ဆောင်းရာသီ ကာလအတွင်းမို့ မြူခိုးငွေ့လေးတွေနဲ့ ရေငွေ့လေးတွေက တဖြည်းဖြည်း တိမ်တိုက်ဆီကို လွင့်ပျံလို့ တက်သွားပါတယ်။
မီးလောင်ခဲ့ဖူးသော ကရင်နီ အမှတ် (၂) ဒုက္ခသည်စခန်း ရပ်ကွက် (၁) (ဓါတ်ပုံ-ကေတီ) |
အဲဒီနေရာကတော့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်နီး နယ်စပ်တစ်နေရာက ကရင်နီ အမှတ် ၂ ဒုက္ခသည်စခန်းပဲဖြစ်ပါတယ်။ ဒေသခံတွေကတော့ စခန်းတွင်းကွေ့ကောက်ပြီးဖြတ်သန်းစီးဆင်းနေတဲ့ မယ်စရင်းချောင်းရဲ့နာမည်နဲ့ တင်စားပြီး မယ်စရင်းစခန်းလို့လဲခေါ်ပါတယ်။
ကရင်နီ အမှတ် ၂ ဒုက္ခသည်စခန်းအဝင်မှာ ပထမဆုံးဆည်းကြိုလိုက်တာကတော့ ထိုင်း(အောဆော်)ဂိတ်နဲ့ စခန်းလုံခြုံရေးဂိတ်ကို ဖြတ်ရပါတယ်။ မိနစ်အနည်းငယ်အကြာမှာ လူနေအိမ် တဲလေး၊ စခန်းကော်မတီရုံး၊ NGOsရုံး၊ CBOsရုံးနဲ့ စာသင်ကျောင်း၊ ဘုရားကျောင်း၊ ဘော်ဒါဆောင်၊ ဆေးပေးခန်းစတာတွေကို တွေ့မြင်ရပါတော့တယ်။ အဲ့ဒီစခန်းမှာ ကရင်နီဒုက္ခသည် လူဦးရေအားဖြင့် ၃၀၀၀ဝန်းကျင် နေထိုင်ကြပါတယ်။
မနက်ခင်းတွင် ဆော့ကစားနေကြသော ဒုက္ခသည်ကလေးအချို့ (ဓါတ်ပုံ-ကေတီ) |
စခန်း ၂မှာဖွင့်ထားတဲ့ ကရင်နီပညာရေးဌာနလက်အောက်က ကျောင်းဟာလည်း မူကြိုကနေ ဆယ်တန်းလွန်အထိပဲ ရှိတာဖြစ်တဲ့အတွက် ကျောင်းဆက်တက်ချင်တဲ့ ကျောင်းသားတွေအတွက် အခွင့်အရေးတွေ အရမ်းနည်းနေတယ်လို့ သိရပါတယ်။
စခန်းရဲ့ ဆယ်တန်းလွန်ကျောင်းဖြစ်တဲ့ Karenni Furthre Study Program (KnFSP)မှာ လက်ရှိ ပထမနှစ်ကျောင်းသား ၂၃ဦးနဲ့ ဒုတိယနှစ်ကျောင်းသား ၁၄ ဦးတို့ကို Managementခစီမံခန့်ခွဲရေးဘာသာ၊ Mathသချာင်္၊ အိင်္ဂလိပ်English၊ လူမှုရေးဘာသာ Social၊နဲ့ သိပ္ပံ Science ဘာသာရပ်တို့ကိုသင်ကြားပို့ချပေးပါတယ်။
ကျောင်းသားတွေဟာ စခန်းထဲမှာ နောက်ဆုံးအဆင့် ကျောင်းပြီးရင်တော့ ပညာဆက်လက်သင်ယူ ချင်နေကြပေမယ့် သူတို့မှာ စခန်းအပြင်ထွက်ဖို့ အခွင့်အရေးမရှိတဲ့အတွက် ပညာဆက်လက်သင်ဖို့ကိုပါ ဆုံးရှုံးရပါတယ်။
အမှတ် (၂) ကရင်နီ ဒုက္ခသည်စခန်းရှိ ကျောင်းတကျောင်း (ဓါတ်ပုံ-ကေတီ) |
မိသားစု စားဝတ်နေရေးအခက်အခဲကြောင့် ကယားပြည်နယ် မော်ချီးဒေသကနေ ကရင်နီဒုက္ခသည် အမှတ် ၂စခန်းကို ပညာဆက်လက်သင်ယူနိုင်ဖို့ ၃နှစ်ခန့် လာရောက်နေထိုင်ခဲ့တဲ့ KnSFP ဒုတိယနှစ်ကျောင်းသား စောစင်ဘာက အခုလိုပြောပါတယ်။
“ကျနော်တို့အသိုင်းဝန်းမှာ ကျောင်းဆရာ၊မ အရမ်းလိုနေတယ် ကျနော်လည်းဝင်ကူချင်ပါတယ်။ ဒါပေမယ့် အဆင့်အတန်းမမှီသေးတော့ ကျောင်းဆက်တက်ချင်သေးတယ်။ ပြီးမှ ပြန်ကူချင်တယ်။ ကျောင်းဆက်တက်မှာပေါ့ အနာဂတ်အတွက်။ ဖောင်လာရင်ဖြေကြည့်မယ်”
စခန်းထဲမှာ အပြင်ထွက်ခွင့် ပညာဆက်လက်သင်ယူခွင့်မရှိတဲ့အတွက် ယူအဲန်ရှိသူတွေက တတိယနိုင်ငံလို့ အများသိထားကြတဲ့ ယူအဲန်အိတ်စီအာမှ ခေါ်ယူတဲ့ ပြန်လည်နေရာချထားရေးအစီအစဉ်နဲ့ ထွက်သွားကြတာ ရှိသလို တချို့က ယူအဲန်မရှိလို့ စခန်းထဲမှာပဲ နေကြရပါတယ်။
“ကျောင်းသားတွေ ပညာလိုချင်ကြတယ် စိတ်အားထက်သန်ကြတယ် ဒါပေမယ့် ဆ၇ာမမရှိတော့ သူတို့တွေ ပညာကို ဒီလိုပဲ လက်လွတ်ရတော့မလား။ ကျနော်လည်း ပညာရေးက ဘဝအတွက်ပေါ့ ပြီးရင် အသိုင်းအဝိုင်းစသဖြင့်ပေါ့ ကိုယ့်လူမျိုးတွေအတွက်ပေါ့ ပညာရေးက နိုင်ငံရေးနဲ့ ဒွန်တွဲနေတယ်လေ ဆိုတော့သူက အခြေခံတစ်ခုပေါ့ ပညာရေးက အခြေခံပေါ့”လို့ စောစင်ဘာက ပညာရေးနဲ့ပါတ်သက်ပြီးသူ့ရဲ့ အမြင်လေးကို အခုလိုပြောပါတယ်။
စခန်းထဲမှာနေပြီး အပြင်မထွက်ရတဲ့အတွက် ကျောင်းပိတ်ရက်တွေမှာ ရွာနားက တောထဲသွားပြီး အသီးအရွက်ရှာစားတာရှိသလို မိသားစုခြံလေးတွေမှာ အချိန်ဖြုန်းတတ်ကြပါတယ်။
ကျောင်းမှာတက်နေတဲ့ ဖိုးအယ်ခူနဲ့ အယ်ဒိုဖောတို့ သူငယ်ချင်းနှစ်ယောက်ကတော့ ကျောင်းပြီးရင် စခန်းထဲမှာပဲ ကျောင်းဆရာမပြန်လုပ်ကူဖို့ စိတ်ကူးရှိကြောင်း ကျောင်းဆက်တက်ချင်ပေမယ့် အခွင့်အရေးမရှိကြောင်းနဲ့ နိုင်ငံခြားထွက်သွားချင်ပေမယ့် ဒုက္ခသည်စခန်းအတွင်းလာနေတာ မကြာသေးတဲ့အတွက် ယူအဲန်မရှိလို့ မသွားရကြောင်း ပြောပါတယ်။
အယ်ဒိုဖောက “သွားချင်တယ် ဒါပေမယ့် ယူအဲန်မရှိဘူး။ သွားချင်တာက ပညာဆက်သင်ချင်တာပါ။ ရွာမှာနေတုန်းက ကျောင်းမတက်နိုင်ဘူးလေ ဟိုတစ်ယောက်လည်း ကျောင်းတက်ချင် ဒီတက်ယောက်လည်း ကျောင်းတက်ချင်တော့ မိဘတွေက မတတ်နိုင်ဘူးလေ။ ဒါကြောင့် ဒီဖက်ကိုလာပြီးကျောင်းတက်တာပေါ့”လို့ ပြောပါတယ်။
စခန်းအတွင်းမှာ လွတ်လပ်မှုရှိနေပေမယ့် အပြင်ထွက်ခွင့်မရှိတဲ့အတွက် ငြီးငွေ့တဲ့အကြောင်းနဲ့ အပြင်ထွက်ခွင့်ရှိသင့်ကြောင်းကို KnSFP ကျောင်းသား စောဂေတာမူးက ပြောပါတယ်။
လက်ရှိမြန်မာအစိုးရနဲ့ ကေအဲန်ပီပီတို့ အပစ်ခတ်ရပ်စဲရေးယူနေကြပေမယ့် နိုင်ငံရေးအခြေအနေ ကောင်းတယ်လို့ မပြောနိုင်သေးတဲ့အတွက်ပြန်ဖို့ စိတ်မကူးကြောင်းကို စောဂေတာမူးက အခုလိုပြောပါတယ်။
“ကျနော်တို့ လေ့လာရေးဆင်းသေးတယ် အနောက်ဖက်ကမ်းမှာ တစ်လ။ ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ ဘာမှမသေချာအရေရာသေးဘူးပေါ့နော် ပြန်လည် နေထိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုမရှိသေးဘူးပေါ့နော်။ ဒါကြောင့်ပြန်လည်နေထိုင်ဖို့ဆိုတာ ကျနော်မစဉ်းစားသေးဘူး”
စခန်း ၂မှာလက်ရှိ ရှိနေကြတဲ့ ဆယ်ကျော်သက်လူငယ်အများစုဟာ ပညာရေးကိုတန်ဖိုးထားကြတာကိုတွေ့ရပါတယ်။ သူတို့ရဲ့အခြေအနေက ပညာရေးအခွင့်အလမ်းသာရှိရင်တော့ ချောင်ပိတ်နေတဲ့စခန်းကနေ ထွက်ဖို့ နေ့ရောညပါအသင့်ပါပဲ။
ခက်တာက အထက်တန်းပညာပြီဆုံးသွားရင် အပြင်ဘက်မှာပညာတွေဆက်လက်သင်ယူခွင့်မရှိကြပါဘူး။ ဒါနဲ့ပဲသူတို့တတွေရဲ့ ဘ၀ဟာ တနှစ်ပြီးတနှစ်အချိန်တွေကုန်ဆုံးလာခဲ့သည်မှာ နှစ်ပေါင်း ၂၀ကျော်သွားခဲ့ပါပြီ။
ကျမတော့ ဒီကလေးတွေပညာကို စိတ်အားထက်သန်နေတာကိုတွေ့ရလို့ ဂုဏ်ယူနေမိတယ်။ သူတို့တတွေ တွန်းထွက်နေတဲ့တံခါးကို ကျမတို့ဘာကြောင့် မဖွင့်ပေးနိုင်တာလဲဆိုတာကိုပဲ နားလည်ရခက်မိတာပါ။ အမှန်က ယခုလိုပွင့်လင်းအချိန်ကာမျိုးမှာ ပညာရေးနဲ့ပါတ်သက်ပြီး ဒုက္ခသည်ကလေးတွေအတွက် အပြောင်းအလဲတွေ ဖန်တီးပေးကြဖို့အချိန်ကောင်းလဲဖြစ်ပါတယ်။
သူများမြေ၊ သူများရေ၊ တိုင်းတပါးမှာ အောက်ကျနှောက်ကျခံပြီး ပညာရေးအတွက် မျော်လင့်ချက်တကြီးနဲ့ အောင့်အီးနေကြရတဲ့ ဘ၀တူ လူငယ်လေးတွေအတွက် ဘာမှမကူညီနိုင်တာကိုလဲ ကျမနကိုယ်ကျမ အားမလိုအားမရဖြစ်နေမိတယ်။ ဒါက နယ်စပ်ရှိကရင်နီဒုက္ခသည်တွေရဲ့ ပညာရေးအခန်းကဏ္ဍအတွက် အပြောင်းအလဲကာလမှာ ဘာအရိတ်အရောင်မှမပြသသေးတာပါပဲ။
စောဂေတာမူးလို ဆယ်ကျော်သက်အရွယ် ကျောင်းသားလေးတွေရဲ့ဘ၀ဟာ ပြည်ပပြည်တွင်းမပြောနဲ့ အမှတ် ၁ဒုက္ခစခန်းက ဘ၀တူဒုက္ခသည်ကျောင်းသားလေးတွေနဲ့ တနှစ်တခါတွေ့ဆုံဖို့ မလွယ်ကူလှတဲ့အခြေအနေမှာပါ။ သူတို့တတွေဒီအခြေအနေကို ဘယ်လောက်ကြာကြာရင်ဆိုင်ကျော်ဖြတ်ရဦးမလဲဆိုတာကိုလဲ အတတ်မပြောနိုင်ကြပါဘူး။
စောဂေတာမူးပြောနိုင်တာတခုက…“ကျောင်းဆက်တက်မယ်လို့ ရည်ရွယ်ထားတယ်။ ဒါပေမယ့် ပညာရေးဖက်မှာဆိုရင် ဆရာ၊မတွေ မလုံလောက်တာတွေကိုတွေ့နေရတယ်။ ကျောင်းဆရာလုပ်မလား။ ကျောင်းဆက်တက်မလားမသိသေးဘူး”
ပညာရေးကိုစိတ်အားထက်တန်မှုရှိနေကြတဲ့ ဒီကလေးတွေအတွက် အခုချိန်မှာ ကျမတို့အနေနဲ့ ဘာမှမလုပ်ပေးနိုင်ဘူးဆိုရင်ဖြင့် သူတို့ရဲ့အဏာဂါတ်ဘာတွေဖြစ်လာမလဲဆိုတာကို မယ်စရင်းစခန်းမှ အပြန်လမ်းတလျောက် တွေးရင်းတွေးရင်း စိုးရိမ်ပူပန်မှုတွေ ပိုသတဲ့ပိုလာပါတော့တယ်။
Written by စူးမယ်
http://www.ktimes.org/index.php/feature/1154-2015-02-19-07-31-18
No comments:
Post a Comment