မြန်မာအကသင်တန်းတွင် သင်ကြားပေးနေသော ဆရာမ မသန္တာသည် မြန်မာနိုင်ငံတွင် နာမည်ကျော် မင်းသမီးကြီး ဒေါ်ကောလိပ်မြိုင်ထံတွင် နည်းနာခံယူ သင်ကြားခဲ့သော တပည့်ဟောင်း တစ်ဦး ဖြစ်ကြောင်း သိရသည်။ဆရာမ မသန္တာသည် မြန်မာနိုင်ငံတွင် တက္ကသိုလ်ပညာ သင်ကြားရင်း အကပြိုင်ပွဲများ ပါဝင်ခဲ့ပြီး၊ ဂျပန်နိုင်ငံနှင့် စင်ကာပူနိုင်ငံမှာလည်း မြန်မာ့ရိုးရာ အကအနုပညာကို တင်ဆက်ခဲ့ကြောင်း ကမ္ဘာသစ်မီဒီယာသို့ ပြောပြပါသည်။ ကယ်လီဖိုးနီးယား ပြည်နယ်သို့ ပြောင်းရွှေ့လာသည့် ၂၀၀၇ ခုနှစ်ကတည်းက မြန်မာကလေးသူငယ်များကို မြန်မာ့ရိုးရာ အကအမျိုးမျိုး စေတနာ့ဝန်ထမ်း သင်ကြားပေးနေခဲ့သည်။
တက္ကသိုလ်ကောင်းကောင်းဝင်ရေး အထောက်အကူ
မြန်မာ-အမေရိကန်လူမျိုးများ ကွန်ရက်အသင်း (Network of Myanmar American Association) သည် သင်တန်းပုံစံ စနစ်တကျ တိုးချဲ့ဖွင့်လှစ်ရန် ခြေလှမ်းသစ် စတင်ခဲ့သည်။ အထူးသဖြင့်၊ လော့စ်အိန်ဂျယ်လိစ် ဆင်ခြေဖုံးဒေသများတွင် ပညာသင်ကြားနေသော ကျောင်းသူကျောင်းသားများအတွက် ကျောင်းသင်ခန်းစာ လိုအပ်ချက်တစ်မျိုး ဖြစ်သော အကသင်တန်းဆင်းလက်မှတ်၊ အသင်းတွင် ပါဝင်ကူညီမှုထောက်ခံစာတို့ကို ရယူနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ၊ ထောက်ခံချက်သည် တက္ကသိုလ်၊ ကောလိပ်ကောင်းကောင်း ဝင်ခွင့်လျှောက်ထားရာတွင် အထောက်အကူ ဖြစ်စေမည်ဟုNetMAA ၏ ဥက္ကဋ္ဌ ဦးအောင်မင်းနိုင်က ရှင်းပြသည်။
ဇူလိုင်နှင့် ဩဂုတ်၊ နွေရာသီ ကျောင်းပိတ်ရက် ကာလတွင် မြန်မာနိုင်ငံမှ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်နှင့် အကဆရာမ သီတာဝင်းကို ခေါ်ယူ သင်ကြားပေးမည်ဟုလည်း သိရပါသည်။
အကသင်တန်းသူ သင်တန်းသားများအတွက် လိုအပ်သော ထိုင်မသိမ်းနှင့် ဝတ်စုံများကိုလည်း သင်တန်းမှ အခမဲ့ ပံ့ပိုးမည် ဖြစ်၍ အခြားမြို့များသို့ သွားရောက် ဖျော်ဖြေသည့် စရိတ်စကများကိုလည်း NetMAA အသင်းမှ ကျခံပေးမည် ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးအောင်မင်းနိုင်က ပြောကြားသည်။
မြန်မာယဉ်ကျေးမှု အကသင်ကြားထားသော ကလေးသူငယ်များသည် လော့စ်အိန်ဂျယ်လိစ်၊ ဆန်ဖရန်စစ္စကို မြန်မာ့ရိုးရာ သင်္ကြန်ပွဲများတွင် ကပြဖျော်ဖြေနေပြီး၊ ထိုမျှသာမက နိုင်ငံတကာ ယဉ်ကျေးမှုပွဲတော်များတွင်လည်း မြန်မာအကဖြင့် ပွဲလယ်တင့်ခဲ့သည်။ အကသင်တန်းမှ မြန်မာ့ရိုးရာ အကပဒေသာဖြင့် ဖျော်ဖြေခဲ့သော နိုင်ငံတကာပွဲများမှာ Southeast Asia Culture Day (Aquarium of the Pacific), Asia Family Day (Asia Pacific Museum), Asia and Pacific Island American Heritage Month Celebration (City of Los Angeles), Asia Cultural Festivals (San Diego) စသည်တို့ ဖြစ်သည်။
“ကျွန်တော်တို့ အသင်း ဖွဲ့စည်းခြင်း ရည်ရွယ်ချက်တစ်ခုက art & culture အနုပညာနဲ့ ယဉ်ကျေးမှုလည်း အဓိကအနေနဲ့ ပါဝင်ပါတယ်။ ဒီနိုင်ငံကို ငယ်ငယ်ကတည်းက ရောက်လာသူ၊ ဒီမှာ မွေးဖွားသူ မြန်မာကလေးသူငယ်တွေ မြန်မာ့ယဉ်ကျေးမှု မေ့ပျောက်မသွားအောင် ဒီသင်တန်းကို ဖွင့်လှစ်တာပါ” ဟု ဦးအောင်မင်းနိုင်က ကမ္ဘာသစ်မီဒီယာသို့ ပြောကြားသည်။
“နိုင်ငံတကာပွဲတွေကို သွားရောက် တင်ဆက်တဲ့အခါမှာ လေ့ကျင့်မှု ကောင်းကောင်း ရှိဖို့ အရေးကြီးပါတယ်။ ထိုင်း၊ လာအို၊ ကမ္ဘောဒီယား စတဲ့ နိုင်ငံတွေက အကအဖွဲ့တွေနဲ့ ယှဉ်ရင် မြန်မာ့ယဉ်ကျေးမှုကို လူမျိုးခြားတွေ အထင်မသေးအောင် စနစ်တကျ လေ့ကျင့်သင်ကြားပေးဖို့ လိုပါတယ်” ဟု ၎င်းက ပြောကြားသွားသည်။
မြန်မာယဉ်ကျေးမှု အကသင်တန်း တက်ရောက်လိုလျှင် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် စာရင်းပေးနိုင်ပါသည်။
ဆရာမ မသန္တာ 626-400-0920
NetMAA Office 626-537-9990
email: info@netmaa.org
email: info@netmaa.org
http://kabarthit.com/index.php?option=com_content&view=article&id=589:2015-02-05-19-54-30&catid=8:2013-10-13-17-09-02&Itemid=214
No comments:
Post a Comment