Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 15, 2015

ကျောင်းသားသပိတ်စစ်ကြောင်းများ ရန်ကုန်ဝင်လာပါက သဘောတူညီချက် ၁၁ ချက် ပျက်ပြယ်မည်ဟုဆို


ရန်ကုန်မြို့သို့ ချီတက်လာသော ကျောင်းသားသပိတ် စစ်ကြောင်းများ ရပ်တန့်ရေးနှင့် ပတ်သက်၍ အစိုးရ၏ တောင်းဆိုချက် အပေါ် သဘောတူညီချက် မရရှိ ခဲ့ခြင်းကြောင့် ထိပ်တိုက်တွေ့ဆုံဖွယ် အခြေအနေ မြင့်တက်လာ နေသည်။

‘‘ဒီလုပ်ငန်းစဉ်ကြီးက သူတို့ တောင်းဆိုထားတာတွေကို လုပ်ထားတာလေ။ အစိုးရဘက်က တောင်းဆိုတာ တစ်ခုပဲရှိတယ်။ သူတို့က ၁၁ ချက်အပြင် ကိုးချက်ကို တောင်းဆိုတယ်။ ၁၁ ချက် ရော၊ ကိုးချက်ရော အကုန်လုံး လုပ်ပေးလိုက်တယ်။ ဦးတို့ တောင်းဆိုတဲ့ တစ်ချက်တည်းက ရန်ကုန်မြို့သည် လောင်စာကြီး၊ မီးပွားသယ်လာလို့ မရဘူး။ သယ်လာမသင့်ဘူးပေါ့နော်။ သယ်လာရင် ပျက်သွားနိုင်တယ်ဆိုတော့ အဲဒီကတည်းက အကုန်ပျက်သွား နိုင်တယ်’’ ဟု ပညာရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးသန့်ရှင်းက လေးပွင့်ဆိုင်ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များကို ပြောသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဦးဆောင်နေသော ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်းသည် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းအတည်ပြုသည့် အဆင့်ထိ သပိတ်အား မရပ်နားဘဲ စောင့်ကြည့်၍ မည်သည့်အခြေအနေတွင်မဆို ရန်ကုန်မြို့သို့ ချီတက်မည်ဖြစ်ကြောင်း ကြေညာထားသည်။

‘‘ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ၁၅ ဦးရဲ့ သဘောထားက သပိတ်ရပ်ဆိုင်းခြင်းဆိုတာ လွှတ်တော်မှာ အတည်ပြုနိုင်ခြင်းဆိုတဲ့အပေါ် မှာ မူတည်ပါတယ်။ ဒါက ကျွန်မတို့ ၁၅ ဦးမှာ တူညီတဲ့ သဘောထားရှိတယ်။ ဒါပေမဲ့ လောလောဆယ် သပိတ်ပုံစံတွေကတော့ ဧရာဝတီနဲ့ ထားဝယ်သပိတ်စစ်ကြောင်းက ခေါင်းဆောင်ကော်မတီဝင်က သီးခြားသူတို့စစ်ကြောင်းတွေကို တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ သေချာတာကတော့ သပိတ်ရပ်ဆိုင်းမှာက အားလုံးအတူတူပါပဲ။ လှုပ်ရှားမှုပုံစံက ကွဲ ပြားချင် ကွဲပြားနိုင်ပါတယ်။ အကြမ်းဖျင်းသိရချက်အရတော့ ရန်ကုန်ကို ဆက်လာပါလိမ့်မယ်’’ ဟု သပိတ်မှောက်ကျောင်းသား ခေါင်းဆောင် မဖြိုးဖြိုးအောင်က ပြောသည်။

ဇန်န၀ါရီ ၂၀ ရက်က စတင် လမ်းလျှောက် သပိတ်မှောက်ခဲ့သော ကျောင်းသားသပိတ် စစ်ကြောင်းများသည် အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး အချက် ၁၁ ချက် တောင်းဆိုခဲ့ပြီးနောက် ပညာရေးလေးပွင့်ဆိုင် ဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ကာတောင်းဆိုချက်များကို မူအားဖြင့် သဘောတူညီခဲ့ကြကာ ဥပဒေကြမ်းရေးဆွဲ၍ လွှတ်တော်တွင် အတည်ပြုရမည့် အဆင့်သို့ ရောက်ရှိနေသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ယမန်နေ့က ပညာ ရေးလေးပွင့်ဆိုင်ဆွေးနွေးပွဲ ထပ်မံပြုလုပ်ခဲ့သော်လည်း အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းကို အပြီးသတ်ရေးဆွဲနိုင်ခဲ့ခြင်းမရှိဘဲ ဖေဖော်ဝါရီ ၁၅ ရက် တွင် ဆက်လက်ဆွေးနွေး ဆောင်ရွက်ကြမည်ဖြစ်သည်။

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းကို ဖေဖော်ဝါရီ ၁၆ ရက်တွင် လွှတ်တော်သို့ တင်သွင်း၍ အလျင်အမြန် အတည်ပြုပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေး လေးပွင့်ဆိုင် ဆွေးနွေးပွဲသို့ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုထားသည်။
http://7daydaily.com/story/31802#.VOCtHy49THR

No comments:

Post a Comment