့တွင် ရှာဖွေသိမ်းဆည်းခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကို ပျဉ်းမနားမြို့မ ရဲစခန်းမှ သေဆုံးသူ မ...အား ဆေးစာရေးသား၍ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံသို့ ပေးပို့ခဲ့ပြီး (ပ) ၅၀/၂၀၁၅၊ ပုဒ်မ- ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း၊ ကျူးလွန်သူ ဗိုလ်ကြီးဟိန်းသူအား အခင်းဖြစ်နေရာတွင် အသင့်တွေ့ရှိ၍ ဖမ်းဆီးခဲ့ပြီး နေပြည်တော် စရဖမှ ဒုတိယဗိုလ်မှူးကြီးက ပျဉ်းမနားမြို့မ ရဲစခန်းမှူးထံမှ လွှဲပြောင်းခေါ်ဆောင်သွားကြောင်း သိရသည်။
“ကျွန်တော်တို့ သူ့ကို အရေးယူထားပြီး တပ်မှာ ချုပ်ထားပါတယ်” ဟု နေပြည်တော် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးက ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
Eleven Media Group

No comments:
Post a Comment