CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, February 9, 2015
ဒေါက်တာ သိန်းလွင်ကို အင်န်အယ်ဒီ ဗဟိုပညာရေးကော်မတီမှ ထုတ်ပယ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည်
ရန်ကုန် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုပညာရေးကော်မတီမှ ဒေါက်တာသိန်းလွင်ကို ထုတ်ပယ်လိုက်ကာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးစီးမည့် အဖွဲ့အသစ်ကို ပြန်လည်ဖွဲ့စည်းမည်ဟု ပါတီဗဟိုအလုပ်မှုဆောင် ဦးဟံသာမြင့်က ဖေဖော်ဝါရီ ၉ရက်တွင် မဇ္ဈိမကိုပြောသည်။
ဖေဖော်ဝါရီ ၇ရက်က NNER၏ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ဒေါက်တာသိန်းလွင်။ (ဓာတ်ပုံ-သက်ကို၊မဇ္ဈိမ)
၎င်းက "ဒေါက်တာသိန်းလွင်ကြောင့် ကော်မတီကို အသစ်ပြန်ဖွဲ့တာတော့ မဟုတ်ဘူး။ ၂၀၁၄ စက်တင်ဘာ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးကတည်းက ဆုံးဖြတ်ထားပြီးသားပါ၊ သူပြန်ပါမပါတော့မသိပါဘူး၊ ပညာရေးကိစ္စ အရေးကြီး လုပ်စရာတွေရှိလာလို့ ဒေါ်စုကိုယ်တိုင် ဦးဆောင်မှာပါ" ဟု ဆိုသည်။
လက်ရှိတွင် လုပ်ငန်းများ ရပ်ဆိုင်းထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပညာရေးကော်မတီကို ပါတီ ဗဟိုအလုပ်မှုဆောင် ဦးဟံသာမြင့်က ဦးဆောင်ပြီး ဒေါက်တာသိန်းလွင်က အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ခြင်းဖြစ်သည်။
ဒေါက်တာသိန်းလွင်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ စည်းမျဉ်းစည်းကမ်း၊ တားမြစ်ချက်များကို မလိုက်နာ ခြင်းကြောင့် အရံဗဟိုအလုပ်မှုဆောင် ကော်မတီဝင်၊ ဗဟိုကော်မတီဝင် အဖြစ်မှ ရပ်နားလိုက်ကြောင်း နှင့် ဗဟိုပညာရေးကော်မတီတွင် တာဝန်ထမ်းဆောင်မှုများကိုလည်း ရပ်ဆိုင်းကာ ကော်မတီကိုလည်း အသစ်ပြန်လည် ဖွဲ့စည်းသွားမည်ဟု NLD က ဖေဖော်ဝါရီ ၉ရက်တွင် ထုတ်ပြန်သည်။
NLD ဗဟိုအလုပ်မှုဆောင် ဦးထွန်းထွန်းဟိန်က "သူ့ကို အရံ စီအီးစီ၊ စီစီ ကနေ ထုတ်ပေမယ့် သူက ပါတီဝင်အတိုင်း ဆက်ရှိနေပါသေးတယ်။ ပါတီဝင်အားလုံးကို စည်းကမ်းထိန်းသိမ်းရေးကပဲ စည်းကမ်းနဲ့ မညီရင် မညီတဲ့အတိုင်း ဆောင်ရွက်ပါတယ်" ဟု မဇ္ဈိမကိုပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ဦးစီးမည့် ဗဟိုပညာကော်မတီ အသစ်ကို ဖေဖော်ဝါရီ လကုန်အတွင်း ကျင်းပမည့် ဗဟိုအလုပ်မှုဆောင် ကော်မတီ အစည်းအဝေးတွင် စတင်ဆွေးနွေးနိုင်ပြီး မြန်မာ့ ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းများအတွက် ဆောင်ရွက်ရန် ပြင်ဆင်ဖွဲ့စည်းမည်ဟု ဦးဟံသာမြင့်ကဆိုသည်။
ဒေါက်တာသိန်းလွင်သည် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဝင်တစ်ဦးဖြစ်ပြီး ကျောင်းသား၊ NNER (မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်)၊ အစိုးရ နှင့် လွှတ်တော်တို့ တွေ့ဆုံခဲ့သည့် လေးပွင့်ဆိုင်အစည်းအဝေးသို့  တက်ရောက်ခဲ့ပြီး ယင်းသို့ တက်ရောက်ခြင်းမှာ NLD ကို ကိုယ်စားပြု တက်ရောက်ခြင်း မဟုတ်ကြောင်း၊ NLD အဖွဲ့ ဝင်များအနေဖြင့် အခြားအဖွဲ့ အစည်းများနှင့် ဆက်သွယ် ညှိနှိုင်းဆောင်ရွက်ရာတွင် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ က အပ်နှင်းသည့် တာဝန်အရသာ ဆောင်ရွက်ခွင့်ရှိကြောင်း၊ သို့ဖြစ်၍ NLD က စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁ ရက်စွဲဖြင့် ထုတ်ပြန်သည့် NLD ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ယင်းနောက် ဒေါက်တာ သိန်းလွင်သည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၀င်အဖြစ်မှ နုတ်ထွက်ရမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောထားသေးသည်။
ယင်းသို့ NLD က ထုတ်ပြန်ပြီးနောက်တွင်မူ ဒေါက်တာသိန်းလွင်က ဆွေးနွေးပွဲတွင် ပါဝင်သောကြောင့် ပါတီစည်းကမ်းချက်များနှင့် မကိုက်ညီပါက ပါတီ၏ ဆုံးဖြတ်ချက်ကို ခံယူမည် ဖြစ်သည်ဟု ဖေဖော်ဝါရီ ၃ရက်က နေပြည်တော်တွင် ပြုလုပ်သည့် အမျိုးသား ပညာရေး ဥပဒေ လေးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးပွဲ ပျက်ပြားအပြီး ပညာရေးဝန်ကြီးရုံး ဂိတ်အဝ၌ သတင်းစာရှင်းလင်း ပွဲပြုလုပ်စဉ် ထည့်သွင်းပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၉ ရက်တွင်မူ မဇ္ဈိမက ဒေါက်တာသိန်းလွင်သို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/38700-2015-02-09-15-09-16
ဒေါက်တာ သိန်းလွင်ကို အင်န်အယ်ဒီ ဗဟိုပညာရေးကော်မတီမှ ထုတ်ပယ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 09, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment