Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 17, 2015

ရေဆင်း (သို့မဟုတ်) နိုင်ငံရေးစကားမပြောသောတက္ကသိုလ်



စနစ်တစ်ခုကြောင့် ဘ၀လမ်းကြောင်းတွေပြောင်းခဲ့ရတယ်။ အဲ့ဒီအတိုင်းလည်းလျှောက်ခဲ့ရတယ်။
နောင်လည်းလျှောက်ရဦးမှာပဲ။ အသက်တစ်ဝက်ကျိုးခဲ့ပြီလေ။ပြန်လှည့် ပြန်ပြင်လို့မရတော့ဘူး။
၁၉၉၉ ဆယ်တန်းအောင် ရေဆင်းတက္ကသိုလ်တက် ဘွဲရပြီးသူတွေ မခံစားနိုင်ဆုံးစကားက မင်းတို့ GTC မမှီဘူးလားဆိုတဲ့ စကားပဲ။
နောက်ကြောင်းတွေပြန်မကောက်ချင်ဘူးဗျာ။
ဒီအစိုးရဟာ ကျွန်တော်တို့ဆယ်ကျော်သက်ရွယ်လူငယ်တွေကို ပညာမတတ်စေချင်ခဲ့တာတော့ အမှန်ပဲ။
မှတ်မှတ်ရရပါပဲ။ ကျွန်တော့်အစ်ကို YIT ကျောင်းသားတစ်ယောက် ကျောင်းတွေပိတ်လိုက် အိမ်ပြန်လာလိုက်။
ကျောင်းတွေပိတ်လိုက်။ အိမ်ပြန်လာလိုက်နဲ့။နောက်ဆုံးတစ်ခေါက်တော့ အိမ်မပြန်နိုင်ပဲ အင်းစိန်ရောက် သွားတော့တာပါပဲ။
ခဏခဏ အမေးခံခံ နေရတဲ့ GTC ဆိုတာ အဲ့ဒီ ၁၉၉၉ ဆယ်တန်းအောင်တွေ တက်မဲ့နှစ်မှာစတာပါ။
တကယ်ပါပဲ ………..”ဖုန်းမော်ဆိုတာ သိလားကွ။ အဲ့ဒါ ငါတို့ကျောင်းက။ အာဏာရှင်ကို တော်လှန်တာ ငါတို့ကျောင်းကွ။ ခေတ်အဆက်ဆက်သမိုင်းလှန်ကြည့်………အဲ့ဒါငါတို့ကျောင်းကွ။”
ဒါပေမယ့်…………အဲ့ဒီ တော်လှန်တတ် ပုန်ကန်တက်သောကျောင်းတော်ကြီးဟာ ကျွန်တော်တို့ ၁၉၉၉ ဆယ်တန်းအောင်တွေတက်မယ်ဆိုတဲ့နှစ်မှာ ဖျက်သိမ်းခံလိုက်ရတာပါပဲ။
“YIT လား……..ရှိတော့ဘူးလေ”
“သားတို့က BE လိုချင်လို့လား။ BE မကောင်းပါဘူးကွယ်။ ကာလာလေးတွေ ပါတာကိုပဲသောက်ပါကွယ်။”
ကြောက်တယ်လေ သိတယ်မို့လား BE တွေက အာရဲတယ် အာသွက်တယ် အာရွှင်တယ်။
အဲ့တော့လိုင်စင်သိမ်းခံရတာပေါ့။ နဲတောင်နဲသေးတယ်။
ဘယ့်နှယ့်ဗျာ ရန်ကုန် အင်းစိန်ကြို့ကုန်းမှာ ကျောင်းကြီး အကြီးကြီး။တကယ့်ကိုမှ အကြီးကြီး။ ကျောင်သားတွေနေဖို့ထိုင်ဖို့ အဆောင်တွေတွေကလည်း အဆင်သင့်။ သင်ကြားရေးအထောက်အကူပစ္စည်းတွေကလည်း အစုံအလင်။
အဲ့ဒါကြီးကို……..အဲ့ဒါကြီးကိုဗျာ…………..ပိတ်ပစ်လိုက်တယ်တဲ့။
…………………………….
အဲ့ဒီတော့ ၁၉၉၉ ဆယ်တန်းအောင်တွေ ဘာလုပ်ရမလဲ………..
ဘယ်ကိုသွားမလဲ……..ဘယ်ကျောင်းတက်မလဲ
ဂုဏ်ထူးတွေကလည်း သုံးဘာသာ လေးဘာသာ တွေ အမှတ်တွေကလည်း ပလူပျံ……
လူဆေးရယ် သွားဆေးရယ်သာမမှီတာ YIT ကတော့ တန်းတန်းမတ်မတ်ကြီးတွေ
ရှိတော့ဘူးတဲ့……..ရှိတော့ဘူးတဲ့
“BE က မြှင့်လွန်းပါတယ် သားလေးတို့ရယ်
သားလေးတို့က အူရိုင်းတွေ အခုမှစမှာ ရေလေးကိုပဲ လေးငါးခွက်လောက်ကျင့်သောက်လိုက်ကြဦး ဟုတ်ပြီလား…..”
အမလေးလေး…….အမလေးလေး…….ပေါ်လာလိုက်တာ ပေါ်လာလိုက်တာ
GTC တွေ ဂျီတီစီတွေ သောက်သောက်လဲ….သောက်သောက်လဲ…တကယ့်ကို သောက်သောက်ပြီးလဲတာ
မယုံမရှိနဲ့ ကျောင်းသားတွေ အကျင့်စပျက်တာ အဲ့ဒီမှာစတာပဲ………
GTC GTC GTC……B.Tech…….BE
ဆယ်တန်းကို တော်သင့်ရုံအောင်သူမှန်သမျှ ၀င်ခွင့်ဝင်ဖြေလို့ရတယ်………
ရွှေကိုတော်ချောတွေက အမှတ်တပွေ့တပိုက်နဲ့ ဒါကြီးကိုကျတော့ မသတီဘူး
ကျောင်းတွေကလည်း ပေါ်လာလိုက်တာ ကျော်ဆည် ပုသိမ် ပြည် မှော်ဘီ အများကြီးပဲ………
အဲဒီမှာ ပြသနာစတက်တော့တာပါပဲ………တစ်ကျောင်းတည်းမှာ ဂုဏ်ထူးအများကြီးရထားတဲ့ ကျောင်းသားနဲ့ အမှတ်ချာတူးလန်းကျောင်းသားနဲ့ တစ်မိုးအောက်မှာအတူတကွ ဖြတ်သန်းရတယ်
လူပဲဗျာ…..သိတယ်မို့လား…….ထိုက်တန်မှုတော့လိုချင်ကြတာပါပဲ
သင်တဲ့ကြားတဲ့ဆရာတွေကလည်း အရမ်းတော်ကြ ရင့်ကျက်ကြတာဆိုတော့ ကျောင်းသားတွေက အရွဲ့တိုက်တဲ့ပညာတွေ အကုန်တက်ကုန်ကြတော့တာပါပဲ………..
အရက်သောက်သော ကျောင်းသား၊ ပေတေနေသော ကျောင်းသား၊ မော်တော်ပီကယ်ကို ဆိုင်ကယ်လမ်းပြောင်းပြန်မောင်းပြီး ကျောင်းသားကွဆိုပြီး ရန်ထောင်သောကျောင်းသား……”ရော့ ကျောင်းသားကဒ် လူမိုက်လက်မှတ်”
ပုံရိပ်ဖျက်ပွဲမှာ ပုံပျက်ပန်းပျက်ကျောင်းသားတွေစီးမျှောရင်း ကျောင်းသားဆိုတာ “ကလေကချေ” ဆိုတဲ့ ကင်ပွန်းအသစ်တွေနဲ့ လှတပတ အလိုကျဖျက်ဆီးခံလိုက်ရတာပါပဲ………
……………………………….
အဲ………အဲ……..မေ့သွားလို့ အစပြန်ကောက်ဦးမှ
အဲ့ဒီမှာ စဉ်းစားတယ်………အစ်ကိုတော်သွင်းပေးခဲ့တဲ့ တက္ကသိုလ်ပိုးကလည်း ရင်ထဲကို တော်တော်ရောက်နေပြီ….
“တက္ကသိုလ်ဆိုတာ အတွင်းဆောင်နေရမှ ပြည့်စုံတာကွ…..”
တစ်နိုင်ငံလုံးမှာလည်း ဘယ်ကျောင်းမှ အတွင်းဆောင်မပေး…….တက္ကသိုလ် ပရ၀ုဏ်မှာ ရှိကိုရှိရမယ့် လိုက်ဘရီစာကြည့်တိုက်ဆိုတာလည်းမမြင်…..လယ်တောထဲမယ် စာသင်ကျောင်းဆောင်အတွက်တောင် အနိုင်နိုင်…….
စကားမစပ် မအူမလည်နဲ့ သူနာပြုတက္ကသိုလ်တောင်ရောက်သွားလိုက်သေးသဗျ…..ဟီး ဟီး
မိန်းမလှကျွန်းလည်း မပျော်ပါဘူးဗျာ……………
ကိုယ်တွေလိုချင်တာ ခေတ်ဟောင်းက တက္ကသိုလ်……………..တက္ကသိုလ် ရနံ့ပေးနိုင်သော ပီဘိတကယ့် တက္ကသိုလ်………..
ဒီလို ဒီလို နဲ့ပဲဆိုပါတော့လေ………….
ငယ်ငယ်ကသစ်စေ့လေးကို အိမ်လည်သွားရင်း “ဒီဟာ….စိုက်လို့ရလား….” ဆိုပြီး ယူလာမိခဲ့တာက နိမိတ်ပုံလေလားမသိ….
ရေဆင်းမှာ အဆောင်ပေးတဲ့ကျောင်းသုံးကျောင်းရှိပါလျှက်နဲ့ စိုက်ပျိုးရေးကိုမှ တန်းတန်းမတ်မတ်ရွေးမိလျှက်သားဖြစ်သွားတာပါပဲ…………
အဲ့ဒီကိုရောက်တာလည်း ဇာတ်လမ်းက ဒီလိုဗျ……
တက်စရာကျောင်းမရှိလို့ အူလည်လည်နဲ့ကျွန်တော့လို မိန်းမလှကျွန်းရောက်လာတဲ့ ရခိုင်တစ်သိုက်ရယ် မုဒုံသားရယ်က အရပ်ထဲမယ် “မင်းတို့ဘယ်ကျောင်းတက်နေလဲ….. သူနာပြုတက္ကသိုလ်” “မင်းတို့ဘယ်ကျောင်းတက်နေလဲ သူနာပြုတက္ကသိုလ်….”ဆိုတာကြီးကို မခံစားနိုင်ဘူးထင်ပါတယ်
အဲ့ဒီအချိန်နဲ့အံကိုက်ပဲ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ဝင်ခွင့်လျှောက်ထားတဲ့ ခေါ်စာကျလာပါလေရောလား
အဲ့ဒီမှာ ဒီကောင်တွေတစ်သိုက်က ရှေ့တော်ပြေး ဆာဗေးဆင်းတဲ့အနေနဲ့ ရေဆင်းကိုသွားစုံစမ်းကြပါလေရော
ဒီကောင်တွေ သွားစုံစမ်းတဲ့အချိန် ကျောင်းက မဖွင့်သေးဘူးဗျ…
စပလီဖြေနေတဲ့ ကျောင်းသားကြီးတွေနဲ့ပဲတွေ့ခဲ့ရတာ….
အဲ့ဒီနောင်တော်ကြီးတွေကလည်း လူတွေကသာ စပလီဖြေတာ ၀မ်းတူတန်း ၀င်ရင် ဒေါ်လာဘယ်လောက်ပေးတာ မစ်ဆူဘီရှီဆုကြီးကလည်းရှိသေးတယ်
အစ္စရေးကိုလည်း ပညာတော်သင်လွှတ်တယ်ဆိုတော့ ဒီကောင်တွေ တော်တော်သဘောတွေ့တယ်
အဆောင်မှာ Annual dinner ကြီးကဘယ်လို အားကစားပွဲတွေက ဘယ့်နှယ် စာကြည့်တိုက်ကြီးကဘယ်လို…….စသည် စသည်ဖြင့်ပေါ့လေ
ပြန်လာတော့ ဒီကလူကလည်း တက္ကသိုလ်နဲ့တူသော တက္ကသိုလ်ကိုရှာဖွေနေသောသူဆိုတော့ ဒီကောင်တွေကို ကိုယ်ကတစ်ခုမေး “ဟေ…..တကယ်လား……..” ဒီကောင်တွေက ကိုယ့်ကို တစ်ခုပြော “ဟေ…..တကယ်လားနဲ့ “
သိပ်မကြာပါဘူး……….ရခိုင်တစ်သိုက်ကော မုဒုံသားကော ရေဆင်းပြောင်းပြေးကြပါလေရော
မုဒုံသားဆို စိုက်ပျိုးရေးကိုတက်ချင်လွန်းလို့ သားအမိကြား ဘွန်း ထိုးပြီးမှတက်ရတာ
စာချုပ်မှာ နှစ်စဉ်နှစ်တိုင်း ၀မ်းတူတန်းဝင်အောင်လုပ်ပါမယ်ဆိုပြီး လက်မှတ်ထိုး သူ့အစ်ကိုကပါ နေရင်းထိုင်ရင်း အဆစ်သူ့အတွက် သက်သေနေရာမှာ ၀င်လက်မှတ်ထိုးပေးလိုက်ရသေးတယ်……. တော်တော်လည်းရီရတဲ့ကောင်……တစ်နှစ်မှလည်း ၀မ်းတူတန်းမ၀င်ပါဘူး…တစ်နှစ်တစ်တန်းမှန်မှန် အောင်အောင်တောင် အသဲအသန်…..ဟီးဟီး
နောက်ပိတ်ဆုံးမတော့ ကျွန်တော်လည်း မချောလေးတွေရဲ့အဝေး ရေဆင်းမြေကိုပြေးခဲ့တာပါပဲ…….
…………………………………
အဆောင်ပေးသောတက္ကသိုလ် လိုက်ဘရီရှိသောတက္ကသိုလ် အားကစားပွဲတွေချိမ့်ချိမ့်သဲကျင်းပသော တက္ကသိုလ် တိုင်းရင်းသားပေါင်းစုံရှိသောတက္ကသိုလ်…..တက္ကသိုလ် ရနံ့ကို ပေးစွမ်းနိုင်သောတကယ့် တက္ကသိုလ်……
အဲ့ဒီတက္ကသိုလ်ကို ရောက်လာကြတဲ့ ၁၉၉၉ ကို ဂုဏ်ထူး သုံးလုံး လေးလုံးနဲ့အောင်လာခဲ့ကြတဲ့ သူတွေအများစုဟာ ရေဆင်းဝင်ခွင့်မကျခင် GTC ကိုတက်ခဲ့သူတွေတော်တော်များပါတယ်………
လူငယ်တွေပဲလေ ပညာနဲ့တူတဲ့ ပညာကို သင်ချင်ကြတာပေါ့……..
မျှော်လင့်သလိုမျိုး GTC ပညာသင်ကြားရေးက မပေးစွမ်းနိုင်တဲ့အခါ စိုက်ပျိုးရေးတက္ကသိုလ် တစ်နိုင်ငံလုံးတစ်ကျောင်းတည်းရှိသော တက္ကသိုလ်ကိုမျှော်လင့်တကြီးရောက်လာကြတော့တာပါပဲ………
အိမ်မက်တွေရိုက်ချိုးခံထားရတဲ့ လူငယ်တစ်စုဟာ အဲ့ဒီကျောင်းတော်ကြီးမှာ ပျော်ခဲ့ကြပေမဲ့ မတော်ခဲ့ကြပါဘူး…….
တစ်ချို့ဆို မတော်ရုံမက စာမေးပွဲတွေကျပြီး ကျောင်းမပြီးခဲ့သူတွေ…...
ကျောင်းကိုတက်ခဲ့ပေမယ့် စာမေးပွဲအောင်ရုံလောက်ပဲ လေ့လာလိုက်စားခဲ့သူတွေလည်းရှိခဲ့ပါတယ်…….
ကျောင်းကိုတော့ အပြစ်မတင်ပါဘူး……….
ကျောင်းတော်ကြီးက ရေစင်ကြီးရယ် ကျောင်းဝင်လမ်းက တမာတန်းရယ် ရေဆင်းဆည်ဘောင်ကကြည့်ရင် မှိုင်းညှို့ညှို့နဲ့ ရှမ်းရိုးမကြီးရယ်ကိုတော့ စိုက်ပျိုးရေးဘွဲ့ရ မောင်မယ်တွေကလွမ်းလျှက်ပါ……………
အခုလက်ရှိအနေနဲ့ကတော့ တစ်နိုင်ငံလုံးမှာ ကို့ရေဆင်းကွက်ကွက်လေးပဲ အဆောင်ပေး ထမင်းကျွေး သင်ထောက်ကူပစ္စည်းပြည့်စုံနေလို့ မြန်မာနိုင်ငံပညာရေး ကောင်းပါတယ်ဆိုပြီး ကြွေးကြော်မယ်ဆိုလျှင်တော့ ရေဆင်းတောင်ခြေက ခွာပြီး တစ်ခြားတစ်ခြားသော တက္ကသိုလ်တွေကို ခဏတဖြုတ် ဖြစ်ဖြစ်မြည်းစမ်းလေ့လာကြည့်စေချင်တာပါပဲ……….
ကျွန်တော့်အနေနဲ့ဆိုရင်တော့ နိုင်ငံရေးစကားမပြောသော တက္ကသိုလ်ကို နိုင်ငံရေးစကားပြောလာစေချင်တာပါပဲ။ ။
ဇာနည်မောင်မောင်ကျော်


No comments:

Post a Comment