Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 5, 2015

ရန်ကုန်မြို့တွင် ကျောင်းသား သပိတ် ထောက်ခံပွဲ ကျင်းပမည်


ဒီမိုကရေစီ ပညာရေး ကျောင်းသား သပိတ်ကို ထောက်ခံကြောင်းနဲ့ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင် ဆွေးနွေးပွဲကို ပြန်စဖို့ တိုက်တွန်းတဲ့ လူထုလှုပ်ရှားမှု တခုကို ရန်ကုန်မြို့မှာ  ဖေဖော်ဝါရီ ၈ ရက်နေ့ ကျင်းပမယ်လို့ ကျောင်းသားခေါင်း ဆောင်တွေက ကြေညာပါတယ်။

လူထုလှုပ်ရှားမှုနဲ့ ပတ်သက်လို့ အနုပညာတက္ကသိုလ် ကျောင်းသား ကိုအောင်သောင်းက “တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၈ ရက်နေ့) မနက် ၁၀ နာရီမှာ တာမွေ ဗိုလ်စိန်မှန်ကွင်းဘေးကနေ ကျနော်တို့ စထွက်မှာပေါ့။ ကျနော်တို့က တကသ၊ ရကသ၊ ဗကသတွေမှာ မပါဝင်တဲ့ ကျောင်းသားတွေကို စုစည်းပြီးတော့၊ ဗကသလည်း ပါတယ်ပေါ့ဗျာ၊ ကျောင်းသား အစုံ စုစည်းပြီးတော့ ထောက်ခံတယ်ဆိုပြီး လုပ်မှာ။ အဲဒီကနေ ဆူးလေအထိ ချီတက်မယ်၊ မြို့တော်ခန်းမဘေးမှာ ပြီးမယ်” လို့ ပြောပါတယ်။

ဒီလူထုလှုပ်ရှားမှုရဲ့ လိုလားတောင်းဆိုချက်တွေအဖြစ် “သပိတ်တော့မဟုတ်ဘူးပေါ့။ သပိတ် မှောက်ကျောင်းသားတွေကို ထောက်ခံတယ်ဆိုတဲ့ သဘောပေါ့။ ကျောင်းသားတွေကို  အကြမ်း မဖက်ပါနဲ့၊ သူတို့ငြိမ်းချမ်းစွာချီတက်နေတာပါ ကျနော်တို့က ထောက်ခံပါတယ်။ ရိုးရိုးးသား သားပွင့်ပွင့်လင်းလင်း ပြန်ပြီးဆွေးနွေးပေးပါဆိုပြီး တောင်းဆိုတဲ့သဘောပါပဲ” လို့ ပြောပါတယ်။

ဒီလူထုလှုပ်ရှားမှုမှ ကျောင်းသားသပိတ်ကို ထောက်ခံတဲ့ ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒီချီတက်ပွဲအတွက် အရပ်ဘက်အဖွဲ့အစည်းတွေကို ပူးပေါင်းပါဝင်ဖို့ ဖိတ်ကြားထားပြီး ပါဝင်ဆင်နွှဲမယ်လို့ မျှော်လင့်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်း သူ မသစ္စာက ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင်ဆွေးနွေးဖို့ သပိတ်မှောက်နေတဲ့ ကျောင်းသားတွေကို အစိုးရက လွန်ခဲ့တဲ့ရက်ပိုင်းက တောင်းဆိုချက်ကိုလိုက်လျောပြီး ပဏာမ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် စတင်ဆွေးနွေးမယ့် နေပြည်တော် ပညာရေးဝန်ကြီးဌာနမှာ ဆွေးနွေးပွဲကိုတော့ မအောင်မမြင်ဖြစ်ပြီး  ဖေဖော်ဝါရီ ၁၂ ရက်နေ့နောက်ပိုင်းကျမှ ဆွေးနွေးဖို့ အစိုးရက ဆုံးဖြတ်ကြေညာခဲ့ပါတယ်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့တောင်းဆိုတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းကလည်း သစ်ရာကောက် ကျေးရွာမှာ ညအိပ်ရပ်နားပြီးနောက် ဒီမနက် တောင်တွင်းကြီးမြို့ကို ဦးတည်ချီ တက်ကြပါတယ်။

သပိတ်စစ်ကြောင်းမှာ လိုက်ပါလာတဲ့ ဗကသ ကျောင်းသား ကိုမင်းမင်းဇော်က “ကျောင်း သားသက်သက်က ၃၀၀ ကျော်လောက်ရှိပါတယ်။ ၀န်းရံတဲ့ပြည်သူနဲ့ပါဆို  ၆၀၀ လောက်ရှိပါ တယ်။ ကျနော်တို့ မနက် ၉ နာရီလောက်က ထွက်လာတာပါ။ သစ်ရာကောက်ကနေ ဒီနေ့ တောင်တွင်းကြီးရောက်အောင် ချီတက်မယ်” လို့ ပြောပါတယ်။

တောင်တွင်းကြီး မြို့ခံတွေကတော့ သပိတ်စစ်ကြောင်းကို   ကြိုဆိုဧည့်ခံကျွေးမွေးဖို့နဲ့ ညအိပ် နေရာချဖို့ ပြင်ဆင်နေကြပါတယ်။

By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/80213

No comments:

Post a Comment