CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, February 2, 2015
ဗိုလ်ချုပ်ရုပ်ရှင် ရံပုံငွေအတွက် ကျပ်တထောင်ကစပြီး လှူ နိုင်
ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး ရန်ပုံငွေအတွက် ငွေကျပ်တထောင်မှ စတင်ကာ
မည်သူမဆို ပါဝင်လှူဒါန်းနိုင်ပြီ ဖြစ်တယ်လို့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်
ဖြစ်မြောက်ရေး ကော်မတီကနေ သိရှိရပါတယ်။
အဲ့ဒီအစီအစဉ်မှာ ပါဝင်လှူဒါန်းလိုပါက မြန်မာနိုင်ငံ အရပ်ဒေသ အသီးသီးရှိ
မည်သည့် ပြည်တွင်း ပုဂ္ဂလိကဘဏ်မှာမဆို ဧရာဝတီဘဏ် စာရင်းရှင် နံပါတ် ၀၀၈၀ ၁၀၂၀
၁၀၀၀ ၃၂၃၀ နှင့် စုငွေစာရင်းနံပါတ် ၀၀၈၀ ၂၀၂၀ ၁၀၀၂ ၂၆၈၉ သို့ လည်းကောင်း၊
ပြည်ပမှ လှူဒါန်းလိုသူတွေအနေနဲ့ Western Union ဘဏ်စာရင်းအမည် “Bogyoke Aung San
Film Funding” သို့လည်းကောင်း လှူဒါန်းနိုင်တယ်လို့ ဗိုလ်ချုပ်ရုပ်ရှင်
ဖြစ်မြောက်ရေး ကော်မတီမှာ ဘဏ္ဍာရေးတာဝန်ယူထားတဲ့ ရုပ်ရှင်သရုပ်ဆောင်နဲ့
အဆိုတော် ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။
“ပြည်တွင်းမှာ ငွေကြေးတတ်နိုင်တဲ့ သူများကလည်း မိမိသဒ္ဓါတရား ရှိသလောက်
အတိုင်းအဆမရှိ ဘယ်လောက်ပဲဖြစ်ဖြစ် လှူဒါန်းနိုင်သလို ငွေကြေးမတတ်နိုင်ပေမယ့်
သိပ်လှူဒါန်းချင်ပါတယ်ဆိုတဲ့ ပြည်သူပြည်သားများ အားလုံးအနေနဲ့လည်း
ပြည်သူတဦးစီ လှူဒါန်းနိုင်တဲ့ အစီအစဉ်လေးလည်း ဖြစ်ပါတယ်” လို့ ထွန်းအိန္ဒြာဗိုလ်က
ပြောတာပါ။
ဆက်လက်ပြီး ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအတွက် ကော်မတီ စတင်ဖွဲ့စည်းတဲ့
အချိန်ကတည်းက ရန်ပုံငွေပေါင်း သိန်း ၁၅၀၀ ခန့် ရရှိခဲ့ပြီး
ရုပ်ရှင်ရိုက်ကူးရေးအတွက် နိုင်ငံတကာနဲ့ ချိတ်ဆက်ကြိုးပမ်းခြင်းနဲ့ တခြား
အစစ အရာရာ ကုန်ကျစရိတ်တွေကြောင့် သိန်း ၁၀၀၀ ကျော် ကျန်ရှိနေသေးကြောင်း၊
သို့သော်လည်း သိန်း ၁၀၀၀ ခန့်နဲ့ ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရန်
မဖြစ်နိုင်တဲ့အတွက် ရန်ပုံငွေ ထပ်မံ ရရှိအောင် ကြိုးစားရခြင်း
ဖြစ်ကြောင်း ထွန်းအိန္ဒြာဗိုလ်က
ပြောပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင်ကို ဒါရိုက်တာတယောက်အဖြစ် တာဝန်ယူ ရိုက်ကူးပေးမယ့်
မောင်မျိုးမင်း (ရင်တွင်းဖြစ်) က “နိုင်ငံသား တယောက်အနေနဲ့ ဗိုလ်ချုပ်ဇာတ်ကား
ဖြစ်မြောက်ရေးအတွက် ကျနော်တို့မှာ တာဝန်ရှိတယ်လို့ ယူဆပါတယ်။ အဲဒီလိုပဲ
ကျနော်တို့ လေးစားတဲ့ ခေါင်းဆောင်တယောက်ရဲ့ အတ္ထုပတ္တိ အနေနဲ့လည်း
မြန်မာ့သမိုင်းမှာ ရှိသင့်တယ်လို့ ထင်ပါတယ်။ အဲဒီဇာတ်ကား ဖြစ်မြောက်ဖို့အတွက်
ကျနော်တို့နဲ့အတူ နိုင်ငံသားတိုင်း မည်သူမဆို သဒ္ဓါတရား နည်းသည်ဖြစ်စေ
များသည်ဖြစ်စေ ကုသိုလ်ပါဝင်ရင်းနဲ့ ဒီဇာတ်ကားကြီးကို ဖြစ်မြောက်အောင်
ဝိုင်းဝန်းကူညီပါ” လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင် ရန်ပုံငွေအတွက် မည်သူမဆို ငွေကျပ်တထောင်
ပါဝင်လှူဒါန်းနိုင်မယ့် အဲ့ဒီအစီအစဉ်အပြင် လူရွှင်တော်အဖြစ် နေတိုး၊
မင်းမော်ကွန်း၊ ထွန်းထွန်းနှင့် ကျော်ကျော်ဗို တို့ ပါဝင်ပြီး သရုပ်ဆောင်
မေကဗျာ၊ ဖူးစုံ၊ မိုးယုစံတို့ ပါဝင်ကပြပေးမည့် “အောင်ဆန်းသူရိယနှင်းဆီ”
အငြိမ့်ကို ဖေဖော်ဝါရီ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တွေမှာ ရန်ကုန်မြို့၊
အမျိုးသားကဇာတ်ရုံတွင် ကျင်းပသွားမှာဖြစ်တယ်လို့ ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီမှ
သိရှိရပါတယ်။
ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ်အဖြစ် ၂၀၁၅ ခုနှစ်မှာ ဗိုလ်ချုပ် အတ္ထုပတ္တိ
ရုပ်ရှင်ကို ပြသနိုင်ရန် ရိုက်ကူးမယ်လို့ ၂၀၁၂ ခုနှစ်က ပြောကြားခဲ့ပေမယ့်လည်း
ရန်ပုံငွေ မလောက်ငှတဲ့ အနေအထားကြောင့် ဇာတ်ဝင်ခန်း လေးခန်းသာ ပါဝင်သည့်
အမြည်းဇာတ်ဝင်ခန်းများ (Teaser) ကို ကနဦး ရိုက်ကူးခဲ့တာပါ။
ဦးဇော်သက်ထွေးက ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရာတွင် အဓိကအားဖြင့် ရန်ပုံငွေ
အခက်အခဲ၊ ဇာတ်ကား ရိုက်ကူးရာတွင် လိုအပ်သည့် နည်းစနစ်များနဲ့ ရိုက်ကူးပေးမယ့် ပညာရှင်များ လိုအပ်ခြင်း စတဲ့ အခက်အခဲများ ရင်ဆိုင်နေရတယ်လို့လည်း ပြောပါတယ်။
၁၂ မိနစ်ခန့် ကြာမြင့်မယ့် Teaser ကို ဖေဖော်ဝါရီ ၄ ရက်နေ့ကစပြီး
မြန်မာနိုင်ငံရှိ ရုပ်သံလိုင်းများနဲ့ အွန်လိုင်းမှတဆင့် ကြည့်ရှုနိုင်ရန်
စီစဉ်ထားကြောင်း၊ “အောင်ဆန်းသူရိယနှင်းဆီ” အငြိမ့် ပြသမယ့်နေ့မှာလည်း
ပြသသွားမှာပါ။
ဒါ့ထက် ဗိုလ်ချုပ်မွေးနေ့ ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာလည်း တနိုင်ငံလုံးသို့ ပြသသွားနိုင်ရန် စီစဉ်ပေးမှာ ဖြစ်တယ်လို့လည်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောပါတယ်။
တင်ထက်ပိုင်
ဗိုလ်ချုပ်ရုပ်ရှင် ရံပုံငွေအတွက် ကျပ်တထောင်ကစပြီး လှူ နိုင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 02, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment