Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 8, 2015

ကားပျက်၍ ခြေကျင်လျှောက်ခဲ့သော ဗိုလ်ချုပ်


Posted by admin on February 8, 2015
နယ်လှည့်စည်းရုံးရေး ခရီးစဉ် တစ်ခုအတွင်း ဗိုလ်ချုပ်အောင်ဆန်းအား တွေ့ရစဉ်

ဗိုလ်ချုပ်အောင်ဆန်း၏  အပါးတော်မြဲဖြစ်ခဲ့သူ တက္ကသိုလ်နေ၀င်း ရေးသားခဲ့သော ဆောင်းပါးအား ပြန်လည်ဖော်ပြပါသည်။

တစ်ခါက အထက်အညာဒေသ မြို့ရှစ်မြို့မှ စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ ဖိတ်ကြားသဖြင့် သွားရောက်ဟောပြော ခဲ့ဖူးပါသည်။ ထိုအချိန်က စာဆိုလရာသီ ဖြစ်သော်လည်း အခမ်းအနားနေ့ အကြိုကာလလည်း ဖြစ်နေသောကြောင့် မြို့ခံစာပေသမားများက ကျွန်တော့်အား လူငယ်များ ဗဟုသုတအတွက် ‘လွတ်လပ်ရေးကြိုးပမ်းမှုနှင့် ဗိုလ်ချုပ်အောင်ဆန်း’ ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောပါရန် မေတ္တာရပ်ခံကြရာ ကျွန်တော်လည်း မငြင်းသာဘဲ သူတို့ တောင်းဆိုသည့်အတိုင်း ‘လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း’ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလအတွင်း လှုပ်ရှားစွမ်းဆောင်မှုများအကြောင်း ကျွန်တော်က ဟောပြောသွားရင်း ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံရေး အရှိန်အ၀ါ တစ်ခုကို ခုတုံးလုပ်၍ အခွင့်အရေး မယူတတ်ပုံကို သာဓကများဖြင့် ပြောခဲ့ပါသည်။ တစ်နေရာတွင် ကျွန်တော်က ‘ဗိုလ်ချုပ်အောင်ဆန်းဟာ အစိုးရအဖွဲ့(၀န်ကြီးအဖွဲ့) ခေါင်းဆောင်ဖြစ်ရုံမက ၀န်ကြီးချုပ်၊ နိုင်ငံရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး တာဝန်တွေကိုပါ ထမ်းဆောင်နေပေမယ့် သူ့ဆီမှာ မော်တော်ကား တစ်စီးတည်းပဲ ရှိနေခဲ့ပါတယ်။ အဲဒီကားတစ်စီး ပျက်တဲ့အခါဆိုရင် ခြေကျင်လျှောက်သွားခဲ့တယ်’ ဟု ပြောခဲ့ပါသည်။

ယင်းအကြောင်းနှင့်ပတ်သက်၍ လူငယ်စာပေသမား တချို့က ‘ဆရာက ဗိုလ်ချုပ်မှာရှိတဲ့ ကားတစ်စီးတည်းသော မော်တော်ကားပျက်လျှင် ခြေကျင်လျှောက်သွားတယ်ဆိုရာ အဓိပ္ပာယ်လေးနက်အောင် ဥပမာအဖြစ် ပြောခဲ့တာ မဟုတ်လား၊ တကယ်တော့ ဗိုလ်ချုပ်ဟာ ကားပျက်လို့ ခြေကျင်လျှောက်သွားခဲ့တယ်ဆိုတာ အမှန်မဟုတ်ဘူး မဟုတ်ဘူး’ ဟု မေးပါသည်။

ဤတွင် ကျွန်တော်က ခေါင်းခါပြပြီး ‘ဥပမာအဖြစ် တင်စားပြောတာ မဟုတ်ဘူးဗျ၊ အမှန်တကယ် ဖြစ်ရပ်ကို ပြောတာပါ’ ဟု အစချီကာ ဟောပြောပွဲစင်မြင့်ပေါ်တက်တုန်း မပြောခဲ့သော တကယ့်ဖြစ်ရပ်များကို လူငယ်စာပေ ၀ါသနာရှင်များအား ပြောပြခဲ့ရာ သူတို့အားလုံး မယုံကြည်နိုင်လောက်အောင် အံ့သြနေကြပါတော့သည်။

အထက်ပါဖြစ်ရပ်မှာ နှစ်ပရိစ္ဆေဒ ကြာမြင့်ပြီဖြစ်၍ ယနေ့မျိုးဆက်သစ် လူငယ်များ ဗဟုသုတရစေရန် ဤဆောင်းပါးဖြင့် ပြန်လည်ရေးသား တင်ပြလိုက်ရပါသည်။

အတိတ်ကို ဇာတ်ကြောင်းပြန်ရသော် ၁၉၄၆ ခုနှစ် စက်တင်ဘာ ၂၅ ရက် ကြာသပတေးနေ့မှ ပြန်လည်စတင်ရမည် ဖြစ်ပါသည်။

ထိုနေ့သည် မြန်မာ့လွတ်လပ်ရေးသမိုင်းမှ အရေးပါသော မှတ်တိုင်တစ်ခုလည်း ဖြစ်ပါသည်။ အကြောင်းမူကား လန်ဒန်မြို့ရှိ ဗြိတိသျှအစိုးရ၏ ညွှန်ကြားချက်အရ ရန်ကုန်မှ အင်္ဂလိပ်ဘုရင်ခံက ဗိုလ်ချုပ်အောင်ဆန်းအား  အုပ်ချုပ်ရေးအာဏာ လွှဲပြောင်းပေးအပ်ခဲ့သောနေ့ ဖြစ်သောကြောင့်ပင်တည်း။

တစ်နည်းအားဖြင့် ၂၆-၉-၄၆ နေ့သည် ဗိုလ်ချုပ်အောင်ဆန်း အုပ်ချုပ်ရေးအာဏာ ရရှိကာ ၀န်ကြီးများအဖွဲ့(ကက်ဘိနက်)ခေါင်းဆောင် ဖြစ်လာသည့်နေ့ပင် ဖြစ်ပါသည်။

ထိုနေ့နံနက် ရန်ကုန်မြို့ အလုံလမ်းရှိ အင်္ဂလိပ်ဘုရင်ခံအိမ်တော်(ယနေ့ပြည်သူ့လွှတ်တော်တည်ရာ)သို့သွား၍ ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရအဖွဲ့ ခေါင်းဆောင်တာဝန်ကို လက်မှတ်ရေးထိုး ရယူပြီးနောက် ဗဟန်း၊ တာဝါလိန်းလမ်းရှိ သူ၏နေအိမ်(ယခု ဗိုလ်ချုပ်ပြတိုက်)သို့ ပြန်ရောက်ရောက်ချင်း ကျွန်တော့်အားခေါ်၍ အရေးကြီးစကား ပြောခဲ့ပါသည်။

‘ဟေ့ကောင် . . . ဒီနေ့ကစပြီး ငါဟာ အစိုးရအဖွဲ့(ကက်ဘိနက်)အဖြစ် ခေါင်းဆောင်ဖြစ်လာပြီး မင်းကလည်း ငါရဲ့ပီအေ(အပါးတော်မြဲ)အဖြစ် တစ်ရက်နှစ်ရက်အတွင်း တရားဝင်ပြန်တမ်း ထွက်လာလိမ့်မယ်။ ဒီတော့ ငါတို့မှာ အဆောင်အယောင် အခွင့်အရေးတွေ ရလာလိမ့်မယ်။ အာဏာရလာတယ် ဆိုရင်ပဲ ငါတို့ကို ချဉ်းကပ် အကူအညီတောင်းတာတွေ လာလိမ့်မယ်။ ငါ့ရဲ့ ဆွေမျိုးတွေ၊ ငါ့မိန်းမဘက်က အမျိုးတွေ၊ ပြီးတော့ မင်းနဲ့ပတ်သက်တဲ့ အပေါင်းအသင်းတွေအားလုံး ဘယ်သူ့ကိုမှ မတရား အခွင့်အရေး မပေးရဘူး။ သူတို့ အကူအညီတောင်းတာကို လုပ်မပေးရဘူး။ မင်းတို့ ငါတို့ကလည်း ဘယ်သူ့ဆီကမှ အကူအညီမှ မယူရဘူး။ အခွင့်အရေး မယူရဘူး’

ဤသို့လျှင် ဗိုလ်ချုပ်သည် ကျွန်တော့်အား တိကျပြတ်သားစွာ ပြောခဲ့ရာ တစ်နည်းအားဖြင့် သူ၏သဘောထားဆန္ဒနှင့် လမ်းညွှန်ပေးလိုက်ခြင်းပင် ဖြစ်သည်ဟု ဆိုရပါမည်။

‘ဘယ်သူ့ဆီကမှ အကူအညီ မယူရဘူး။ အခွင့်အရေး မယူရဘူး’ ဟူသော ဗိုလ်ချုပ်စကား၏ အဆုံးသတ်ပုံကို ကျွန်တော်သည် ယနေ့ထိ မမေ့နိုင်ပါ။ မမေ့နိုင်အောင်လည်း ဗိုလ်ချုပ်အောင်ဆန်းသည် သူအမိန့်ပေးညွှန်ကြားသလို သူကိုယ်တိုင်လည်း လိုက်နာကျင့်သုံးခဲ့ကြောင်း ကိုယ်တွေ့ဖြစ်ရပ်တစ်ခု ကြုံတွေ့ခဲ့ရပါသည်။

ယင်းသို့ ကြုံတွေ့ခဲ့ရပုံက ဤသို့ပါတည်း။ ထိုအချိန်က ‘ဘုရင်ခံ၏ အမှုဆောင်ကောင်စီ’ ဟုခေါ်သော အစိုးရအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ၀န်ကြီးအဖြစ် စီးခဲ့သော မော်တော်ယာဉ်မှာ အင်္ဂလန်ပြည်လုပ် ‘ဂူစလီ’ အမျိုးအစား အနက်ရောင် ဆလွန်းကားအမှတ် အာအေ/၂၈၇၄ ဖြစ်ပါသည်။

ဗိုလ်ချုပ်အိမ်တွင် ထိုကားတစ်စီးမှလွဲ၍ အခြားမော်တော်ကား မရှိခဲ့ပါ။ ဗိုလ်ချုပ်မှာ အစိုးရအဖွဲ့ တာဝန်အပြင် နိုင်ငံရေး အဖွဲ့အစည်း(ဖဆပလအဖွဲ့ချုပ်)၏ ဥက္ကဋ္ဌအဖြစ်လည်း အလွန် အလုပ်များလေရာ သူလှုပ်ရှားသွားလာရာ၌ အထက်ဖော်ပြပါ မော်တော်ကားနှင့်ပင် သွားလာရသောကြောင့် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နှင့် သားသမီးများ အနေဖြင့် မော်တော်ကားစီးခွင့် သိပ်မရကြရှာပါချေ။ ရံဖန်ရံခါ ရုံးပိတ်ရက် တနင်္ဂနွေနေ့ ညနေဘက်တွင် ဗိုလ်ချုပ်က ဇနီးနှင့် ကလေးများပါခေါ်ပြီး ကန်တော်ကြီးတစ်ပတ် ကားလျှောက်စီးသည့် အခါလောက်တွင်သာ စီးခွင့်ရကြပါသည်။

‘ဗိုလ်ကြီး . . . ကားဘာဖြစ်တယ် မသိဘူး။ စက်နှိုးလို့ မရဘူး။ ကျွန်တော်လည်း တတ်သလောက် မှတ်သလောက် အမျိုးမျိုး ကြိုးစားပြင်ကြည့်တာပဲ။ ဘယ်လိုမှ နှိုးလို့မရ ဖြစ်နေတယ်’

‘ဟေ့ . . . ဟုတ်လား၊ မင်းသေသေချာချာ လုပ်ကြည့်ပြီးပြီလား’

ကျွန်တော်က ဤသို့ ပြန်မေးလိုက်ခြင်းမှာ ရဲဘော်ကျော်စိန်သည် ကားမောင်းတတ်ရုံမက စက်ပြင်ပညာပါ အသင့်အတင့် တတ်ထားသူဖြစ်၍ မေးလိုက်ခြင်း ဖြစ်ပါသည်။

‘ဟုတ်ကဲ့ . . . ကျွန်တော်အစွမ်းကုန် ကြိုးစားကြည့်ပြီးပါပြီ။ လုံးဝစက်နှိုးလို့ မရဘူး’

ရဲဘော်ကျော်စိန်က ပြန်ပြောချိန်တွင် ကျွန်တော်သည် လက်ပတ်နာရီကို ကြည့်လိုက်ရာ နံနက် ၉ နာရီခွဲကျော်နေပြီဖြစ်ကြောင်း တွေ့ရသဖြင့် မျက်လုံးပြူးသွားမိပါသည်။ ထိုနေ့နံနက် ၁၀ နာရီတွင် အတွင်းဝန်ရုံး၌ ဗိုလ်ချုပ်က ၀န်ကြီးအဖွဲ့ အရေးပေါ်အစည်းအဝေး ခေါ်ထားသဖြင့် ကျွန်တော်တို့ရုံးသို့ ၁၀ နာရီ အရောက်သွားရန် အရေးကြီးသောကြောင့် စိုးရိမ်ခြင်းဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော်လည်း ချက်ချင်းပင် ဗိုလ်ချုပ်အား အကျိုးအကြောင်း သတင်းပို့မှ ဖြစ်ချေတော့မည်ဟု ဆုံးဖြတ်လျက် ဗိုလ်ချုပ်ရှိရာ အိမ်အောက်ထပ် ဧည့်ခန်းသို့ ခပ်သုတ်သုတ် သွားလိုက်ပါသည်။

ဗိုလ်ချုပ်သည် ကျွန်တော့်ကိုမြင်လျှင် သူ့အားရုံးသွားရန် လာခေါ်ပြီဟု ယူဆဟန်ဖြင့် ‘ဘာလဲဟေ့ . . . ငါတို့ သွားကြတော့မလား’ ဟု မေးရင်း ထိုင်ရာမှ ထလိုက်ပါသည်။

ဒီတော့မှ ကျွန်တော်လည်း မော်တော်ကား အခြေအနေကို ပြောပြလိုက်ရပါသည်။

‘ဗိုလ်ချုပ်ရုံးသွားလို့ မဖြစ်သေးဘူး။ ဒီနေ့ မော်တော်ကား ပျက်နေတယ်။ ရဲဘော်ကျော်စိန် အမျိုးမျိုးကြိုးစားပြီး နှိုးကြည့်တာပဲ။ ဒါပေမဲ့ ဘယ်လိုမှ စက်နှိုးလို့မရဘူး။ ကျွန်တော်တို့ ကားတွေပြုပြင်ဖို့ တာဝန်ယူတဲ့ ကုန်းလမ်းပို့ဆောင်ရေးဌာန ၀ပ်ရှော့ကိုပို့ပြီး ပြင်မှဖြစ်မယ်’

‘ဟုတ်လား . . .ကားက လုံးဝမောင်းလို့ မရဘူးလားကွ’

    ငါတို့မှာ အဆောင်အယောင် အခွင့်အရေးတွေ ရလာလိမ့်မယ်။ အာဏာရလာတယ် ဆိုရင်ပဲ ငါတို့ကို ချဉ်းကပ် အကူအညီတောင်းတာတွေ လာလိမ့်မယ်။ ငါ့ရဲ့ ဆွေမျိုးတွေ၊ ငါ့မိန်းမဘက်က အမျိုးတွေ၊ ပြီးတော့ မင်းနဲ့ပတ်သက်တဲ့ အပေါင်းအသင်းတွေအားလုံး ဘယ်သူ့ကိုမှ မတရား အခွင့်အရေး မပေးရဘူး။ သူတို့ အကူအညီတောင်းတာကို လုပ်မပေးရဘူး။ မင်းတို့ ငါတို့ကလည်း ဘယ်သူ့ဆီကမှ အကူအညီမှ မယူရဘူး . . . . .

‘ဟုတ်ကဲ့ လုံးဝစက်နှိုးလို့ မရဘူး ဖြစ်နေတယ်။ ရုံးမှာလည်း ဗိုလ်ချုပ်ခေါ်ထားတဲ့ အစည်းအဝေးက ၁၀ နာရီစဖို့ ရှိတယ်။ အခု ၉ နာရီခွဲ ကျော်နေပြီ။ ဒါကြောင့် ကျွန်တော်တို့ ရုံးကို အချိန်မီသွားနိုင်အောင် တစ်ယောက်ယောက်ဆီက မော်တော်ကားတစ်စီး ဖုန်းဆက်တောင်းလိုက်မယ်’ ပြောပြောဆိုဆို ကျွန်တော်သည် အိမ်ပေါ်ထပ်တက်သည့် လှေကားရင်းရှိ တယ်လီဖုန်းဆီကို လျှောက်သွားစဉ် ဗိုလ်ချုပ်က လှမ်းခေါ်လိုက်ပါသည်။

‘ဟေ့ကောင် . . . မင်းက တယ်လီဖုန်းဆက်ပြီး မော်တော်ကားတောင်းမလို့ မဟုတ်လား’

ဗိုလ်ချုပ်၏လေသံက တင်းမာနေသဖြင့် ကျွန်တော်လည်း ဆက်မလျှောက်တော့ဘဲ ဗိုလ်ချုပ်ရှိရာသို့ ပြန်လှည့်လာခဲ့ပါသည်။

‘ဟုတ်ကဲ့ ဒါမှ ကျွန်တော်တို့ ရုံးကို မြန်မြန်သွားနိုင်မှာ မဟုတ်လား’

ကျွန်တော်က အမှန်အတိုင်းပြန်ပြောလိုက်ရာ ဗိုလ်ချုပ်သည် ပို၍ လေသံပြင်းစွာဖြင့် ကျွန်တော့်အား အပြစ်တင်ပါလေတော့သည်။

‘မင်းဟာ တော်တော်ညံ့သေးတာပဲ၊ တယ်လီဖုန်းဆက်ပြီး မော်တော်ကားတောင်းဖို့ တစ်ခုတည်းပဲ မင်းတွေးမိတာကိုး။ မင်းတို့ ငါတို့အနေနဲ့ အခုနေအခါ မော်တော်ကား လှမ်းတောင်းလိုက်ရင် တစ်စီးမဟုတ်ဘူး။ ၁၀ စီးလည်း ရနိုင်တယ်။ အဲဒါ ဆက်စပ်ပြီး စဉ်းစားကြည့်မှပေါ့။ စီးပွားရေး လုပ်ငန်းရှင်တွေဟာ ငါတို့ဆီက မတရားအခွင့်အရေးတွေ တောင်းလာမှာကိုတော့ မင်းမတွေးမိဘူး မဟုတ်လား။ မင်းကို ငါအစောကြီးကတည်းက ကြိုပြောခဲ့တယ် မဟုတ်လား။ မင်းတို့ ငါတို့ အနေနဲ့ ဘယ်သူ့ဆီကမှ ဘာအကူအညီမှ မယူဘူး။ အခု မင်းမော်တော်ကား လှမ်းတောင်းတာဟာလည်း အခွင့်အရေး ယူတာပဲ။ ဒါကြောင့် မင်းစောစောက စိတ်ကူးသလို တယ်လီဖုန်းဆက်ပြီး မော်တော်ကား မတောင်းရဘူး’

‘ဒါဖြင့် ကျွန်တော်တို့ ဘာလုပ်ရမလဲ ဗိုလ်ချုပ်’

‘ဘာမှ လုပ်မနေနဲ့ ငါတို့ ကားပျက်နေတယ် မဟုတ်လား။ ဒီတော့ မင်းနဲ့ငါ ရုံးကို လမ်းလျှောက်သွားကြမယ်။ ရုံးရောက်တော့မှ သယ်ယူပို့ဆောင်ရေးဌာနကို ဖုန်းဆက်ပြီး ငါတို့ကားကို စက်ပြင်သမားတွေ လာဆွဲယူသွားပြီး ပြင်ပေးဖို့ ပြောပေါ့။ ကဲ . . . ပြောနေတာ ကြာတယ်ကွာ သွားကြစို့။

ပြောပြောဆိုဆို ဗိုလ်ချုပ်သည် စိတ်မြန်သူပီပီ သူကိုင်နေကျ မိုးကာအင်္ကျီကို လက်မောင်းတွင် ခေါက်တင်လျက် အိမ်ရှေ့လှေကားမှ ဆင်းလျှောက်သွားပါတော့သည်။ ကျွန်တော်လည်း မည်သို့မျှ မတတ်နိုင်ဘဲ သူ၏နောက်မှ ခပ်သုတ်သုတ် ပြေးလိုက်သွားရပါသည်။

သူအစိုးရအဖွဲ့ အာဏာရယူသည့်နေ့က ပြောခဲ့သော ‘ဘယ်သူ့ဆီကမှ အကူအညီ မယူရဘူး။ အခွင့်အရေး မယူရဘူး’ ဟူသော စကားအတိုင်း ဗိုလ်ချုပ်သည် အယူသည်းစွာ ကိုယ်တိုင်လိုက်နာ ကျင့်သုံးနေပါသည် တကားဟုသာ စိတ်ထဲမှ ဆင်ခြင်သုံးသပ်မိပါသည်။

သို့နှင့်ပင် ကျွန်တော်နှင့် ဗိုလ်ချုပ်တို့ ဆရာတပည့်နှစ်ဦးသည် တာဝါလိန်းလမ်းမှထွက်၍ နတ်မောက်လမ်း၊ ဗဟန်းလမ်းအတိုင်း လျှောက်ပြီး ဗဟန်းအ၀ိုင်းကို ဖြတ်ကျော်ကာ တိရစ္ဆာန်ရုံဘေးရှိ ပလက်ဖောင်းသို့ပင် ရောက်လာကြပါသည်။

ဗိုလ်ချုပ်က ရှေ့က ခြေလှမ်းသွက်စွာနှင့် လျှောက်ပြီး ကျွန်တော်က နောက်မှလိုက်သွားရာ အော်စတင် အမျိုးအစား မော်တော်ကားငယ်တစ်စီး ကျွန်တော့်အနီးတွင် ထိုးဆိုက်လာသဖြင့် ကျွန်တော်လည်း အံ့အားသင့်စွာ လှမ်းကြည့်မိပါသည်။

ထိုကားကလေးကို မောင်းလာသူက မြန်မာ့ရုပ်ရှင် စတင်တီထွင်သူ ‘ရုပ်ရှင်ဖခင်ကြီး’ လန်ဒန်အတ်ဦးအုန်းမောင် ဖြစ်နေပါသည်။ ထိုအချိန်က သူသည် ဗဟန်းဝင်္ကပါလမ်းတွင် ခေတ္တနေထိုင်ပြီး ဆူးလေဘုရားလမ်းနဲ့ သူ၏ လန်ဒန်အတ်ဓာတ်ပုံတိုက်နှင့် ရုပ်ရှင်ကုမ္ပဏီရှိရာသို့ ကိုယ်တိုင်ကားမောင်းသွားခြင်း ဖြစ်ဟန်တူပါသည်။ ကျွန်တော်သည် ကျောင်းသားဘ၀က ရုပ်ရှင်ဝါသနာပါသဖြင့် ရုပ်ရှင်စတူဒီယိုများသို့ ရံဖန်ရံခါ သွားရောက်လေ့လာရင်း ဦးအုန်းမောင်နှင့် သိကျွမ်းနေပါသည်။

‘ဟေ့ မောင်ရင် . . . ခဏလာပါဦးကွဲ့’

ဦးအုန်းမောင်က ကားရပ်ပြီး လှမ်းခေါ်သဖြင့် ကျွန်တော်လည်း သူခေါ်ရာသို့ ချဉ်းကပ်သွားပါသည်။ ဗိုလ်ချုပ်က လုံးဝလှည့်မကြည့် ဆက်လျှောက်သွားနေပါသည်။

‘နေစမ်းပါဦး မောင်တို့ ဆရာတပည့် ဘယ်လိုဖြစ်လာတာလဲ။ လမ်းမပေါ် ခြေကျင်လျှောက်ရသလား . . . မော်တော်ကားရောကွဲ့’

ဦးအုန်းမောင်က မေးသဖြင့် ကျွန်တော်လည်း . . .

‘ဗိုလ်ချုပ်ရဲ့ကား ပျက်နေလို့ စက်နှိုးမရတာနဲ့ အိမ်မှာပဲ ထားပစ်ခဲ့ရပါတယ်’ ဟု ပြန်ပြောလိုက်ပါသည်။

‘ဖြစ်မှဖြစ်ရလေ မောင်ရင်ရယ် . . . ကားပျက်ရင်လည်း တစ်ယောက်ယောက်ဆီက ကားတစ်စီး ခဏတောင်းပြီး စီးသွားရောပေါ့။ မောင်ရင့်ဆရာ ဗိုလ်ချုပ်လို ပုဂ္ဂိုလ်က လမ်းဘေးပလက်ဖောင်းမှာ ခြေကျင်လျှောက်နေရတာ မသင့်ပါဘူး’

‘ကျွန်တော်လည်း ဦးလေးပြောသလိုပဲ မော်တော်ကားတစ်စီး ဖုန်းဆက်တောင်းမလို့ပဲ၊ ဒါပေမဲ့ ဗိုလ်ချုပ်က မတောင်းရဘူးတဲ့။ ဗိုလ်ချုပ်စီးဖို့ မော်တော်ကား ကူညီရတာကို အကြောင်းပြုပြီး နောက်ပိုင်းကျရင် မတရား အခွင့်အရေးတွေ တောင်းလာလိမ့်မယ်။ စီးပွားရေးသမားတွေဟာ အဲဒီလို လုပ်တတ်တယ်လို့ဆိုပြီး အတွင်းဝန်ရုံးရောက်အောင် ခြေကျင်လျှောက်ကြမယ်လို့ ပြောပါတယ်’

ကျွန်တော်ရှင်းပြသည်ကို လန်ဒန်အတ်ဦးအုန်းမောင်သည် နားလည်သဘောပေါက်ဟန်ဖြင့် ပြုံးပြီး ခေါင်းညိတ်လိုက်ပါသည်။

‘အေးပါ . . . ဗိုလ်ချုပ်ပြောတာ ဦးသဘောပေါက်ပါတယ်။ ကိုင်း . . . မောင်ရင်ဆရာ့ဆီ ခပ်မြန်မြန်ပြေးလိုက်ပြီး ပြောစမ်းပါ . . . လန်ဒန်အတ်ဦးအုန်းမောင်က မြို့ထဲက အလုပ်တိုက်သွားရင်း လမ်းကြုံလို့ ဗိုလ်ချုပ်ကို အတွင်းဝန်ရုံး ပို့ပေးပါရစေလို့၊ ကျုပ်က ရုပ်ရှင်သမားမို့ စီးပွားရေးလုပ်ငန်းရှင်တွေ ကုန်သည်တွေလို ဘာအခွင့်အရေးမှ မတောင်းပါဘူး။ ဗိုလ်ချုပ်လို နိုင်ငံ့ခေါင်းဆောင်တစ်ဦးက လမ်းမပေါ် ခြေကျင်လျှောက်နေတာလည်း ကြည့်မကောင်းပါဘူး။ ဒါကြောင့် ကျုပ်ကားကလေးနဲ့ ဗိုလ်ချုပ်ကို ရုံးအရောက်ပို့ပေးပါရစေလို့ သွားပြောစမ်းပါကွယ်’

ဦးအုန်းမောင်၏ စကားအဆုံးတွင် ကျွန်တော်လည်း ကပျာကယာ ဗိုလ်ချုပ်ဆီသို့ ပြေးလိုက်ပြီး သူ၏လက်မောင်းတစ်ဖက်ကို အသာဆွဲလိုက်ပါသည်။

‘ဟေ့ကောင် ဘာလုပ်တာလဲကွ’

ဗိုလ်ချုပ်က စိတ်တိုဟန်ဖြင့် ငေါက်သဖြင့် ကျွန်တော်က ဦးအုန်းမောင်၏ မော်တော်ကားရပ်ထားရာကို ညွှန်ပြရင်း ရှင်းပြလိုက်ရပါသည်။

‘ဗိုလ်ချုပ် ဟိုကားပေါ်က ပုဂ္ဂိုလ်ကြီးကို သိတယ်မဟုတ်လား။ ဆရာဒီးဒုတ်ဦးဘချိုရဲ့ မိတ်ဆွေကြီး လန်ဒန်အတ်ဦးအုန်းမောင်ပါ . . . သူက ဆူးလေဘုရားလမ်းက သူ့ရဲ့ အလုပ်တိုက်ကိုသွားရင်း လမ်းကြုံလို့ ဗိုလ်ချုပ်ကို အတွင်းဝန်ရုံးရောက်အောင် ပို့ပေးပါရစေလို့ ပြောပါတယ်။ ပြီးတော့ သူဟာ ရုပ်ရှင်သမားမို့ စီးပွားရေးသမား ကုန်သည်ကြီးတွေလို ဘာအခွင့်အရေးမှ မတောင်းပါဘူးလို့လည်း ပြောပါတယ်။ နောက်တစ်ခုက စစ်ကြိုခေတ်က ဗိုလ်ချုပ်တို့ရဲ့ တို့ဗမာအစည်းအရုံးကို လျှို့ဝှက်ကူညီထောက်ပံ့ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။ သူက ကားရပ်ပြီးခေါ်တာကို ငြင်းရင် အားနာစရာ ကောင်းပါတယ် ဗိုလ်ချုပ်’

ကျွန်တော်၏ စကားသံအဆုံးတွင်  ဗိုလ်ချုပ်သည် လန်ဒန်အတ်ဦးအုန်းမောင်ဘက်သို့ လှမ်းကြည့်လိုက်ပါသည်။

ဦးအုန်းမောင် ဆရာဦးဘချိုနှင့် ခင်မင်ရင်းနှီးနေသော မိတ်ဆွေဖြစ်သည့်အပြင် ဦးဘချိုကဲ့သို့ပင် ဆံပင်ရှည်သျှောင်ထုံးနှင့် တဘက်ခေါင်းပေါင်း ပေါင်းထားသဖြင့် မြန်မာလူကြီးတစ်ဦး ပီသစွာ ခန့်ညားကာ ဥပဓိရုပ် အလွန်ကောင်းသူလည်း ဖြစ်ပါသည်။

ဗိုလ်ချုပ်သည် ဦးအုန်းမောင်ကိုကြည့်ပြီး အားနာသွားဟန်ဖြင့် ကြိမ်းမောင်းဆူပူခြင်း မပြုဘဲ အော်စတင်ကားလေး ရပ်ထားရာသို့ လျှောက်သွားကာ ဦးအုန်းမောင်အား ပြုံး၍ နှုတ်ဆက်ပါသည်။

သို့နှင့်ပင် ကျွန်တော်တို့ ဆရာတပည့်နှစ်ဦးသည် လန်ဒန်အတ်ဦးအုန်းမောင်၏ ကားကြုံစီး၍ အတွင်းဝန်ရုံးသို့ လိုက်ပါသွားခဲ့ပါသည်။

ဗိုလ်ချုပ်သည် ဦးအုန်းမောင်အား မျိုးချစ်ပုဂ္ဂိုလ်ကြီးတစ်ဦးအဖြစ် လေးစား၍ တစ်ကြောင်း၊ ၀ိသမလောဘသား စီးပွားရေးသမား မဟုတ်သဖြင့် အခွင့်အရေး မတောင်းပါဟု ဆိုခြင်းကို ယုံကြည်၍ တစ်ကြောင်း ကားကြုံလိုက်စီးခဲ့ခြင်းပင် ဖြစ်ပါသတည်း။
ဝန်ကြီးချုပ်ဟောင်းဦးနုက ၁၉၄၇ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျင်းပသော တိုင်းပြုပြည်ပြု လွှတ်တော်ဒုတိယညီလာခံ၌ ပြောကြားချက်“ဂျပန်ခေတ် တစ်ခေတ်လုံးမှာ ဘာပဲပြောပြော အစိုးရ ဘယ်လိုပဲရှိရှိ တိုင်းပြည် တကယ်ကြည်ညိုနေတာကတော့ ဗမာအစိုးရအဖွဲ့ မဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်နေတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရဘူး။ ဗမာအစိုးရက ဘယ်လိုအမိန့်တွေ ထုတ်ထုတ်၊ ဗိုလ်ချုပ်အောင်ဆန်း တစ်ခွန်းပြောတာနဲ့ မတူဘူး။ အဲဒီလို တိုင်းပြည်မှာ ဖြစ်နေတယ်။ ဒီလောက် အရှိန်အ၀ါ ကြီးတယ်။ ဒီလောက်အထိ တန်ခိုးသြဇာတွေက ကြီးတယ်။ အဲဒီလို ဖြစ်နေတယ်တဲ့ အချိန်အခါမှာ ဗိုလ်ချုပ်နေရာမှာ ဗိုလ်ချုပ်မဟုတ်ဘဲနဲ့ တခြားက ကိုယ့်စိတ်ကိုယ် မထိန်းနိုင်တဲ့ လူစားမျိုး၊ လောဘကြီးတဲ့ လူစားမျိုး၊ အဲဒီလို လူစားမျိုး တစ်ယောက်ယောက် ရှိနေမယ်ဆိုရင် ဂျပန်ခေတ်တုန်းက တစ်သက်မဟုတ်ဘူး၊ ဆယ်သက်မကုန်နိုင်အောင် ပစ္စည်းတွေ စုနိုင်တယ်။ အဲဒီလောက်အထိ ဖြစ်နိုင်တယ်။ ဂျပန်ခေတ်တုန်းက ဒီလိုရတဲ့ အရှိန်အ၀ါ သြဇာတွေကို အလွဲသုံးစားလုပ်ပြီးတော့ ပိုက်ဆံတွေ သုံးမကုန်နိုင်အောင် စုသွားကြတဲ့ လူတွေအကြောင်းကိုလည်း ဒီမှာကြွလာတဲ့ အမတ်မင်းတွေ အသိပါပဲ။ ဗိုလ်ချုပ်မှာဆိုရင် ရှပ်အင်္ကျီနှစ်ထည် ဘောင်းဘီနှစ်ထည်ပဲ ရှိတယ်။ အဲဒီနှစ်ထည်ထဲမှာ တစ်ထည်ကလည်း ခပ်စုတ်စုတ်လောက်သာ အဖတ်တင်ပြီး ကျန်ရစ်ခဲ့တဲ့ ဗိုလ်ချုပ်ဟာ သူ့လို အင်မတန်ကြီးကျယ်တဲ့ အရှိန်အ၀ါကြီးကျယ်တဲ့ တန်ခိုးသြဇာကြီးမားတဲ့ အချိန်အခါမှာ ဘယ်လောက်အထိ သူ့လောဘကို၊ ဘယ်လောက်အထိ ကိုယ့်စိတ်ကိုယ်ကိုယ် နိုင်နိုင်နင်းနင်းနဲ့ ချုပ်တီးသွားနိုင်တယ် ဆိုတာကို ထင်ထင်ရှားရှား ခင်ဗျားတို့ သိပါလိမ့်မယ်”

Eleven media

No comments:

Post a Comment