Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 3, 2015

အလုပ်သမားများ၏ နေရေး လိုအပ်ချက်မှာ အမြင့်မားဆုံးဖြစ်နေ


ရန်ကုန် ဖေဖော်ဝါရီ ၂

မြန်မာနိုင်ငံ တစ်ဝန်းရှိ ပုဂ္ဂလိက စက်ရုံ အလုပ်ရုံနှင့် ကုမ္ပဏီများရှိ အလုပ်သမားများ၏ နေ့စဉ်စားဝတ် နေရေး ပြဿနာ များတွင် နေထိုင်မှု အတွက် လိုအပ်ချက်မှာ အမြင့်မားဆုံး အခြေအနေသို့ ရောက်ရှိ နေသောကြောင့် အမြန်ဆုံး ဖြေရှင်း ရန်လို အပ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောသည်။ ''ရန်ကုန်မှာ အဆိုးဆုံး အခြေအနေ ဖြစ်နေပါတယ်။ အလုပ်သမား တစ်ယောက်ရဲ့ လစာ ထက်ဝက်နီးပါး လောက်က နေထိုင်မှု အတွက် အသုံးပြုနေရတဲ့ အတွက် ဒါဟာ အဓိကပြဿနာ ဖြစ်နေပါပြီ'' ဟု ၄င်းက ဆက်ပြောသည်။

စက်မှုဇုန်များရှိ အလုပ်သမားများကို နေထိုင်မှု ဒုက္ခ အခက်အခဲ ပြေလည် စေရန် စက်ရုံ အလုပ်ရုံ ခြံဝင်းများ အတွင်း၌ အဆောင်များ ဆောက်လုပ်ခြင်းနှင့် စက်ရုံ ပြင်ပမြေလွတ် နေရာများတွင် လုပ်ငန်း ရှင်များ ဘက်မှ နေထိုင်စရာများ ဖန်တီး နိုင်ရန် ဆွေးနွေး လျက်ရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ သိရသည်။

စက်ရုံအလုပ်ရုံများတွင် အချိန်ပိုအလုပ်ချိန်များ ကြာမြင့်စွာခိုင်း စေခြင်းမရှိရန် စက်ရုံဝင်းအတွင်း ၌ နေထိုင်စရာများ ဆောက်လုပ်ခွင့် ရုပ်သိမ်းထားရာ ပြန်လည်စဉ်းစားသုံးသပ်ရန်လိုအပ်လာပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာနည်းတူ အလုပ် သမားများ၏ အလုပ်ချိန်ခိုင်းစေမှု စည်းကမ်းများမှာ လိုက်နာမှုများ ရှိလာသောကြောင့် စက်ရုံအလုပ်ရုံ ခြံဝင်းအတွင်း၌ အလုပ်သမားများ နေထိုင်ရန် စီစဉ်လျက်ရှိရာ စက်မှု ဇုန်လုပ်ငန်းရှင်များနှင့်တိုင်ပင်ဆွေး နွေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် အလုပ်သမားများ၏ လူနေမှုဘဝ အသုံးစရိတ်စစ်တမ်းကောက်ယူမှုမှ ရရှိလာသောရလဒ်များအရ အလုပ်သမား တစ်ဦး၏ ဝင်ငွေမှာ နေထိုင်စရိတ်ပေးချေမှုတွင် အများဆုံးအသုံးပြုလျက်ရှိကြောင်း သိရသည်။ ''ဝယ်နေတာ မဟုတ်ဘူး။ ငှားနေတာပါ။ ဒါတောင် အလုပ်သမားတွေအတွက် အဆင်ပြေပြီး လူတန်းစေ့မနေရပါဘူး။ အဆောင်ကျဉ်းကျဉ်းမှာ ကျပ်ကျပ်တည်းတည်း နေရတဲ့ ဘဝတွေပါ။ နေထိုင်စရာဖန်တီးပေးဖို့ နိုင်ငံတော်က စီစဉ်သင့် နေပါပြီ''ဟု အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်မှ ဦးအောင်လင်း က ပြောသည်။

 အလုပ်သမားများအတွက် လူမှုဖူလုံရေးအဖွဲ့မှ အိမ်ရာစီမံကိန်း များဆောက်လုပ်ရန် ငွေကျပ်သန်းတစ်ထောင်ခန့် လျာထား သုံးစွဲမည်ဟု ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့ရာအလုပ်သမားများမှာ အဓိကမျှော်လင့်လျက်ရှိကြောင်းသိရသည်။

ပြည့်ဖြိုးကျော်
The Union Daily
http://uniondaily.net/News/DetailView.aspx…

No comments:

Post a Comment