ရိုသေစွာ လျှောက်ထားအပ်ပါသည်အရှင်ဘုရား၊
(၁) ဗုဒ္ဓမြတ်စွာဘုရားမှာ ဆရာငါးယောက်ရှိသည်ဟု ကြားဖူးပါသည်။ ထိုဆရာငါးယောက်အကြောင်း သိလိုပါသည်အရှင်ဘုရား။
(၂) မာရ် နတ်အကြောင်းကိုလည်း သိလိုပါသည် အရှင်ဘုရား။
(၃) သားပြွမ်းဆွမ်း ဟူသည် အဘယ်ကိုခေါ်ပါသနည်း။
ဘာသာခြားမိတ်ဆွေတစ်ယောက်မေး သောမေးခွန်းဖြစ်၍ ဖြေကြားပေးစေချင်ပါသည်အရှင်ဘုရား။
ကျော်မှန်
သိဒ္ဓတ္ထရဲ့ ဆရာတွေ
*********************
သိဒ္ဓတ္ထမွေးတဲ့နေ့မှာ လက္ခဏာဖတ်ကြတဲ့ ပုဏ္ဏားရှစ်ယောက် က လိုအပ်တာကိုညွှန်ကြားပြီး မင်းသားကို စောင့်ရှောက်ပေးကြတယ်။
သူတို့က ပထမဆရာ။
မင်းသားငယ်ကို ပညာသင်ပေးတဲ့ သဗ္ဗမိတ္တအမည် ရှိတဲ့ပုဏ္ဏားက ဒုတိယဆရာ။
ဘုရားလောင်းသံဝေဂရအောင် နိမိတ်ကြီး လေးပါးကိုပြပေးကြတဲ့ နတ်ဒေဝါတွေက တတိယဆရာ။
တတိယာရုပ္ပဈာန်ကိုသင်ပေးတဲ့ ကာလာမအနွယ် ဝင် အာဠာရရသေ့က စတုတ္ထဆရာ။
စတုတ္ထာရုပ္ပဈာန်ကိုသင်ပေးတဲ့ ရာမရဲ့သား ဥဒကရသေ့ကတော့ ပဉ္စမ ဆရာ ဖြစ်ပါတယ်။(မိလိန္ဒ၊ ၂၂၈)။
အဲဒီဆရာငါးမျိုးကို ဗုဒ္ဓမဖြစ်မီ သိဒ္ဓတ္ထရဲ့လောကီဆရာတွေလို့မှတ်ပါ။
သမ္မာသမ္ဗုဒ္ဓဂုဏ်တော်
*********************
ဗောဓိဥာဏ်ကိုရပြီးနောက် ပဉ္စဝဂ္ဂီရဟန်းတွေကို တရားဦးဟောဖို့ ရည်ရွယ်ချက်နဲ့
ဗုဒ္ဓဂယာက ဗာရာဏသီကို အကြွလမ်းခရီးတစ်နေရာမှာ ဗုဒ္ဓရှင်တော်မြတ်ဟာ
ဥပကအမည်ရတဲ့ ဂျိန်းဝါဒီပရိဗိုဇ်နဲ့ တွေ့တယ်။
ပရိဗိုဇ်က ဗုဒ္ဓကိုကြည့်ပြီး အို ကြည်ညိုစရာ ကောင်းလိုက်တာ၊ အသားအရေက ဝင်းနေတာ ပဲဆိုပြီး ”အရှင်ဘုရားရဲ့ဆရာက ဘယ်သူပါလဲ”လို့ မေးတယ်။
အဲဒီတော့ ဗုဒ္ဓက ‘န မေ အာစရိယော နတ္ထိ= ငါ့မှာဆရာမရှိဘူး”လို့ဖြေပါတယ်။
ဒါက အရဟတ္တမဂ်ဥာဏ် သဗ္ဗညုတဥဏ်ကို ရအောင်သင်ပေးတဲ့ ဗုဒ္ဓ ထက် လွန်ကဲ
ထူးမြတ်တဲ့ဆရာမရှိတာကို ရည်ရွယ်ပြီး မိန့်တော်မူတာဖြစ်ပါတယ်။ အဲဒီလို
ဆရာမရှိဘဲ ကိုယ့် ဟာကို ထိုးထွင်းသိမြင်လို့လည်း
ဗုဒ္ဓရဲ့ဂုဏ်တော်ကိုးပါးထဲမှာ ‘သမ္မာသမ္ဗုဒ္ဓ’ဆိုတဲ့ဂုဏ်ရှင် ဖြစ်တာပေါ့။
အာဠာရနဲ့ ဥဒက
******************
ဗုဒ္ဓလောင်းလျာအဖြစ်နဲ့ သစ္စာဓမ္မကိုရှာဖွေစဉ်မှာ ကာလာမအနွယ် အာဠာရနဲ့
ရာမရဲ့သား ဥဒကတို့ထံမှာ ဈာန်တရားတွေကို သင်ယူဖူးတယ်။ ဗုဒ္ဓဖြစ်ပြီးနောက်
ဗုဒ္ဓက သူတို့နှစ်ယောက်ကို ညွှန်းဆို ရာမှာ ”ရဟန်းတို့၊ ကာလာမအနွယ် အာဠာရသည်
ငါ၏(ဗုဒ္ဓ၏) ဆရာဖြစ်လျက် မိမိ၏(အာဠာရ၏) တပည့်ဖြစ်သောငါကို
မိမိနှင့်အညီအမျှထား၏”လို့ မိန့်တော်မူပါတယ် (မ ၁၊ ၂၇၁)။
ဒီတော့ ငါ့မှာဆရာ မရှိဘူးဆိုတာနဲ့ ဆန့်ကျင်နေသလားလို့ စဉ်းစားစရာပေါ့။
မဆန့်ကျင်ပါဘူး။ အခုစကားရပ်က ဗုဒ္ဓဖြစ်ဖို့ ကြိုးစားတုန်း
ဗုဒ္ဓလောင်းလျာအနေနဲ့ ဆရာဖြစ်ဖူးတာကို ရည်ရွယ်တာပါ။ ဒါပေမဲ့
သူတို့နှစ်ယောက်ဆီက ရတဲ့ တရားနဲ့ ဗုဒ္ဓဖြစ်လာတာမှမဟုတ်ဘဲ။ ဗုဒ္ဓဖြစ်ကြောင်း
မဇ္ဈိမပဋိပဒါကျင့်စဉ်ဆိုတာက ဗုဒ္ဓကိုယ်တိုင် သိတဲ့ တရားပါ။
မာရ်နတ်ဆိုတာ
****************
”မာရ်နတ်ဆိုတာ ဝသဝတ္တီနတ်ပြည်က နတ်သူပုန်တစ်ယောက်ပါပဲ။ သူက သူ့ရဲ့နတ်ဘုံကို
ကျူး ကျော်လိုသူတွေကို အမှန်တကယ် ကျူးကျော်နိုင်စွမ်း ရှိမယ်ဆိုရင်
သတ်ပစ်တယ်။ (ကျူးကျော်လိုပေမယ့်) မစွမ်းနိုင်သူကိုလည်း သေစေချင်တယ်။
အဲဒီလို နတ်မျိုးပါ”(သုတ္တနိ-ဋ္ဌ ၁၊ ၄ဝ)။ ”မာနတ်ဆိုတာ ကာမာ ဝစရနတ်ပြည်ကို
အစိုးရတယ်။ တစ်ခါတစ်ရံ ဗြဟ္မပါရိသဇ္ဇာဘုံကိုတောင်
အုပ်စိုးနိုင်စွမ်းရှိတယ်။(ဇိနာ လင်္ကာရဋီကာ၊ ၂၁၇)”။
ဗောဓိပင်အောက်မှာ
*********************
ဇာတကအဋ္ဌကထာ(ဇာ-ဋ္ဌ ၁၊ ၈၃)နဲ့ ဗုဒ္ဓဝံသအဋ္ဌကထာ (စာ၊ ၁ဝ)မှာ မာရ်နတ်ဟာ နဂါး ဂဠုန်
တွေပါတဲ့ စစ်တပ်ကြီးနဲ့အတူ ကိုယ်တိုင်လည်း လက်မောင်း တစ်ထောင်ဖန်ဆင်း၊
ဂိရိမေခလာအမည်ရှိတဲ့ နတ်ဆင်ပြောင်ကိုစီးပြီး ဗုဒ္ဓဂယာ မဟာဗောဓိပင်အောက်မှာ
ဗုဒ္ဓအဖြစ်ကိုရောက်တော့မယ့် သူတော်စင် ဗုဒ္ဓလောင်းလျာကို
လာရောက်နှောင့်ယှက်တိုက်ခိုက်ပေမယ့် မာရ်နတ်ထွက်ပြေးရပုံကို သရုပ်ဖော်တယ်။
ကျမ်းဂန်တွေမှာ ကမန်းကတန်းပြေးရတဲ့ မာရ်နတ်ကြီးရဲ့ချိုင်းကြားကကျကျန်ခဲ့တဲ့
ဗေလုဝစောင်းကို သိကြား မင်းကကောက်ယူပြီး ပဉ္စသီခနတ်သားကိုပေးပုံ(သုတ္တနိ-ဋ္ဌ
၂၊ ၁၂၁)ထိ အသေးစိတ်ဆိုပါတယ်။
အယူအဆတစ်မျိုး
*******************
တချို့သုတေသီတွေက မာရ်နတ်က အဲဒီလိုလာရောက်ပြီး တိုက်ခိုက်တယ်ဆိုတဲ့အယူအဆ
ဟာ ရှေးဦးပါဠိတော်တွေရဲ့ အာဘော်နဲ့မညီဘူးဆိုပြီး
အဓိပ္ပာယ်တစ်မျိုးယူလိုကြတယ်။
အင်္ဂလိပ်လူမျိုး ပါဠိပညာရှင်
ရေးစ်ဒေးဗစ်က ”နှစ်ပေါင်းများစွာ ဒုက္ကရစရိယကိုကျင့်ပြီးနောက် ဗောဓိဥာဏ်ကို
ရခါနီးမှာ တစ်ချိန်က ထီးနန်းရဲ့သာယာပုံ၊ ကြွယ်ဝမှုနဲ့ အာဏာတို့ရဲ့
နှစ်သက်ဖွယ်ကောင်းပုံတွေ အတွေးထဲကိုဝင် လာရာကနေ မိမိရှာဖွေနေတာဟာ
တကယ်ရှိရဲ့လားလို့ သံသယဖြစ်မိပေမယ့် အဲဒီညနေဝင်ချိန်မှာ အဲဒီ သံသယတွေကို
အကြွင်းမဲ့အောင်နိုင်ပြီး ဗောဓိဥာဏ်ကိုရသွားတယ်” (ဗြိတိသျှစွယ်စုံကျမ်း၊
‘ဗုဒ္ဓ’ဆောင်း ပါး)လို့ဆိုတယ်။
ဒီအယူအဆကိုပဲ အခြေခံဖွယ်ရှိတဲ့
အိန္ဒိယကရေးတဲ့ ဗုဒ္ဓဝင်စာအုပ်ငယ်တစ်ခုမှာ ”သိဒ္ဓတ္ထ ဟာ တစ်ခါမှာ
တကယ်မရှိတာအတွက် မိသားစုနဲ့ထီးနန်းကို စွန့်ခဲ့မိလေသလားလို့
သံသယဝင်မိပေမယ့် မိမိပတ်ဝန်းကျင်မှာရှိတဲ့ လန်းဆန်းနေတဲ့သစ်ပင်ပန်းမန်တွေ၊
ပျော်ရွှင်နေကြတဲ့ ကျေးငှက်သာရကာတွေ
ဟာ သူတို့ကို
အဲဒီလိုပျော်ရွှင်လန်းဆန်းစေတဲ့ ကမ္ဘာမြေရဲ့မြင့်မြတ်တဲ့
သဘာဝလျှိ့ဝှက်ချက်ကို သိနေကြတာပဲလို့ နားလည်သွားတဲ့အတွက် သံသယတွေပျောက်ပြီး
ဒီလျှို့ဝှက်ချက်ကို တွေ့အောင်ရှာဖို့ အဓိဋ္ဌာန်ပြုဆုံးဖြတ်ခဲ့တယ် (Gautama-
The Story of Lord Buddha, p.50)”လို့ဆိုပါတယ်။
မာရ်ငါးမျိုး
**********
မာရဆိုတဲ့ ပါဠိပုဒ်ကို ရှေးဟောင်းပါဠိတော် တော်တော်များမှာ ‘ခန္ဓာငါးပါး၊
ကိလေသာ၊ ကု သိုလ် အကုသိုလ်စေတနာဆိုတဲ့ အဘိသင်္ခါရ၊ သေခြင်းတရား၊
ဒါတွေအားလုံးကို ချုပ်ပြောရင် မွေးသေ စက်ဝန်းမှ မလွတ်နိုင်သေးတဲ့ လောကီ
ခန္ဓာသံသရာကို ရည်ညွှန်းတဲ့ဝေါဟာရဖြစ်ပြီး မာရ်နတ်သားအနေ နဲ့ ဖွင့်ဆိုတာက
နောက်ကျတယ်လို့ ဆိုပါတယ်။ ပါဠိပညာရှင်တွေအလိုအရ မာရ်နတ်အကြောင်းကို
ဖော်ပြတဲ့ ပဓာနသုတ်(သုတ္တနိ၊ ၃၄၁)ရဲ့ ဒုတိယပိုင်းကိုတောင် နောက်မှ
ထပ်ဖြည့်တာဖြစ်နိုင်တယ်လို့ ဆိုတယ်။
သူတို့အလိုအရဆိုရင်
မာရတဇ္ဇနိယသုတ် (မ ၁၊ ၄ဝ၇)စတဲ့ မာရ်နတ်သားနဲ့ ပတ်သက်တဲ့သုတ္တန် တွေကိုလည်း
နောက်တိုးတွေလို့ဆိုရမလိုပါပဲ။ ဒါကတော့ ဆွေးနွေးရဦးမယ့်
အကြောင်းအရာဖြစ်ပါတယ်။
စေတန်နဲ့ မတူဘူး
******************
သို့ပေမယ့် ခရစ်ယာန်တို့ရဲ့ Satan ကိုလည်း မာရ်နတ်လို့ဘာသာပြန်လို့
အခုမာရ်နတ်ကို Satan နဲ့ တူတယ်လို့တော့ ဗုဒ္ဓဘာသာမဟုတ်သူတွေကို
မှားမပြောမိပါစေနဲ့။
Satan က ဘယ်တော့မှမသေ ဘူး၊ အတောင်ရှိတယ်။
ဘုရားသခင် ဖန်ဆင်းထားတာ။ အခုမာရ်နတ်က အတောင်မရှိဘူး၊ သူ့ရဲ့ ရှေး ဘဝ
ကုသိုလ်ကံကြောင့် ယခုလိုဖြစ်နေတာ။ သေဦးမှာ။ လူ၊ နတ်၊
တိရစ္ဆာန်ဖြစ်ခွင့်ရှိတယ်။
သားပြွမ်းဆွမ်း
**************
မံသောဒနဆိုတဲ့ ပါဠိပုဒ်ကို ရှေးမြန်မာဆရာတော်ကြီးများက ”အသားရောပြွမ်း
ဒံပေါက် ဆွမ်း” လို့ ဘာသာပြန်ပါတယ်။ သားပြွမ်းဆွမ်းဆိုတာ မံသောဒနကို
ဆိုလိုတာဖြစ်နိုင်တယ်။
#TheFlowerNews
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, February 10, 2015
ဗုဒ္ဓမှာ ဆရာရှိသလား နှင့် မာရ်နတ်ဆိုတာဘာလဲ
ဗုဒ္ဓမှာ ဆရာရှိသလား နှင့် မာရ်နတ်ဆိုတာဘာလဲ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 10, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment