CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, February 2, 2015
" ကျွန်တော်သိသော သခင်အောင်ဆန်း"
တစ်နေ့ သခင်အောင်ဆန်းသည် ဝတ်ကောင်းစားလှနဲ့ ပြန်လာသည်.. တက္ကသိုလ်ကောင်စီ အစည်းအဝေးတက်ပြီး ပြန်လာခြင်းဖြစ်သည်..
ငါသည် ကျောင်းသားတစ်ဦးဖြစ်သည်.. ယင်း အစည်းအဝေးတက်ရန်.. သခင်မြ(သာယာဝတီအမတ်) က ဘန်ကောက်လုံချည် ဝယ်ပေး၏.. ထိုစဉ်က လေးပင်လိမ် အကောင်းဆုံးမှ တစ်ဆယ့်ခြောက်ကျပ် ပေးရ၏.. သခင်ထွန်းဘော်(ထားဝယ်အမတ်) က အယ်လ်ပတ်ကားအပေါ်အကျီ ဝယ်ပေး၏.. သခင်အံ့ကြီး (ပခုက္ကူ အမတ်) က ခေါင်းပေါင်းဝယ်ပေး၏.. သခင်စိုးတင် (သထုံအမတ်) က ကတ္တီပါပိန်းတန်းဖိနပ် ဝယ်ပေး၏..
သခင်အောင်ဆန်း အစည်းအဝေးမှ ပြန်လာချိန် အစည်းအရုံးပေါ်တွင် သခင်တွေ အတော်များများ ရှိကြ၏.. သခင်တွေက ၎င်းအစည်းအဝေးတွင် ဘာတွေ ပြောဆိုကြသည်တို့ကို ကြားချင်နေကြ၏.. စိတ်ဆန္ဒစောနေကြ၏..
သခင်အောင်ဆန်းကား ဘာမှ မပြောနိုင်သေးပေ.. ရေချိုးခန်းထဲသို့ တန်းဝင်သွားပြီး တဗွမ်းဗွမ်း ရေချိုးနေ၏.. သခင်မြကြီးကား ၎င်းဝယ်ပေးထားသော ဘန်ကောက်လုံချည် အသစ်စက်စက်ကြီးကို ရေဝတ်ချိုးနေပြီ ထင်တယ်ဗျာဟု ညဉ်းညူ စိတ်ပူနေ၏.. ကျွန်တော်က ချိုးမှာမဟုတ်ပါဘူး ဗလာချီ ချိုးချင်ချိုးမှာပါဟု နှစ်သိမ့်ရ၏.. ရေချိုးခန်းထဲမှ သခင်အောင်ဆန်း ထွက်လာလေပြီ.. လား လား သခင်မြကြီး ထင်သည့်အတိုင်းပင် သခင်အောင်ဆန်းသည် ဘန်ကောက်လုံချည်ဝတ်ပြီး ရေချိုးလိုက်လေပြီ.. သခင်မြကြီးကား ပြုံးမဲ့မဲ့ဖြစ်သွားခါ..
ဟင်.. သခင်အောင်ဆန်း ဘယ့်နှယ့် ဘန်ကောက်လုံချည်ဝတ်ပြီး ရေချိုးတာလဲ ဟု မေးရှာ၏..
သခင်အောင်ဆန်းက ဟာ.. ကျွန်တော် ဘန်ကောက်လုံချည် အသစ်စက်စက်ကြီး မဝတ်ချင်ဘူးဗျာ ဟု ပြော၏.. သခင်အောင်ဆန်းကား တောက်တောက်ပပ သစ်သစ်လွင်လွင်ကြီးကို ထိုမျှပင် မုန်းရှာ၏..
ထို့နောက် အစည်းအဝေး တက်ခဲ့သည့်အကြောင်း ပြောလိုက် တဟားဟားရယ်လိုက်နှင့် ဆက်တိုက်အားရအောင် ပြောပြီး သမဂ္ဂအတွက် ရေးလိုက်ဦးမယ်ဆိုပြီး ဗြုန်းကနဲ ထကာ ရှုပ်ပွနေသော သူ့စားပွဲမှာ သွားထိုင်တော့၏..
သခင်ဗဟုန်
စံပယ်ဖြူ မဂ္ဂဇင်း
၁၉၈၈ ဧပြီလ
" ကျွန်တော်သိသော သခင်အောင်ဆန်း"
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 02, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment